Friday, June 19, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၀ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
#ဟင်နရီဘာနေး(၁၈၃၀ - ၃၈)
ဟင်နရီဘာနေးကို ဗြိတိသျှမိဘတွေက အိန္ဒိယမှာ မွေးတယ်။ သူက ကိုယ်ရည်ကိုယ်သွေး ကောင်းသူပါ။ အာရှတိုက်သားတွေကို ချစ်ခင်တယ်။ စစ်တပ်ထဲဝင်ခဲ့ပြီး မြန်မာပြည်လာတော့ ဗိုလ်ကြီး ဖြစ်နေပြီ။ မြန်မာပြည်မလာခင်က ထိုင်းမှာ နိုင်ငံရေးကိုယ်စားလှယ် လုပ်ဖူးတယ်။ ၁၈၂၉ ခုနှစ်တုန်းက ထားဝယ်သူပုန်ကိုလည်း နှိမ်နှင်းခဲ့ဖူးပါတယ်။ သူ့ရဲ့ စစ်မှုထမ်း အလုပ်က သံတမန်လုပ်ငန်းလိုပဲ ထိုင်းနိုင်ငံမှာ အောင်မြင်တယ်။ ဘုရင်ခံချုပ်က ဘာနေးကို သိပ်ပြီးတော့ သဘောကျ ကျေနပ်တာပါ။ အာရှတိုက်သားတွေအပေါ် နားလည်မှုရှိရာမှာတော့ အဲဒီခေတ်ရဲ့ အကောင်းဆုံး အင်္ဂလိပ်လူမျိုးတစ်ယောက်ပဲလို့ ဆိုရပါမယ်။ ဒါကြောင့် သူ့ကို မြန်မာပြည်မှာ သံကိုယ်စားလှယ်ခန့်ဖို့ ယုံကြည်မှုရတာပါ။ သူက စကားပြော ပွင့်လင်းတယ်။ ရိုးသားတယ်။ အမြော်အမြင်ရှိတယ်။ ဒါကြောင့်လည်း အိန္ဒိယအစိုးရက သူ့ကို လေးစားတယ်။ သူကတော့ အိန္ဒိယအစိုးရကို သိပ်မကြိုက်လှဘူး။
အိန္ဒိယအစိုးရက အမှားလုပ်တာကို ထောက်ပြဖို့ သူက ဝန်မလေးပါဘူး။ အင်းဝနန်းတော်မှာလည်း သိပ်မကြာခင် အရေးပါ အရာရောက်လာတယ်။ ဘုရင် မျက်နှာသာပေးတာကို ခံရတယ်။ သံတမန်ဆက်ဆံရေးကာလမှာ အကောင်းဆုံး အရည်အသွေးကို ဖော်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေက သူ့ကို ထိုက်ထိုက်တန်တန် မချီးမြှင့်ပါဘူး။ မသိကျိုးကျွံပြုတာ ခံရတယ်။ မြန်မာပြည်မှာ စိတ်ရှည်လက်ရှည် တာဝန်ထမ်းတယ်။ ၁၈၄၅ ခုနှစ် အသက် ၅၀ အရွယ်မှာ ကွယ်လွန်တယ်။ မြန်မာပြည်ကို သူလာတဲ့ ရည်မှန်းချက် ၁၀ ခုရှိပါတယ်။ အဲဒါတွေက
၁။ အရစ်ကျပေးနေတဲ့ စစ်လျော်ကြေးငွေ စတုတ္ထနဲ့ နောက်ဆုံးအသုတ်ကို ပြီးစီးအောင် လုပ်မယ်။
၂။ ကဘော်ချိုင့်ဝှမ်း၊ ပုသိမ်ခရိုင်နဲ့ မုတ္တမခရိုင်တို့ရဲ့ နယ်နိမိတ်ကို သတ်မှတ်ပြီး ဘီလူးကျွန်းပိုင်ဆိုင်မှုကို ဆုံးဖြတ်မယ်။
၃။ တနင်္သာရီကို ဧရာဝတီမြစ်ဝကျွန်းပေါ်က နေရာတချို့နဲ့ လဲလှယ်ဖို့၊ ဒါမှမဟုတ် ငွေနဲ့ရောင်းချဖို့ အင်းဝနန်းတော်ကို ဆွဲဆောင်မယ်။ ဒီလိုလုပ်ရာမှာ ဗြိတိသျှဂုဏ်သိက္ခာ မထိခိုက်အောင် သတိကြီးကြီးနဲ့ ဆောင်ရွက်မယ်။ အကြောင်းကတော့ တနင်္သာရီကရတဲ့ အခွန်တော်ငွေဟာ အုပ်ချုပ်ရေးစရိတ်တောင် မကာမိလို့ပဲ။
