Monday, June 8, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၈ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၈ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
စစ်ကိုင်းမင်းက အိန္ဒိယကို နိုင်ငံရေးမစ်ရှင် ၂ ဖွဲ့ လွှတ်ခဲ့ပါတယ်။ ပထမမစ်ရှင်က ၁၈၂၄ - ၁၈၂၈ အတွင်းမှာပါ။ သံအဖွဲ့မှာ လက်နက်ကိုင်ရဲမက် ၁၀၀ ပါပြီး အရာရှိ ၂ ယောက်က ဦးဆောင်တယ်။ ဒါပေမဲ့ အရာရှိ ၂ ယောက်ဟာ ဆုံးဖြတ်ခွင့် အာဏာရှိတဲ့ အရေးပိုင်တွေ မဟုတ်ဘူး။ တစ်ဦးက ကိုယ်ရေးအတွင်းရေးမှူး အတွင်းဝန်ဖြစ်ပြီး နောက်တစ်ဦးက ဆိပ်ကမ်းအရာရှိ ရေဝန်ပဲဖြစ်ပါတယ်။ 
သူတို့က ဘုရင်ခံချုပ်နဲ့တွေ့ဖို့ ကာလကတ္တားကိုသွားတာပါ။ မြန်မာက စစ်လျော်ကြေးကို သတ်မှတ်ချိန်အတိုင်း အရစ်ကျပေးဖို့ ပျက်ကွက်နေတယ်။ ဒါ့ကြောင့် အင်္ဂလိပ်က ရန်ကုန်ကို မကြာခင် သိမ်းတော့မယ်ဆိုတဲ့ ကောလဟလပေါ်လာတယ်။ မြန်မာအရာရှိတွေက ဗြိတိသျှအရာရှိတွေကို ကာလကတ္တားအထိ သွားတောင်းပန်ဖို့ပါ။ ဒုတိယအချက်က တချိန်က မြန်မာပိုင်နယ်မြေဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်လိုချင်တာပါ။ အခု ကဘော်ချိုင့်ဝှမ်းက ဂမ်ဗီယာဆင်း လက်အောက်ရောက်နေတယ်။ တတိယအချက်ကတော့ အင်္ဂလိပ်တွေက ရခိုင်ရဲ့အစိတ်အပိုင်းအဖြစ် မှားယွင်းသိမ်းပိုက်ထားတဲ့ ပုသိမ်ခရိုင် အနောက်ပိုင်းက ကျေးရွာတွေ ကိစ္စပါ။ မြန်မာက အဲဒီကျေးရွာတွေကို ပြန်လိုချင်တယ်။ ဘုရင်ခံချုပ်က သံအဖွဲ့ကို တနင်္သာရီတိုင်း ကော်မရှင်နာမင်းကြီး ကင်းဘဲလ်နဲ့ သွားတွေ့ဖို့ လမ်းညွှန်တယ်။ ကင်းဘဲလ်ကိုတော့ နယ်စပ်ဒေသ အငြင်းပွားမှုတွေကို စုံစမ်းရေးကော်မရှင်က စဉ်းစားပေးမယ်ဆိုတာကလွဲလို့ ဘာကတိမှ မပေးဖို့ ညွှန်ကြားတယ်။ ဒါကိုလည်း မြန်မာတွေက တနှစ်ခွဲအတွင်း စစ်လျော်ကြေးငွေ အားလုံးပေးပြီးမှ မျှော်လင့်လို့ရမှာပါ။ ဒီလိုနဲ့ သံတမန်တွေဟာ ကင်းဘဲလ်ကိုတွေ့ဖို့ မော်လမြိုင်ကို ပြန်လာခဲ့တယ်။ ညွှန်ကြားချက်က မော်လမြိုင်ကို အချိန်မှီ ရောက်မလာပြန်ဘူး။ ကင်းဘဲလ်က သံတမန်တွေကို ကဘော်ချိုင့်ဝှမ်း ပြန်မပေးနိုင်ဘူးလို့ ဆိုတယ်။ မြန်မာတွေဖမ်းထားတဲ့ အင်္ဂလိပ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို အမြန်ပြန်လွှတ်ဖို့လည်း တောင်းဆိုတယ်။ စစ်လျော်ကြေးကို ၆ လ အတွင်း ပေးဖို့တောင်းတယ်။ ဒီလိုနဲ့ သံတမန်တွေဟာ ဘာတခုမှ မရဘဲ အင်းဝကို ပြန်လာရတယ်။ 
#ဒုတိယမစ်ရှင် (၁၈၃၀ - ၁၈၃၃)
ဒုတိယကော်မရှင်က (၁၈၃၀ - ၁၈၃၃) အတွင်း သွားခဲ့တယ်။ ဗိုလ်မှုးဟင်နရီဘာနေးက အင်းဝကို ၁၈၃၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်မှာ ရောက်တယ်။ သူက အကြံပေးလို့ မြန်မာ သံတမန်တွေ ကာလကတ္တားကို သွားတာပါ။ ပထမအခေါက်က သံတမန်တွေဟာ အင်္ဂလိပ်တွေရဲ့ မရောင်ရာဆီလူး သတိပေးစကားတွေနဲ့ ပြန်လာခဲ့ရတယ်လို့ ဘာနေးက ယူဆတယ်။ မောင်ရွှေနဲ့ မောင်ဖြိုးတို့က ဒုတိယမစ်ရှင်ကို