Friday, September 16, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်လေ့လာဆွေးနွေးချက်များဆိုတဲ့ စာတမ်းမှာ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့ဖွင့်ဆိုချက်အချို့ကို ဝမ်လျဲ့က ခုလိုတင်ပြထားတာတွေ့ရပါတယ်။

 

“ပညာရှင်အသိုင်းအဝိုင်းအတွင်းမှာ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ပတ်သက်ပြီး ငြင်းခုန်ကြတာတွေကတော့ အဓိကအကြောင်းရင်း နှစ်ခုကြောင့် ဖြစ်မယ်ထင်ပါတယ်။ ပထမအချက်က တကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စတဲ့နယ်ပယ် တော်တော်များများမှာ နေရာတကာဂယက်ရိုက် ထိတွေ့တာတွေကလည်းရှိ၊ မတူတဲ့ပညာရပ်နယ်ပယ်တွေအနေနဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုအပေါ်မြင်ကြတာချင်း မတူကြတော့ဘူးပေါ့။ ဒါ သဘာဝကျပါတယ်။ 

 

ဒုတိယအချက်ကတော့ လူပုဂ္ဂိုလ်အသီးသီး၊ လူအင်အားစုအသီးသီးတွေအနေနဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲမှာ ပါဝင်တဲ့အခန်းကဏ္ဍချင်းကလည်းမတူ၊ ဒီဖြစ်စဉ်ရဲ့ထိုးဖောက်မှုခံရတဲ့အတိုင်းအတာချင်းကလဲမတူ၊ နောက်ပြီး သူတို့တတွေကိုယ်စီရဲ့ ဓလေ့ထုံးစံ၊ တန်ဖိုးထားချက်၊ အသိစိတ်ဓာတ်နောက်ခံ စတဲ့အခြေအနေချင်းကလဲ မတူကြတာကြောင့် တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာကို ဖွင့်ဆိုကြတာချင်းလဲ မတူကြတော့ဘူးပေါ့။  ဒီအကြောင်းတွေကြောင့် ပညာရှင်အသိုင်းအဝိုင်းအတွင်းမှာ တကမ္ဘာလုံးဆိုင်ရာလက္ခဏာဆောင်မှုကို အမျိုးမျိုးအဖုံဖုံ ဖွင့်ဆိုချက်ပေးကြတာတွေကို တွေ့နေရတာပါ။ 

 

စံကျတဲ့ဖွင့်ဆိုချက်တချို့ကို ကျနော် ဥပမာပေးပါ့မယ်။ ဥပမာ- တချို့ပညာရှင်တွေက သတင်းဆက်သွယ်ရေးရှုထောင့်ကကြည့်ပြီး တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာ သတင်းအချက်အလက်တွေ ဟင်းလင်းပြင်(နယ်မြေ)အတားအဆီးကိုကျော်လွန်ပြီး တကမ္ဘာလုံးမှာပျံ့နှံ့သွားတာကိုဆိုလိုတယ်လို့ တင်ပြကြတယ်။ ကမ္ဘာ့ရွာ (Global Village)ဆိုတာကိုတင်ပြတဲ့ မိုက်ခ်ရွမ်းဟာ ဒီအမြင်ရဲ့ အရေးပါတဲ့ကိုယ်စားလှယ်ဖြစ်တယ်။ 

 

တချို့ပညာရှင်တွေက တကမ္ဘာလုံးဆိုင်ရာလက္ခဏာဆောင်မှုဆိုတာ  အရင်းအမြစ်တွေ တကမ္ဘာလုံးအတွင်းမှာ လွတ်လပ်စွာလှုပ်ရှားစီးဆင်းနေရာယူခြင်းကို ဆိုလိုတယ်လို့ဆိုပြီး စီးပွားရေးရှုထောင့်က တင်ပြကြတယ်။ “လစ်ဘရယ်ဘောဂဗေဒ”က ဒီအမြင်ကို ထင်ထင်ရှားရှား ကိုယ်စားပြုထားပါတယ်။ 

 

တချို့ပညာရှင်တွေကတော့ အဆောက်အအုံရှုထောင့်ကကြည့်ပြီး တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာ အရင်းရှင်စနစ်ကြီး တကမ္ဘာလုံးလက္ခဏာဆောင်လာတာ(သို့မဟုတ်) အရင်းရှင်စနစ်က တကမ္ဘာလုံးသို့ တိုးချဲ့တာကိုဆိုလိုတယ်လို့ တင်ပြကြတယ်။ လက်ဝဲပညာရှင်တော်တော်များများက ဒီအမြင်ကို ကိုင်ကြပါတယ်။ တချိူ့ပညာရှင်တွေကတော့ စည်းစနစ်ရှုထောင့်ကကြည့်ပြီး တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာ ခေတ်မီစည်းစနစ်တွေ (သို့မဟုတ်) ခေတ်မီမှုတွေ တကမ္ဘာလုံးမှာပျံ့နှံ့သွားတာကို ဆိုလိုတယ်လို့တင်ပြကြတယ်။  အင်္ဂလိပ်လူမှုသိပ္ပံပညာရှင် ဂစ်ဒိန်းစ်ကလည်း တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာ အနောက်တိုင်းရဲ့ခေတ်မီမှု တကမ္ဘာလုံးပျံ့နှံ့သွားတာကိုဆိုလိုတာဖြစ်တယ်လို့ ယူဆပါတယ်။

 

တချို့ပညာရှင်တွေကျပြန်တော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာ  ကမ္ဘာတခုလုံးဆိုင်ရာပြဿနာတွေကို စဉ်းစားကြတာ၊ ကမ္ဘာတခုလုံး တူညီတဲ့အသိတွေရလာကြတာကို ဆိုလိုတယ်လို့ပြောကြတယ်။ ရောမကလစ်ဆိုတာ ဒီအမြင်ကို ထင်ရှားစွာကိုယ်စားပြုပါတယ်။

(တကမ္ဘာလုံးဆိုင်ရာလက္ခဏာဆောင်မှုနဲ့ပတ်သက်လို့ ဝမ်လျဲ့ရဲ့ ကိုယ်ပိုင်ဖွင့်ဆိုချက်ကို ကျွန်တော် ပထမ ပို့စ်မှာ တင်ပြခဲ့ပြီးပါပြီ။ သိလိုရင် ပထမပို့စ်ကိုပြန်ဖတ်စေချင်ပါတယ်)

0 comments:

Post a Comment