Friday, September 16, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်လေ့လာဆွေးနွေးချက်များဆိုတဲ့ စာတမ်းမှာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးစခဲ့တဲ့ ကာလနဲ့ပတ်သက်လို့  သူတို့နှစ်ယောက်က ခုလိုဆွေးနွေးပြပါတယ်။

 

ယန်ရွယ်တုန်း။ အခုအခါမှာ တကမ္ဘာလုံးလက္ခဏာဆောင်လာတာတွေဟာ တကယ်ရှိနေတာကို အငြင်းပွားစရာ မလိုတော့ပါဘူး။ ခင်ဗျားပြောသလိုပါပဲ တကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ နေရာတကာမှာရှိနေပြီး 

အမြဲပြောင်းလဲနေတဲ့ဖြစ်စဉ်၊ လူတိုင်းရဲ့ဘဝကို ဂယက်ရိုက်စေတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြီး စတင်ခဲ့တဲ့ကာလနဲ့ပတ်သက်ရင်လည်း  အမျိုးမျိုးပြောကြတာတွေရှိပါတယ်။ တချို့က ရှေး ဂရိခေတ်ကစခဲ့တာတဲ့။ ဘာလို့လဲဆိုတော့ ရှေး ဂရိယဉ်ကျေးမှုဟာ သူ့ခေတ်သူ့အခါမှာ တကမ္ဘာလုံးသဘောဆောင်တဲ့ဂယက်တွေ ရိုက်ခတ်ခဲ့လို့တဲ့။ 

 

တချို့ကျပြန်တော့ ဒီဖြစ်စဉ်ဟာ ခရစ်ယာန်ဘာသာ စတင်ပေါ်ပေါက်ကတည်းက စခဲ့တယ်လို့ဆိုတယ်။ ခရစ်ယာန်ဘာသာက ကမ္ဘာကြီးကို တစုတပေါင်းတည်းသဘောနဲ့ယူဆတာဖြစ်လို့ပဲလို့ သူတို့က အကြောင်းပြပါတယ်။ 

 

တချို့ကတော့ နိုင်ငံဘောင်ကျော်ကုမ္ပဏီကြီးတွေ ပေါ်လာကတည်းက ဒီဖြစ်စဉ်စခဲ့တာလို့ ဆိုတယ်။ ကမ္ဘာ့ဈေးကွက်အဖြစ်ပေါင်းစည်းမှုနဲ့ စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုကို ဒီကုမ္ပဏီကြီးတွေက တွန်းဆော်ပေးလို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဝမ်လျဲ့။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ် စခဲ့တဲ့အချိန်ကိုသတ်မှတ်ရတာလည်း အတော်ခက်ခဲတဲ့ပြဿနာတခုပါပဲ။ “မန်နိုင်း”ပြောသလို တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်လိုမျိုး ကြီးမားလှတဲ့လူမှုအပြောင်းအလဲကြီးတွေ စခဲ့တဲ့အတိအကျကာလကိုသတ်မှတ်ဖို့ကြိုးစားတာဟာ လက်တွေ့မှာ လမ်းလွဲရောက်သွားနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနေကြပေမယ့်လည်း ပိုပြီး ကျိုးကြောင်းဆီလျော်ပုံလည်းရ၊  နယ်ပယ်မျိုးစုံကပညာရှင်တွေလည်း လက်ခံနေကြတဲ့အမြင်တခုတော့ရှိပါတယ်။ 

 

ဒီအမြင်ကတော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ဟာ (၁၅)ရာစုနှောင်းပိုင်းကာလ ဥရောပတိုက်ကာလက စခဲ့တယ်လို့ဆိုပါတယ်။ ပင်လယ်ရေကြောင်းသွားလာရေးဆိုင်ရာ တွေ့ရှိချက်ကြီးတွေကြောင့် (သွန်ဗစ်)ပြောသလိုမျိုး မြက်ခင်းပြင်မှ ပင်လယ်သမုဒ္ဒရာသို့ “တော်လှန်ပြောင်းလဲမှုကြီး” ဖြစ်မြောက်ခဲ့ပါတယ်။ အနောက်တိုင်းသားများဟာ ဒီပြောင်းလဲမှုကြီးအတွင်းမှ သာလွန်ချက်တွေရှိခဲ့ကြတယ်။  တခြားသူတွေရဲ့ယဉ်ကျေးမှုထက်တပန်းသာတဲ့ဖွံ့ဖြိုးမှုတွေ ရရှိခဲ့ကြတယ်။ နောက်ပြီး တခြားသူတွေရဲ့ယဉ်ကျေးမှုကို တခုတည်းသော ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးအတွင်း တပြေးညီလာအောင် အကျပ်ကိုင်ခဲ့တယ်။ ဒီအတိုင်း အမှန်ပါပဲ။ ပင်လယ်ရေကြောင်းသွားလာရေးအတတ်ပညာတင် မကပါဘူး။ ဥရောပတိုက်(အထူးသဖြင့် အနောက်ဥရောပတိုက်) ဟာ (၁၆)ရာစု၊ (၁၇)ရာစု၊ (၁၈)ရာစုအတွင်းမှာ အခြားယဉ်ကျေးမှုဒေသတွေထက်သာလွန်တဲ့ အခြားအချက်အလက်တွေလည်း ပိုင်ဆိုင်ခဲ့ကြသေးတယ်။ 

 

အဲ့ဒီအချက်တွေထဲမှာ အမြတ်အစွန်းရရေးကို အခြေခံဦးတည်ချက်အဖြစ်ထားတဲ့ တက်သစ်စဓနရှင်လူတန်းစား ပေါ်ပေါက်ခဲ့ခြင်း၊  အမျိုးသားနိုင်ငံတော်ဆိုတဲ့ အခိုင်အမာသဏ္ဍန်ကိုအခြေခံပြီး (အမြဲတမ်းတပ်မတော်စနစ်၊ အခွန်တော်စနစ် စတာတွေပါဝင်တဲ့) ခေတ်သစ်နိုင်ငံတော်စနစ်တွေနဲ့(အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူမှုကို ဗဟိုပြုတဲ့) ခေတ်သစ်နိုင်ငံတော်အဆောက်အအုံစနစ်တို့ကိုတည်ဆောက်ခဲ့ခြင်း၊ စက်ယန္တရားဖြင့် ထုလိုက်ထည်လိုက် ထုတ်လုပ်နိုင်တဲ့  ပထမအကြိမ်စက်မှုတော်လှန်ရေး ပေါ်ပေါက်ခဲ့ခြင်း၊ ကျိုးကြောင်းဆီလျော်မှု၊ တိုးတက်မှုတို့ကို ဦးထိပ်ပန်တဲ့စာ၊ စာပေအနုပညာများ ပြန်လည်ထွန်းသစ်လှုပ်ရှားခဲ့ခြင်း စတာတွေပါဝင်ပါတယ်။ 

 

ဒီ သာလွန်ချက်တွေကြောင့် အနောက်တိုင်းဟာ ကမ္ဘာ့နေရာအသီးသီးသို့တိုးချဲ့ဖို့အင်အားတွေလည်း ရှိလာပါတယ်။ တချိန်ထဲမှာ ဒီလိုတိုးချဲ့ဖို့ သူကိုယ်တိုင်ကလိုအပ်လာခဲ့တယ်။  တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ် အစဦးပိုင်းအဆင့်ရဲ့  အခြေခံထူးခြားချက်တွေကတော့ ဓနရှင်လူတန်းစားက ကမ္ဘာ့ဈေးကွက်ကိုထိုးဖောက်ခြင်းနဲ့ အာရှ ဥရောပနိုင်ငံများမှာ ကိုလိုနီလှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းတို့ဖြစ်ပါတယ်။ 

0 comments:

Post a Comment