Tuesday, June 30, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၆ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၆ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
အဲဒီအချိန်မှာ ဘုရင်က လင်းဘတ်ပို့လိုက်တဲ့စာကိုရပြီး တောင်းဆိုချက်တွေကို ကျေလည်အောင်လုပ်ပေးဖို့ ချက်ချင်းအမိန့်ထုတ်လိုက်တယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလမှာ မြို့ဝန်မောင်အုပ်ကို ပြန်ခေါ်တယ်။ သူ့နေရာမှာ မောင်မှုန်ကို အစားထိုး ခန့်လိုက်တယ်။ အင်္ဂလိပ်အရာရှိတွေရဲ့ မောက်မာတဲ့သဘောထားကို မြို့ဝန်အသစ်က သတိထားပါတယ်။ အမျက်ဒေါသ ချောင်းချောင်းထနေတဲ့ လင်းဘတ်ဟာ ရန်ကုန်ဆိပ်ကမ်းကို ပိတ်ဆို့ထားလိုက်တယ်။ မြန်မာစစ်သင်္ဘောကို သိမ်းလိုက်တယ်။မြို့ဝန်မောင်မှုန်က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ လင်းဘတ်က မြို့ဝန်ကို ဝန်ချတောင်းပန်ဖို့ပဲ တောင်းဆိုတယ်။ မြို့ဝန်က မတောင်းပန်ဘူး။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြန်မာက အင်္ဂလိပ်သင်္ဘောတွေကို ပစ်ခတ်တယ်။ လင်းဘတ်က ရန်ကုန်ဆိပ်ကမ်းကို အမြောက်နဲ့ထုပြီး တုန့်ပြန်တယ်။ ရန်ကုန်ဆိပ်ကမ်းကို အတိုင်းအဆမရှိ ပျက်စီးစေတဲ့ လင်းဘတ်ရဲ့ မောက်မာမှုက အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲကို ဖြစ်စေခဲ့တယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လင်းဘတ်က ကာလကတ္တားကို လှည့်ပြန်သွားတယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ နောက်ထပ် အမိန့်ယူလာပြီး လျော်ကြေးပေး တောင်းပန်ဖို့ အထက်စီးနဲ့ တောင်းဆိုတယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တိုက်ပွဲ ပြန်စတယ်။ ဒါပေမဲ့ ၁၈၅၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထပ်ဆွေးနွေးတယ်။ ၁၈၅၂ ခုနှစ် ဧပြီလ ၁ ရက် မတိုင်ခင် ရူပီး ၁၀ သိန်းပေးဖို့ တောင်းဆိုတယ်။ ဒါက တရားဝင် စစ်ပွဲဖြစ်ပွားနိုင်လောက်တဲ့ ရာဇသံတမျိုးပါပဲ။ ရန်ကုန်မြို့ဝန်က အမရပူရမှာရှိတဲ့ ဘုရင့်ဆီ အစီရင်ခံရဦးမှာပါ။ ဧပြီလ ၁ ရက်မတိုင်ခင် အကြောင်းပြန်ဖို့ မဖြစ်နိုင်ဘူး။ အင်္ဂလိပ်က မြန်မာကို စစ်ကြေညာလိုက်တယ်။ ဒုတိယစစ်ပွဲက ပထမစစ်ပွဲနဲ့ လုံးဝ မတူဘူး။ ပထမစစ်ပွဲတုန်းက မြန်မာတွေကလည်း စစ်တိုက်ဖို့ ပြင်းပြထက်သန်တယ်။ ဒုတိယစစ်ပွဲမှာ အဲသလို မထက်သန်ဘူး။ အင်္ဂလိပ်က လက်ဦးမှု ယူလိုက်တာပါ။
