Thursday, June 4, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၅ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၅ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
မြန်မာတွေ သိပ်စိတ်မပါဘဲနဲ့ စစ်ပွဲဖြစ်လိုက်ရတယ်။ အင်္ဂလိပ်ဘက်မှာလည်း ဒီစစ်ပွဲက အင်္ဂလိပ်မြန်မာ စစ်သမိုင်းမှာ အဆိုးဝါးဆုံး စစ်ရေးစီမံခန့်ခွဲမှုနဲ့ တိုက်ခဲ့တာပါ။ ဒါပေမဲ့ အဓိက စစ်ဆင်ရေးတွေကတော့ လုံးဝအောင်မြင်တယ်။ ပင်လယ်ရေကြောင်း စစ်ရေးချီတက်မှုက ရန်ကုန်ကိုသိမ်းဖို့ လွှတ်လိုက်တာပါ။ အဲဒီကနေ အင်းဝနေပြည်တော်အထိ ဆက်ပြီး ချီတက်မှာပဲ။ ပင်လယ်ရေကြောင်းချီတပ်ဖွဲ့တွေကို မြစ်ဝကျွန်းပေါ်ကနေ ခုခံဖို့ ဖြစ်နိုင်လျက်နဲ့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာ့အစီအစဉ်တွေ နောက်ကျကုန်တယ်။ စစ်ပွဲနဲ့ ပတ်သက်လို့ ထူးခြားတာတွေရှိတယ်။
၁။ နွေရာသီကုန်မှ စစ်ပွဲကိုစတော့ မိုးက သိပ်မကြာခင် ရွာတယ်။ အဓိက စစ်ဆင်ရေးကြီးတွေ ဆင်နွှဲလို့ မရပါဘူး။ ကပ္ပတိန်ကန်းနင်းရဲ့ အကြံပေးချက်နဲ့ ရွေးထားတဲ့ အချိန်ဟာ ဒုက္ခပေးခဲ့တယ်။ စစ်တကောင်းမှာ တပ်ကို အင်အားဖြည့်ပြီး မုတ်သုံရာသီကုန်မှ ရန်ကုန်ကို ကမ်းတက်တိုက်ရင် ပိုသင့်မှာပါ။
၂။ မိုးရာသီစစ်ဆင်ရေးအတွက် ရိက္ခာပြင်ဆင်မှု မလုံလောက်ဘူး။ ကမ်းဘဲလ်က ရန်ကုန်ကို ချီတက်လာပြီး ၁၈၂၄ ခုနှစ် မေလ ၁၀ ရက်မှာ မြို့ကို လွယ်လင့်တကူ သိမ်းလိုက်တယ်။ ဒါပေမဲ့ ရဲမက်တွေဟာ ငှက်ဖျားနဲ့ဝမ်းရောဂါကြောင့် ပိုပြီးသေရတယ်။ အသားကြပ်ကင်တွေကို ဘီစကစ်မုန့်နဲ့ ရေလုံပြုတ်ပြီး ရဲမက်တွေ စားကြရတယ်။ ဒီအစားအသောက်က မြန်မာပြည်မှာ ဥရောပတိုက်သားတွေကိုသာမက အိန္ဒိယတိုက်သားတွေကိုပါ သေလုမျောပါးဖြစ်စေတယ်။ ဥရောပတိုက်သား ၅၀၀၀ အပါအဝင် မူလက စစ်သည် ၁၁,၀၀၀ ပါတဲ့ တပ်ဟာ ရန်ကုန်မှာ ၆လလောက်နေတဲ့ကာလအတွင်း သီတင်းပတ်အနည်းငယ်မှာပဲ ရာဂဏန်းမဖြစ်စလောက်သာ စစ်ဆင်ရေးမှာ ပါဝင်နိုင်တော့တယ်။ သူတို့ဟာ ယင်ကောင်တွေလို တဖြုတ်ဖြုတ်နဲ့ သေကုန်ကြတာပါ။ မြန်မာပြည်မှာ လတ်ဆတ်တဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်ပေါတာမို့ အလွယ်တကူရမှာပဲလို့ ထင်ခဲ့ကြတာပါ။ လက်တွေ့မှာတော့ ဒါနဲ့ ပြောင်းပြန်ဖြစ်ကုန်တာပါ။