၄။ နယ်စပ်ဒေသက ဓါးပြမှုတွေအတွက် မြန်မာမှာ တာဝန်ရှိကြောင်း ဖော်ထုတ်မယ်။ မြန်မာဘက်က ဓါးပြတွေဟာ အင်္ဂလိပ်ဘက်ကို ကြိမ်ဖန်များစွာ ရောက်တယ်။ မြန်မာအာဏာပိုင်တွေက နယ်စပ်ဒေသတလျောက်မှာ ဖြစ်နေတဲ့ အဲဒီဓါးပြမှုတွေကို အားပေးတယ်။ သို့မဟုတ် အရေးမယူ လျစ်လျူရှုတယ်ဆိုတဲ့ စွပ်စွဲချက်က ရှိနေတာပါ။
၅။ ကုန်တင်ပို့ဖို့နဲ့ စစ်ရေးမှာသုံးဖို့ အမ်းတောင်ကြားလမ်း ဒါမှမဟုတ် တောင်ကုတ်တောင်ကြားလမ်းကိုဖြတ်ပြီး စစ်တွေနဲ့အင်းဝ ကုန်းတွင်းလမ်းဖောက်မယ်။ ဘာနေးက ဖြစ်နိုင်ရင် လမ်းအူကြောင်းကို ကိုယ်တိုင်ဆင်းပြီး တိုင်းမှာပါ။
၆။ မြန်မာပြည်မှာ နိုင်ငံခြား ကုန်သည်တွေရဲ့ နစ်နာချက်တွေကို အမှန်အတိုင်းဖြစ်အောင် တောင်းဆိုဖို့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်မယ်။
၇။ မြန်မာပြည်မှာ အင်္ဂလိပ်ကုန်သွယ်ရေး တိုးတက်အောင် နည်းလမ်းရှာမယ်။
၈။ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေကို လေ့လာမယ်။
၉။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဘုရင်နဲ့ သူ့ရဲ့နန်းတော်ကို လိုက်လျောပြီး ဆက်ဆံမယ်။
၁၀။ အမြဲတမ်း သံတမန်ဆက်ဆံရေးရဲ့ အကျိုးရှိပုံကို ဘုရင်နဲ့ နန်းတွင်းက သိလာအောင် ဖျောင်းဖျမယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးတွေမှာ ဝင်မစွက်ဖို့နဲ့ လိုအပ်ရင် သံကိုယ်စားလှယ်ရုံးကို သူ့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ပြန်ပြီးရုပ်သိမ်းခဲ့ဖို့ကိုလည်း သူ့ကို ညွှန်ကြားထားတယ်။ ဘာနေးက ဒီအမိန့်တွေကို ရန်ကုန်မှာ လက်ခံရရှိပြီး ၁၈၃၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်မှာ အင်းဝကို ရောက်လာတယ်။ ပြဿနာပေါင်းစုံကို သူရောက်လာတဲ့အထိ ဆိုင်းထားကြတာပါ။ မြန်မာအရာရှိတွေက သူရောက်လာတော့ ပျော်သွားတယ်။ ရခိုင်နဲ့ တနင်္သာရီ ပြန်ပေးဖို့ ကိစ္စကို ထဲထဲဝင်ဝင် ဆွေးနွေးချင်လို့ပါ။ ဘာနေးက တစ်ဖက်သားကို အလေးထားတတ်သူပါ။ နောက်ပိုင်း သံကိုယ်စားလှယ်တွေကတော့ သူ့လို မဟုတ်ဘူး။ အဲဒီမှာ ဖိနပ်ပြဿနာလို့ လူသိများတဲ့ ကိစ္စ ဖြစ်လာရတာပါပဲ။

0 comments:

Post a Comment