ရန်ကုန် ရွှေတိဂုံကုန်းမြင့်မှာ ရဲမက် ၁၀.၀၀၀ တပ်စွဲလိုက်တယ်။ အမြောက် ၂၄ လက် ဆင်ထားတယ်။ ဘုရားရဲ့ တောင်ဘက် အနောက်ဘက်နဲ့ အရှေ့ဘက်မှာ အမြောက် ၈ လက်စီ ချိန်ထားတယ်။ မြောက်ဘက်ကို အကာအကွယ်မယူဘဲ ချန်ထားတယ်။ မြို့ဝန်အိမ်မှာတော့ စက်သေနတ်ကြီး ၁၄ လက်ပဲ ရှိတာပါ။ ရွှေတိဂုံဘုရားရဲ့ တောင်ဘက်ခြမ်းမှာ ခံတပ် အခိုင်အမာဆောက်တယ်။ ရှေးခေတ် အဆင့်အတန်းအရတော့ ဒီခံတပ်ဟာ အကောင်းစားပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်တွေပိုင်တဲ့ ခေတ်မီလက်နက်တွေရဲ့ဒဏ်ကို မခံနိုင်ဘူး။ တစ်ဖက်ကလည်း အင်္ဂလိပ်ဟာ စစ်ပွဲအတွက် ကောင်းကောင်းကြီး ပြင်ဆင်လာတယ်။ ပထမစစ်ပွဲက အမှားမျိုး ထပ်ပြီး မကျူးလွန်တော့ဘူး။ သူတို့က ရခိုင်နဲ့ တနင်္သာရီကို ပိုင်နေပြီဖြစ်တဲ့အတွက် ရှေ့တန်းကို အချိန်မီ ရိက္ခာထောက်ဖို့ နဲ့ အင်အားဖြည့်တင်းဖို့ အများကြီးကို ပိုလွယ်နေပါပြီ။ 
ဗိုလ်ချုပ်ကြီး ဂေါ်ဒွင်က အင်္ဂလိပ်စစ်တပ်ရဲ့ သေနာပတိပါ။ ရေတပ်ဗိုလ်ချုပ်ကြီး အော်စတင်ရဲ့အောက်မှာ စစ်သင်္ဘော ၁၅ စင်း ရောက်လာတယ်။ ကုန်းကြောင်းချီတက်မှုက ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်မှာ မော်လမြိုင်က စထွက်ပြီး မုတ္တမကို သိမ်းတယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ အင်္ဂလိပ်စစ်တပ်တွေဟာ ရန်ကုန်မြို့နားမှာ ကမ်းတက်လာတယ်။ မြို့ကို တောင်ဘက်ကနေ ဝင်တိုက်တယ်။ အဲဒီမတိုင်ခင်နေ့အထိ မြို့တောင်ခြမ်းက အမြောက်တပ်ဟာ ငြိမ်နေတုန်းပဲ။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ဆိပ်ကမ်းက အမြောက်တပ်ဟာ အသံတောင်မထွက်ခဲ့ဘူး။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကျတော့ အင်္ဂလိပ်တပ်ဖွဲ့တွေဟာ ရန်ကုန်ကမ်းနားကို ထပ်ပြီးတက်လာတယ်။ ရုတ်ခြည်းပဲ ခံတပ်ကနေ ထပြီး ပစ်ခတ်တယ်။ အင်္ဂလိပ်စစ်တပ်တွေက အရှေ့ဘက်ကနေ ချီလာတယ်။ ၂၄ ပေါင် အမြောက်ကြီးတွေရဲ့ ပစ်အားကြောင့် အဓိကခံတပ် ပျက်စီးသွားတယ်။ တပြိုင်တည်းဆိုသလို အင်္ဂလိပ်စစ်တပ်တွေဟာ သိမ်ဖြူ၊ ကန်တော်ကြီးနဲ့ ကန်တော်ကလေးတို့ကနေ ရွှေတိဂုံဘုရားဆီ ချီတက်လာတာပါ။ ၁၈၅၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မြန်မာတွေဟာ ရွှေတိဂုံဘုရားမှာ အဝိုင်းခံလိုက်ရတယ်။ တကယ်တော့ ဒါဟာ ရန်ကုန်မြို့ကြီး ရန်သူ့လက် ကျသွားပြီဆိုတဲ့ သဘောပါပဲ။ ပထမစစ်ပွဲမှာ အင်္ဂလိပ်စစ်တပ်က ရန်ကုန်သိမ်းတော့ လူတစ်ယောက်မှ မဆုံးရှုံးဘူး။ ဒီတစ်ကြိမ်မှာတော့ ၁၆ ဦးသေ ၁၃၃ ဦး ဒဏ်ရာရတယ်။ ရန်ကုန်တိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်ကလည်း အင်္ဂလိပ်ကျူးကျော်ရေးသမားတွေ ရပ်တန့်သွားအောင် တကယ်တန်း မကြိုးစားခဲ့ဘူး။ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလထဲမှာ အင်္ဂလိပ် ပဲခူးနယ်လို့ခေါ်တဲ့ အောက်မြန်မာပြည်ကို သိမ်းလိုက်တယ်။ ဒီနောက် စာချုပ် ချုပ်ဖို့အတွက် မြန်မာဘုရင်ကို ကမ်းလှမ်းတယ်။ ငြင်းတဲ့အခါမှာ အောက်မြန်မာပြည်ကို အိန္ဒိယအင်ပါယာထဲ သွင်းလိုက်ပြီလို့ ကြေညာတယ်။ လော့ဒ်ဒါလဟိုဇီကိုယ်တိုင် ရန်ကုန်ကို ရောက်လာတယ်။ အောက်မြန်မာပြည်ကို ပဲခူးနယ်လို့ အမည်ပြောင်းတယ်။ ဗြိတိသျှအင်ပါယာရဲ့ ပြည်နယ်သစ်ဖြစ်တဲ့ ပဲခူးနယ်ကို အုပ်ချုပ်ဖို့ ဘုရင်ခံတစ်ဦးတည်းကိုသာ နာခံရတဲ့ ကော်မရှင်နာမင်းကြီးတစ်ဦး ခန့်အပ်တယ်။ ဆာအာသာ ပါဗက်ဇ် ဖယ်ယာကို ကော်မရှင်နာမင်းကြီး ခန့်တယ်။ အောင်လံမြို့ကိုဖြတ်ပြီး နယ်နိမိတ်သတ်မျဉ်းဆွဲတယ်။ အောင်လံရဲ့တောင်ဘက်ခြမ်းဟာ အဲဒီအချိန်ကစပြီး ဗြိတိသျှနယ် ဖြစ်သွားတာပဲ။ နယ်ခြားမှတ်တိုင်မှာ ဒီလို ရေးထားတယ်။
ဤမှတ်တိုင်သည်
ဗြိတိသျှ ပဲခူးနယ်၏ မြောက်ပိုင်း
နယ်နိမိတ် အမှတ်အသားဖြစ်၍
အိန္ဒိယ ဘုရင်ခံချုပ်
သူရဲကောင်းနယ်စား ဒါလဟိုဇီကိုယ်တိုင်
စစ်ဆေးအတည်ပြုပြီး
ပဲခူးစစ်တပ်၏ စစ်ဦးစီးထောက်ပံ့ရေး
ဒုတိယတန်း အရာရှိများက
၁၈၅၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်
စိုက်ထူခဲ့သည်။
နယ်နိမိတ်မျဉ်းသည် အရှေ့ဘက်၌
ဤ အမှတ်မှသည်
လာဒူးကွေးရှိကရင်နီမြစ်နှင့်
ရိုးမတောင်တန်းကြီးကို ဖြတ်သန်းလျှက်
ရခိုင်ဖိုးခေါင်တောင်ဦးတောင်ထိပ်အထိ
စစ်တောင်မြစ်ကမ်းပါးမယ်ဟိုင်ကျေးရွာနှင့်
အရှေ့ဘက်ဒေသအားလုံး
ပန်းလောင်မြစ်၏ထိပ်ဖျား
လတ္တီတွဒ် ၁၉ ဒီဂရီ ၂၉ မိနစ် ၃စက္ကန့်ရှိ
နယ်နိမိတ်သတ် တောင်ရိုးကြီးများ
ပါဝင်သည်။
အိပ်ချ်ဒဗလျူ ဘီလင် စကပ်ဖ်
မြန်မာဘုရင်က ရူပီး ၉၀၀၀ ပေးဖို့ ငြင်းတဲ့အတွက် အောက်မြန်မာပြည်ကိုသိမ်းတဲ့ ဒါလဟိုဇီရဲ့ ရန်လိုမှုကို အင်္ဂလန်မှာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တချို့က ပြစ်တင်ဝေဖန်တယ်။ ဒါပေမဲ့ အများစုက ဒါလဟိုဇီကို ထောက်ခံကြတာပါပဲ။ ဒါလဟိုဇီက မြန်မာတစ်နိုင်ငံလုံးကို သိမ်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဝက်ပဲသိမ်းပြီး သူ့ခရီးကို ရပ်ဖို့ စဉ်းစားတယ်။ အကြောင်းကတော့ အိန္ဒိယမှာ နောက်ထပ် ပြဿနာကြုံနေလို့ပါပဲ။
အောက်မြန်မာပြည်ကို သိမ်းလိုက်တာက အနှေးနဲ့အမြန် တစ်နိုင်ငံလုံးကို သိမ်းဖို့ သေချာတဲ့ လုပ်ရပ်ပါ။ မြန်မာဘုရင်ဟာ တိုင်းပြည်ဝင်ငွေ အများဆုံးရတဲ့ သူ့နိုင်ငံရဲ့အရေးအပါဆုံး ဒေသကို ဆုံးရှုံးသွားပါပြီ။ ကမ္ဘာ့ထွက်ပေါက်ကိုလည်း အပိတ်ခံထားရပြီ။ အခုဆိုရင် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သွားပါပြီ။ ဒါကြောင့် အရင်လို စစ်ရေး စီးပွားရေး အင်အားမျိုး မရှိတော့ဘူး။ ကျွန်နိုင်ငံ ဘဝရောက်ဖို့ သေချာသလောက်ရှိနေတာပါ။ ဒါကြောင့်လည်း အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲဟာ ဒီဒုတိယစစ်ပွဲရဲ့ အဆက်အဖြစ် သဘာဝကျကျ ပေါ်ပေါက်ခဲ့ရတာပါ။ ဒီအချိန်မှာမှ မြန်မာပြည်မှာ ဘုရင်အပြောင်းအလဲက ဖြစ်ရပြန်တယ်။ ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပဲ မင်းတုန်းမင်းက ပုဂံမင်းကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်လိုက်တယ်။

0 comments:

Post a Comment