၃။ စစ်ဆင်ရေးအများစုဟာ စိတ်ကူးစိတ်သန်းရော စီမံခန့်ခွဲပုံပါ ညံ့ဖျင်းတယ်။ မြစ်ဝကျွန်းပေါ် မွန်တွေက သူတို့ကို ကြိုလိမ့်မယ်လို့ အင်္ဂလိပ်က ထင်ခဲ့တယ်။ ရန်ကုန်ကိုသိမ်းရင် ကူညီမှာပဲလို့ ယူဆတယ်။ သူတို့မျှော်လင့်သလို မွန်တွေဆီက အကူအညီရခဲ့ရင် ဧရာဝတီမြစ်ကြောင်းအတိုင်း အလွယ်တကူ ချီတက်နိုင်မှာပါ။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာဘူး။ မွန်တွေက အင်အားချိနဲ့နေပြီ။ သူတို့ကို ဘာမှ မကူညီနိုင်တော့ဘူး။
၄။ ရန်ကုန်ကျသွားရင် စစ်ကိုင်းမင်းက စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းမှာပဲလို့ အင်္ဂလိပ်က ယူဆတယ်။ ဒါပေမဲ့ ရန်ကုန် လွယ်လင့်တကူ ကျသွားတာကို ဘုရင်က အမှန်အတိုင်း မသိဘူး။ လက်နက်နဲ့ စည်းကမ်းညံ့ဖျင်းတဲ့ မြန်မာတပ်တွေဟာ အင်္ဂလိပ်နဲ့ရင်ဆိုင်ပြီး မတိုက်ခဲ့ကြပါဘူး။
၅။ စစ်ပွဲစချိန်မှာ အင်္ဂလိပ်တပ်တွေနဲ့ ထိပ်တိုက်ရင်မဆိုင်တဲ့ မြန်မာတပ်တွေဟာ တောထဲမှာ ပုန်းအောင်းပြီး တိုက်ပြန်တယ်။ ခံကတုတ်နဲ့မြေကတုတ်တိုက်ပွဲတွေမှာ မြန်မာတွေ ကျွမ်းကျင်တယ်။ အရွှေ့အပြောင်းကလည်း သိပ်မြန်တယ်။
ရန်ကုန်ကို သိမ်းပိုက်တာကတော့ လုံးဝကို အငိုက်မိသွားတာပါ။ ပင်မ မြန်မာ့တပ်မတော်က မဟာဗန္ဓုလ လက်ထဲမှာ ရှိနေပြီး အဲဒီတပ်က ကာလကတ္တားကို တိုက်ခိုက်ဖို့ ရခိုင်မှာ စစ်ချီနေပါတယ်။ ရန်ကုန်ကျသွားလို့ ရပ်လိုက်ရတာပါ။ ကျီဝန်ကြီးက ကျူးကျော်ရေးသမားတွေကို ရန်ကုန်မှာ ဟန့်တားထားတဲ့အချိန် ၁၈၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ မဟာဗန္ဓုလကို မဏိပူရက ပြန်ခေါ်ရတယ်။ ဘွဲ့ထူးတွေ အပ်နှင်းပြီး အင်္ဂလိပ်ကို ပင်လယ်ထဲမောင်းချဖို့ ညွှန်ကြားတယ်။ သိပ်မကြာခင် စစ်နိုင်မှာပဲလို့ မဟာဗန္ဓုလက ထင်တယ်။ အမြောက်တပ်နဲ့အတူ ရဲမက် ၆၀,၀၀၀ နဲ့ ရန်ကုန်ကို ချီတက်တယ်။ ကြည့်မြင်တိုင်ကနေ ပုဇွန်တောင်အထိ စက်ဝိုင်းခြမ်းပုံ အနေအထားနဲ့ ရှေ့တန်းစစ်မျက်နှာကို မြေကတုတ်တူးပြီး ကောင်းကောင်းကြီး ကာကွယ်ထားတယ်။
