Friday, June 19, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၁ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၁ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
ဘာနေးက မင်းညီမင်းသားတွေနည်းတူ မူးကြီးမတ်ရာတွေနဲ့လည်း အကျွမ်းဝင်ဖို့ ကြိုးပမ်းတယ်။ သူက နန်းတွင်းမှာ အရေးပါသူမှန်သမျှကို လက်ဆောင်ပဏ္ဍာဆက်သတယ်။ ဝန်ကြီးတွေကိုလည်း အခါအားလျော်စွာ ညစာဖိတ်ကျွေးတယ်။ ဘုရင့်ဆီ မကြာခဏသွားပြီး မျက်နှာရအောင် ကြိုးစားတယ်။ အတုံ့အလှည့်အနေနဲ့ နန်းတွင်း ပွဲသဘင်အများစုမှာ သူ့ကို အဖိတ်ခံရတယ်။ ဒီလို ပွဲတက်ရာမှာ သူက လိုက်လျောညီထွေ နေတတ်တယ်။ ဦးထုပ် မဆောင်းဘူး။ ဒူးထောက်ထိုင်တယ်။ ဖိနပ်မစီးပဲ လမ်းလျှောက်တယ်။ အကြောင်းကတော့ မြန်မာ့ နန်းတွင်းဓလေ့က ဘုရင့်ရှေ့တော်မှောက်မှာ ဦးထုပ်၊ ထီး၊ ဖိနပ်တို့ကို သုံးစွဲခွင့် မပြုဘူး။ ခါးမတ်ပြီးတော့လည်း မထိုင်ရဘူး။ သိပ်မကြာခင်ပဲ ဘုရင်က သူရှိနေတာကို သဘောကျသွားတယ်။ ဒါပေမဲ့ သူ့ခမျာ နိုင်ငံရေးစကား မပြောဝံ့သေးဘူး။ စစ်ကိုင်းမင်းက ၁၈၂၄- ၁၈၂၆ အင်္ဂလိပ်မြန်မာစစ်ပွဲမှာ အရှက်ကွဲခဲ့တာကို မမေ့နိုင်သေးဘူး။ သံကိုယ်စားလှယ်ရုံးရှိနေတာကိုတောင် ဘုရင်က မနှစ်မြို့ဘူး။ မြန်မာအရာရှိတွေက ဗြိတိသျှ သံကိုယ်စားလှယ်ကို ငြင်းခုန်စောဒကတက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ အကြောင်းကတော့ သံကိုယ်စားလှယ်ရုံးကို သူတို့က မသုံးလို့ပဲ။ အင်္ဂလိပ်ဘက်မှာသာ ဆင်ခြေတက်သူ အများဆုံးပါ။ ဘာနေးက ဘုရင့်နန်းတော်ရဲ့ အကြံပေးအဖြစ် သူ့ကို အသုံးတည့်အောင် နေတယ်။ အခြေအနေကို အကောင်းဆုံးချိန်ညှိ ထိန်သိမ်းဖို့ ကြိုးပမ်းတယ်။ မြန်မာတွေက ပြင်ပကမ္ဘာကြီးနဲ့ သီးခြားနေဖို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့လည်း တပြိုင်နက်တည်းမှာ သူတို့ဟာ ဗြိတိသျှရဲ့ နောက်ထပ်ကျူးကျော်မှုကို ခုခံကာကွယ်ချင်တယ်။ ကံဆိုးတာက မြန်မာဝန်ကြီးတွေဟာ သူတို့ရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို သုံးနိုင်တဲ့အင်အား အမှန်တကယ် မရှိဘူး။ အရေးကြီး ကိစ္စမှန်သမျှ ဘုရင်ဆီ ထိုးအပ်လိုက်ကြတယ်။ ဝန်ကြီးတွေဟာ ဘုရင် မကြိုက်တာ လုပ်မယ်စိတ်ကူးရင် လုံးဝ အဖယ်ရှားခံရတယ်။ ဒါကြောင့် ဘာနေးက မြန်မာအစိုးရဘက်က လိုအပ်နေလို့ သံကိုယ်စားလှယ်ရုံးရှိနေတာ ဖြစ်အောင်လုပ်ဖို့ ကြိုးစားတယ်။ အင်းဝနဲ့ဆက်ဆံရာမှာ အထက်စီးကနေဖို့ အိန္ဒိယအစိုးရကို ဘာနေးက အကြံပေးတယ်။ ဒါမှသာ အဆင်ပြေချောမွေ့အောင် သူက ဝင်စွက်ဖက်ဖို့ အခွင့်အရေးရမှာပါ။ ဒီလိုသာဖြစ်ရင် ဘုရင်က သံကိုယ်စားလှယ်ရုံးကို ဆက်ရှိနေစေချင်မှာပါ။ မငြင်းနိုင်တာကတော့ အင်္ဂလိပ်တွေရဲ့ ရည်ရွယ်ချက်က မြန်မာပြည်ကို လက်အောက်ခံနိုင်ငံအဖြစ်ထားဖို့၊ ဒါမှမဟုတ် လက်အောက်ခံ မဟာမိတ်အဖြစ် သွတ်သွင်းဖို့ အဓမ္မဆောင်ရွက်နေတယ် ဆိုတာပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း တိုင်းပြည်ဟာ ဗြိတိသျှအင်ပါယာထဲ အသိမ်းခံရပြီး ပျက်စီးကိန်းဆိုက်ရမှာပါ။ ဒါပေမဲ့ မြန်မာတွေဟာ ဒီအခြေအနေကို သတိမထားမိပါဘူး။ ဘုရင်ကသာ လက်အောက်ခံမဟာမိတ်အဖြစ်လက်ခံပြီး နေနိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့နယ်မြေကို ထိန်းသိမ်းထားနိုင်ဦးမယ်။ အင်းဝမှာ သံကိုယ်စားလှယ်ရုံးစိုက်ပြီး နှစ်အနည်းငယ်အကြာမှာပဲ ဘာနေးဟာ သူ့ရဲ့မူဝါဒက ပုံပျက်ပန်းပျက် ကျဆုံးနေပြီဆိုတာ သဘောပေါက်လာတယ်။ အထူးသဖြင့် သာယာဝတီမင်း ထီးနန်းဆက်ခံလိုက်တဲ့ အချိန်မှာပါ။ ဘာနေးက သံကိုယ်စားလှယ်ရုံးကို ရုပ်သိမ်းပြီး တိုင်းပြည်ကို ချက်ချင်းသိမ်းပိုက်လိုက်ဖို့ သူ့အစိုးရကို အကြံပေးတယ်။ အခြားနည်းလမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘုရင်ခံချုပ်က သူ့အကြံအစည်ကို လက်မခံဘူး။ တကယ်တော့ ဘာနေးဘက်က လုံးဝမှန်ပါတယ်။ အကြောင်းကတော့ သံကိုယ်စားလှယ်ရုံးကို ၁၈၄၈ ခုနှစ်မှာ ရုပ်သိမ်းခဲ့ရပြီး ၁၈၅၂ ခုနှစ်မှာပဲ စစ်ကြေညာခဲ့ရတာပါ။ ပထမပြဿနာက ဘာနေးဟာ ကဘော်ချိုင့်ဝှမ်းပြဿနာနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။ ကဘော်ချိုင့်ဝှမ်းဟာ မဏိပူရနဲ့ ချင်းတွင်းမြစ်ကြား ကုန်းရိုးတန်းကမ်းမြှောင်ကလေးပါ။ တောင်းရိုးကြီးတွေဝန်းရံပြီး နယ်နိမိတ်သတ်ထားတယ်။ မြန်မာနဲ့ မဏိပူရီတွေ မကြာခဏလက်ပြောင်းပြီး အငြင်းပွားနေတဲ့ ဒေသပါ။ ၁၈၂၄ ခုနှစ်က ဒီဒေသဟာ မြန်မာ့လက်အောက်မှာ ရှိတယ်။ ဒါပေမဲ့ ၁၈၂၄ - ၂၆ ခု စစ်ပွဲမှာ ရှုံးနိမ့်တော့ အင်္ဂလိပ်က မဏိပူရရာဇာကို ဒီဒေသ ပြန်ပေးလိုက်တယ်။ ကဘော်ချိုင့်ဝှမ်းပြဿနာက ရန္တပိုစာချုပ်မှာ မပါခဲ့ဘူး။ ဒါကြောင့် ဒီဒေသကို ပြန်တောင်းဖို့ မြန်မာတွေမှာ အမြဲတမ်း အခွင့်အရေး ရှိနေတယ်။ 
၁၈၃၀ ပြည့်နှစ်မှာ အိန္ဒိယ အစိုးရက မြန်မာကို ကဘော်ချိုင့်ဝှမ်း ပြန်မပေးသင့်ဘူးလို့ ဆုံးဖြတ်တယ်။ စစ်ကိုင်းမင်းက အင်မတန်ဒေါသထွက်တယ်။ ဒီဒေသကို ပြန်ရဖို့ အင်အားသုံးမယ်တောင် စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးတွေက ဘာနေးပြန်လာတဲ့အထိ စောင့်ပါဦးလို့ ဘုရင်ကို နားချတယ်။ စီးပွားရေးအရဆိုရင် ကဘော်ချိုင့်ဝှမ်းက သုံးမရသလောက်ပါပဲ။ မြန်မာက ဒီဒေသကို ပြန်လိုချင်တယ်ဆိုတာ ဂုဏ်သိက္ခာအတွက်ပါ။ မြန်မာကို ကတိပေးမထားပေမဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးရမှာပဲလို့ ဘာနေးက သူ့အစိုးရကို လျှို့ဝှက် ထောက်ခံထားတယ်။ သူက ကာလကတ္တားကို သံတမန်လွှတ်ဖို့ ရိုးရိုးပဲ အကြံပေးတယ်။ ရည်ရွယ်ချက်ကတော့ အိန္ဒိယမှာရှိတဲ့ ကုမ္ပဏီရဲ့ အင်အားကို သံအရာရှိတွေ လေ့လာမိစေချင်တာပါ။ မြန်မာသံတမန်တွေ ကာလကတ္တားကို ရောက်နေတုန်း သူလည်း ပြန်လာပြီး ဘုရင်ခံကို တွေ့တယ်။ ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးဖို့ ရှင်းပြတယ်။ ဘုရင်ရဲ့ စိတ်ကျေနပ်မှုကိုရနိုင်ပြီး ဒါကတဆင့် ကောင်းမွန်တဲ့ဆက်ဆံရေး ဖွံ့ဖြိုးလာနိုင်တယ်။ ဘုရင်ခံက ဒီအကြံကို လက်ခံဖို့ အဆင်သင့် မဖြစ်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘုရင်ခံက ချင့်ချိန်သုံးသပ်ပြီး ပြန်ပေးလိုက်ဖို့ ပြောပါတယ်။ မဏိပူရရာဇာကိုတော့ လျော်ကြေးအနေနဲ့ တစ်လကို ရူပီး ၅၀ ပုံမှန်ထောက်ပံ့တယ်။ သူ့ရဲ့ ဆက်ခံသူတွေကိုပါ အကျုံးဝင်စေတယ်။ ၁၈၈၅ ခုနှစ်မှာ အထက်မြန်မာပြည်ကို သိမ်းတော့ ရာဇာက ကဘော်ချိုင့်ဝှမ်းကို သူ့ကို ပြန်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ မရတော့ပါဘူး။

0 comments:

Post a Comment