ခေါင်းဆောင်ပြီး အိန္ဒိယကို သွားတယ်။ ပထမဆုံး သူတို့က တနင်္သာရီရဲ့ အစိတ်အပိုင်းအဖြစ် အိန္ဒိယက မှားပြီး သိမ်းထားတဲ့ သံလွင်မြစ်ကမ်းကျေးရွာတွေနဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးဖို့ ပြောမှာပါ။ ဒုတိယကတော့ မြန်မာနန်းတော်မှာရှိတဲ့ ဗြိတိသျှသံကိုယ်စားလှယ်ကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုမှာပါ။ အဲဒီ သံတမန်တွေဟာ အမ်းတောင်ကြားလမ်းကို ဖြတ်ပြီး စစ်တွေကို ကုန်းလမ်းခရီးသွားခဲ့တယ်။ စစ်တွေကနေ ရွက်လွှင့်ပြီး ၁၈၃၀ ပြည့်နှစ် ဒီဇင်ဘာမှာ ကာလကတ္တားကို ရောက်ပါတယ်။ ဘုရင်ခံချုပ်က ကာလကတ္တားမှာ ရှိမနေဘူး။ ဒါကြောင့် သူရှိတဲ့ ဒေလီကို လိုက်တွေ့ရတယ်။ဒါပေမဲ့ ဘာနေးရဲ့ အကြံပေးချက်ကြောင့် ဘုရင်ခံချုပ်က သူတို့ကို တရားဝင်တွေ့ဆုံဖို့ တမင်ဆိုင်းငံ့ထားပြန်တယ်။ သံအဖွဲ့ဟာ ၁၀ လ ကြာအောင် စောင့်ရတယ်။ နောက်ဆုံးတော့ ၁၈၃၁ ခုနှစ် နိုဝင်ဘာလမှာ ခဏပဲ တွေ့ခွင့်ရပါတယ်။ ဒါပေမဲ့ ဘုရင်ခံချုပ်က သူတို့နဲ့ လက်တွဲဆောင်ရွက်ဖို့ ငြင်းတယ်။ သူ နောက်က လိုက်လာခဲ့မယ်လို့ ပြောပြီး သံတမန်တွေကို ကာလကတ္တား အပြန်ခိုင်းတယ်။ သံတမန်တွေက စိတ်ဓါတ်ကျနေပါပြီ။ ၁၈၃၂ ခုနှစ်မှာ ကာလကတ္တားပြန်တယ်။ အဲဒီတော့မှ ဘာနေးနဲ့ တနင်္သာရီတိုင်း ကော်မရှင်နာမင်းကြီးတို့ ကာလကတ္တားကို ပြန်ရောက်လာတယ်။ ဘာနေး၊ တနင်္သာရီတိုင်းမင်းကြီးနဲ့ ဘုရင်ခံချုပ်တို့ဟာ နယ်စပ်ဒေသအငြင်းပွားမှုတွေကို အဲဒီတော့မှ အသေးစိတ် ဆွေးနွေးကြတယ်။ ဘာနေးရဲ့ အယူအဆက အနိုင်ရပြီး မြန်မာကို ကဘော်ချိုင့်ဝှမ်း ပြန်ပေးဖို့ သူတို့ ဆုံးဖြတ်တယ်။ ဒီသတင်းကောင်းကို ယူပြီး မြန်မာသံအဖွဲ့လည်း အင်းဝကို ပြန်ပါတယ်။ နိုင်ငံခြားမှာ ၂ နှစ်ကျော် နေခဲ့တဲ့ကာလအတွင်း သံအဖွဲ့ဟာ တစ်နှစ်ကို ရူပီး ၂၀,၀၀၀ နှုန်း သုံးခဲ့တယ်။ ဒါက မြန်မာတွေအဖို့ အင်မတန် ကြီးလေးတဲ့ စရိတ်ပါ။ ကဘော်ချိုင့်ဝှမ်းက ရမယ့်အခွန်ထက် အများကြီး ကျော်လွန်နေတယ်။ အင်းဝကနေ ဗြိတိသျှသံရုံးကို ဖယ်ရှားပစ်ဖို့ဆိုတဲ့ သံအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ နားလည်မှု မရခဲ့ပါဘူး။ ဒီလို ဖြစ်ပေမဲ့လည်း အိန္ဒိယကနေ သံအဖွဲ့ ပင့်ဆောင်လာတဲ့ အနက်ရောင် စကျင်ကျောက်သား ဗုဒ္ဓရုပ်ပွားတော်ဟာ မျက်နှာပန်းလှစေခဲ့ပါတယ်။ ၁၈၃၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှာ ရုပ်ပွားတော် အင်းဝကို ရောက်လာတော့ ဘုရင်နဲ့ပြည်သူတွေ အကြီးအကျယ် စိတ်ဝင်စားကြပါတယ်။ သံတမန်တွေဟာ မြန်မာတွေ အရင်တုန်းက မသိခဲ့တဲ့ အင်္ဂလိပ်ရဲ့အင်အားနဲ့ စက်မှုလုပ်ငန်းတွေကို အိန္ဒိယမှာ သတိထားမိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကိုပြန်ရောက်ချိန်မှာ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ ဒီအချက်ကို ဘုရင့်ဆီ အစီရင်ခံဖို့ ပျက်ကွက်ခဲ့ပါတယ်။

0 comments:

Post a Comment