အင်္ဂလိပ်က မူလတုန်းက လူ ၁၁,၀၀၀ ရှိတယ်။ ဥရောပတိုက်သား ၅၀၀၀ အိန္ဒိယလူမျိုး ၆၀၀၀ ပါ။ အခု ဖျားနာသေကြေပြီး ဥရောပတိုက်သား ၁၃၀၀ အိန္ဒိယလူမျိုး ၂၅၀၀ စုစုပေါင်း လူ ၃၈၀၀ လျော့သွားပါပြီ။ သူတို့ရဲ့ အဓိက ခြေကုပ်စခန်းက ရွှေတိဂုံရင်ပြင်ပဲ။ အဲဒီမှာ အမြောက်ကြီး ၂၁ လက် တပ်ဆင်ထားတယ်။ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်း စစ်ဆင်ရေးတွေမှာ မြန်မာကတုတ်တွေကို အမြောက်နဲ့ထုခဲ့တယ်။ ၁၈၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မဟာဗန္ဓုလက ရွှေတိဂုံကို အဓိကထားပြီးတိုက်ဖို့ ညွှန်ကြားတယ်။ ဒါပေမဲ့ မြန်မာတွေ ပြန်မောင်းထုတ်ခံရတာပဲ။ ဒါကြောင့် မဟာဗန္ဓုလက သူ့တပ်တွေကို ရန်ကုန်တက္ကသိုလ်နားက ကုက္ကိုင်းမှာ ပြန်စုတယ်။ ရက်အနည်းငယ် အတွင်းမှာပဲ အင်္ဂလိပ်တပ်က အဲဒီနေရာကို ဝင်စီးတယ်။ ဗန္ဓုလနဲ့ သူ့ရဲ့ အကောင်းဆုံးရဲမက် ၇၀၀၀ ဓနုဖြူကို ပြန်ဆုတ်ရတယ်။ စစ်သေနာပတိ ကမ်းဘဲလ်က အင်္ဂလိပ်တပ်ကို အင်အားဖြည့်ပြီး ဧရာဝတီကြောင်းကချီတယ်။ စစ်ဆင်ရေးကို ကွပ်ကဲတိုက်ခိုက်နေတုန်း ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ ဓနုဖြူမြို့မှာ ဗန္ဓုလ ဗုံးမှန်ပြီး ကျဆုံးတယ်။ သူ့တပ်လည်း ဖရိုဖရဲဖြစ်ပြီး ထွက်ပြေးရတာပဲ။ အင်္ဂလိပ်တပ်က ပြည်ကို ဆက်ပြီး ချီတက်တယ်။ မြို့ကို အလွယ်တကူသိမ်းပြီး ပြည်မှာ စခန်းချလိုက်တယ်။ မုတ်သုံရာသီကုန်တဲ့အထိ စစ်ကိုရပ်ထားဖို့ ဆုံးဖြတ်တယ်။ အဲဒီအချိန်မှာပဲ နောက်ထပ်စစ်ကြောင်း ၂ ခုက အနောက်နဲ့ အနောက်မြောက်ဖက်က ဝင်လာတယ်။ စစ်ကြောင်းတစ်ခုက အာသံ မဏိပူရကနေ မြန်မာတွေကို မောင်းထုတ်တာပါ။ မဏိပူရရာဇာဟောင်း ဂမ်ဗီယာဆင်းက အင်္ဂလိပ်အရာရှိတွေရဲ့ အကူအညီနဲ့ မိုးရာသီအတွင်းမှာပဲ အဲဒီခက်ခဲလှတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အာသံနဲ့မဏိပူရမှာ မြန်မာတွေ နောက်ထပ် မကျန်တော့ပါဘူး။ နောက်စစ်ကြောင်းကတော့ မြန်မာတွေကို ရခိုင်က မောင်းထုတ်ဖို့ ၁၈၂၅ ခုနှစ်ဇန်နဝါရီလထဲမှာ မော်ရစ်ဆန်က စစ်ဆင်ရေးကို စတင်လိုက်တာပါ။ ၁၈၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ မြန်မာ ၉၀၀၀ လောက်ကို မောင်းထုတ်ပြီး မြို့တော်ဟောင်း မြောက်ဦးကို လွယ်လင့်တကူ သိမ်းပိုက်တယ်။ မော်ရစ်ဆင်က သံတွဲနဲ့ စစ်တွေကိုသိမ်းဖို့ ဆက်ဆင်းလာတယ်။ စစ်ဆင်ရေးအားလုံး ဧပြီလထဲမှာ ပြီးသွားတယ်။ ဒါပေမဲ့ မိုးများတာနဲ့ရောဂါဘယထူတာကသာ အင်္ဂလိပ်စစ်တပ်ကို အကြီးအကျယ်ထိခိုက်စေတာပါ။ တကယ်လို့ စစ်သာရှုံးခဲ့ရင် အင်္ဂလိပ်တွေ ဒုက္ခရောက်ကြမှာပါ။
၁၈၂၅ ခုနှစ် အောက်တိုဘာလ ၂ ရက်မှာ ကျီဝန်ကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ ကမ်းဘဲလ်ကို ပြည်နဲ့ ၂၅ မိုင်ဝေးတဲ့ ညောင်ပင်ဆိပ်မှာ လာတွေ့တယ်။ ရခိုင် တနင်္သာရီ အာသံနဲ့ မဏိပူရကို စွန့်လွှတ်ဖို့ အင်္ဂလိပ်က တောင်းဆိုတယ်။ ဒါ့အပြင် ပေါင်စတာလင် တစ်သန်းနဲ့ညီမျှတဲ့ ရူပီးငွေ သိန်း ၁၀၀ စစ်လျော်ကြေးတောင်းတယ်။ မြန်မာနန်းတော်က အမေရိကန် ဘက်ပတစ်သာသနာပြု ဒေါက်တာပရိုက်ဆန်နဲ့ စစ်သုံ့ပန်း လက်ထောက်ဆရာဝန် ဆန်ဖို့ဒ်တို့ကို ညှိနှိုင်းစေတယ်။ ဒါပေမဲ့ အင်္ဂလိပ်က သူ့ရဲ့ မူလတောင်းဆိုချက်ကို ဆုပ်ကိုင်ပြီး ဆက်လက်စစ်ချီတက်ခဲ့တယ်။ နောက်ဆုံးမတော့ ကျူးကျော်ရေးသမားတွေဟာ အင်းဝနေပြည်တော်ရဲ့တောင်ဘက် ၄၅ မိုင်ကွာတဲ့ ရန္တပိုကို ရောက်လာတယ်။ ပရိုက်စ်ကို တတိယအကြိမ်လွှတ်ပြီး စစ်လျော်ကြေးငွေ ရူပီး ၂၅ သိန်းနဲ့ တောင်းဆိုချက်ဟူသမျှ မြန်မာနန်းတော်က သဘောတူကြောင်း အင်္ဂလိပ်ကို သွားပြောခိုင်းရတယ်။ ဥရောပသုံ့ပန်းတွေဖြစ်တဲ့ ဂေါ်ရာနဲ့ ဂျက်ဆင်ဇနီးမောင်နှံအပါအဝင် အားလုံးကို လွှတ်ပေးရတယ်။ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှာ ရန္တပိုစာချုပ် လက်မှတ်ထိုးတယ်။
#အောင်ကျော်ဆန်းဘာသာပြန်ပါတယ်
နောက်ထပ် တင်မယ့်ပို့စ်က ရန္တပိုစာချုပ်ပါ။

0 comments:

Post a Comment