Monday, June 22, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
#ရစ်ချတ်ဗင်ဆင် (၁၈၃၇ - ၁၈၃၉)
ဘာနေးက ၁၈၃၇ ခုနှစ် အလယ်ပိုင်းမှာ အင်းဝက ပြန်တယ်။ အကြောင်းကတော့ ဘုရင်အသစ်က ဘာနေးကို နေပြည်တော်မှာ ဆက်နေခွင့်ပြုပေမဲ့ သံတမန်အရာရှိအဖြစ် အသိအမှတ် မပြုလို့ပါ။ ဒါက ရန္တပိုစာချုပ်ကို ဖောက်ဖျက်တာ၊ အင်္ဂလိပ်လူမျိုးတွေကို စော်ကားတာလို့ ဘာနေးက ယူဆပါတယ်။ ဒါကြောင့် သံကိုယ်စားလှယ်ရုံးကိုပိတ်ပြီး ချက်ချင်းစစ်ကြေညာဖို့ ဘာနေးက တင်ပြလိုက်တယ်။ 
အန္ဒိယအစိုးရကတော့ မြန်မာနိုင်ငံကို စစ်ကြေညာဖို့ ဘယ်လိုမှ အသင့်မဖြစ်သေးပါဘူး။ ဒါကြောင့် စစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီး ရစ်ချတ်ဗင်ဆင်ကို သံကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တယ်။ သာယာဝတီမင်းက ဗင်ဆင်နဲ့ တရားဝင်ဆက်ဆံဖို့ကိုလည်း ငြင်းပြန်တယ်။ ဒါကြောင့် အငြင်းခံရတဲ့ ဗင်ဆင်ကလည်း စစ်ပွဲသာ တစ်ခုတည်းသော နည်းလမ်းလို့ ထောက်ခံပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရက ဗင်ဆင်ရဲ့ အကြံပေးချက်ကိုလည်း ပယ်ချပါတယ်။ ဗင်ဆင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ၁၈၃၉ ခုနှစ် ဧပြီလမှာ အင်းဝကပြန်သွားတယ်။
ဗင်ဆင်ရဲ့နေရာကို ကပ္ပတိန် ဝီလျှံမက္ကလွိုက်က ဆက်ခံတယ်။ သူက သံကိုယ်စားလှယ်အဖြစ် ၄ လပဲ လုပ်ခဲ့တာပါ။ သာယာဝတီမင်းကတော့ စစ်ရေးပြင်ဆင်မှုတွေတောင် စလုပ်နေပါပြီ။ သံကိုယ်စားလှယ်ရဲ့ အသက်တောင် အန္တရာယ်ရှိတယ်ဆိုတဲ့ ကောလဟာလကလည်း ရှိနေပါတယ်။
မက္ကလွိုက်က ပြန်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကနဦးတော့ ဘုရင်က ဆုတ်ခွင့် မပြုပါဘူး။ အကြောင်းကတော့ စစ်ဖြစ်မှာ စိုးလို့ပါ။ ဒါပေမဲ့ နောက်တော့ ခွင့်ပြုလိုက်တယ်။ ဒါကြောင့် သံကိုယ်စားလှယ်ရုံးက ပထမတော့ ရန်ကုန်ကို ရွှေ့သွားတယ်။ ရန်ကုန်မြို့ဝန်က ဗြိတိသျှသံကိုယ်စားလှယ်ကို ဖော်ဖော်ရွေရွေ လက်ခံပါတယ်။ ဒါပေမဲ့ ၁၈၃၉ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ဝန် အသစ်ခန့်တယ်။ အရာရှိသစ်နဲ့ အလုပ်လုပ်ဖို့ မက္ကလွိုက် အကြပ်ရိုက်လာတယ်။ ဒါကြောင့် ၁၈၄၀ ပြည့်နှစ် သြဂုတ်လမှာ မြန်မာနိုင်ငံက ဗြိတိသျှသံကိုယ်စားလှယ်ရုံးကို တရားဝင် ဖျက်သိမ်းလိုက်ပါတယ်။ 
၁၈၆၂ ခုနှစ်အထိ မြန်မာပြည်အစိုးရနဲ့ နောက်ထပ်သံတမန်ဆက်ဆံရေး ဖွင့်ဖို့ အင်္ဂလိပ်ဘက်က ကြိုးပမ်းလုပ်ဆောင်တာ မရှိတော့ဘူး။ ဒါကြောင့် ၁၈၅၂ ခုနှစ် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲဟာ ငြိမ်းချမ်းစွာ ငြင်းခုန်ဆွေးနွေးဖို့ ကြားခံမရှိဘဲ ဖြစ်ခဲ့ရတယ်။ 

0 comments:

Post a Comment