Tuesday, September 6, 2022

အဂ္ဂသာခရစ္စတီးနှင့်...........

0 comments
(အဂ္ဂသာခရစ္စတီးနှင့်...........)
ကျွန်တော်က အင်္ဂလိပ် စာပေနှင့်အနုသုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်း၏ဟောပြောပို့ချချက်များ အား ဆရာမြသန်းတင့်က ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ အမည်ဖြင့်ပြန်ခဲ့သည့် ဘာသာပြန်များထဲမှ နှစ်သက်ရာတချို့ကို စာရိုက်တင်ပေးခဲ့ပါသည်။ သည့်အရင်က ဆရာဒဂုန်တာရာရေးသည့် သခင်ဗဟိန်းအကြောင်းဆောင်းပါးများကို စာပြန်ရိုက်၍ တင်ပေးခဲ့ပါသည်။
ခုတော့ အီလျာအာရင်ဘာ့ဂ်ကို ဓာတ်ကျနေပါသည်။ သူရေးသည့် Men, Years-Life ကို ဆရာမြသန်းတင့်က လူများ၊ သက္ကရာဇ်များ-ဘဝဟု ဘာသာပြန်ကာ ၅ တွဲခွဲပြီး ထုတ်ထားပါသည်။ ထိုစာအုပ်အတွဲများကို စေ့စေ့စပ်စပ် ပြန်ဖတ်နေပါသည်။ တချို့ ပိုကြိုက်သည့်အရေးအသားများ သူ့၏အတွေးများကို စာတိုလေးတွေရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ပါသည်။
ခုတလော ဇနီးသည်က အဂ္ဂသာခရစ္စတီးရေးသည့် လျှို့ဝှက်သည်းဖိုခေါ်မလား ရင်မသည်းဖိုခေါ်မလား ဝတ္ထုများကို မက်မက်မောမောဖတ်နေပါသည်။ အဂ္ဂသာခရစ္စတီး၏ဝတ္ထုများအား ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများအဖြစ် ဗြိတိသျှတို့ထုတ်လွှင့်သော စုံထောက်ဇာတ်လမ်း Mystery ဖြစ်သည့် စုံထောက်ကြီး Poirot ကို သူအလွန်ကြိုက်ပါသည်။ ပြီးတော့ “Mystery နဲ့ Crime ကမတူဘူး။ Mystery မှာက စဉ်းစားစရာပါတယ်။ Crime က သူတို့ အကုန်တွေးပြလိုက်တာ ကိုယ့်အတွက် တွေးစရာ မကျန်ဘူး။ NCIS တို့လို အမေရိကန်ဇာတ်လမ်းတွေကတော့ ပစ်တာခတ်တာတွေ များလွန်းပြီး Crime Seen တွေပြလွန်းတယ်”ဟု ပြောပါသည်။
မနေ့က ညီမအိမ်သွားရင်း လမ်းတွင် ပန်းချီဆရာကိုထိန်လင်းနှင့် သူ့ဇနီး(မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း) ဗစ်ကီဘောမန်းတို့ လူဝင်မှုဥပဒေနှင့်အဖမ်းခံရပြီး ထောင်တနှစ်စီ ကျသွားသည့်အကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ်‌ အလုပ်ကြမ်းနှင့် ထောင်သုံးနှစ် ထပ်ချလိုက်သည့် အကြောင်းများ ဇနီးသည်အားပြောပြသည့်အခါ သူက အံ့ဩဟန်မပြပါ။ မထူးဆန်းသလိုလေသံဖြင့် “Military Regime စွပ်စွဲသလို အောင်ဆန်းစုကြည် လုပ်ခဲ့ မခဲ့ကတော့ သူပဲသိလိမ့်မယ်။ တစ်ဖက်က တွေးတော့လည်း ဒါဟာ ဗမာပြည်လိုနိုင်ငံမှာဖြစ်နေတဲ့ Power Politics ပဲ” ဟုမှတ်ချက်ပြုပါသည်။ ကျွန်တော်က “ဒေါ်စုက တရားဥပဒေကိုလိုက်နာတာ၊ စစ်တပ်ရဲ့ တရားစီရင်မှုကို နာခံတာ”ဟု ပြောသည့်အခါ ခတ်ဆတ်ဆတ် လေသံဖြင့် “ဒါ သူလိုက်နာရမယ့် ဥပဒေမှမဟုတ်တာ။ သူ နာခံရမယ့် တရားစီရင်မှုမှ မဟုတ်တာ”ဟု ပြောပါသည်။
သူသည် ဗမာပြည်အကြောင်း ဗမာ့နိုင်ငံရေးအကြောင်း စစ်အုပ်စုအကြောင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းများအား ကျွန်တော့်လိုမသိပါ။ ထို့အတူ သူနားလည်သည့် အာဏာနိုင်ငံရေးမှာ အမေရိကန်တွေနားလည်သည့် အာဏာနိုင်ငံရေးမျိုးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သူနှင့် ဘာ အငြင်းအခုန်မှ မလုပ်ခဲ့ပါ။ နားပဲထောင်နေလိုက်ပါသည်။
ကိုထိန်လင်းနှင့်ဗစ်ကီကို သူသိပါသည်။ မြင်ဖူးပါသည်။ တနှစ်(လွန်ခဲ့သည့် ၅ နှစ်ခြောက်နှစ်ခန့်ကဟု ထင်ပါသည်)က ကိုထိန်လင်းနှင့်ဗစ်ကီတို့ အမေရိကားလာပါသည်။ ဖို့တ်ဝိန်းလည်း ရောက်ပါသည်။ ကိုထိန်လင်းက မနက်ခင်းတွင် ဦးကုသလ၏ဇေတဝန်ကျောင်းတိုက်တွင် ပါဖောမင်န့်စ် လုပ်ပါသည်။ ကျွန်တော် သိတ် နားမလည်သော်လည်း ဇနီးနှင့်အတူသွားကြည်ပါသည်။ ညနေပိုင်းရောက်တော့ အဆိုတော်ကြီး ဒေါ်မာမာအေးအိမ်တွင် ကဗျာစကား စာစကားပွဲလေးလုပ်ကြပါသည်။ လူလည်း အထိုက်အလျှောက် စုံပါသည်။ ထိုပွဲသို့ ကျနော့်ဇနီးလည်းတက်ပြီး နားထောင်ပါသည်။ ကျွန်တော်လည်း စကားနည်းနည်းပါးပါး ပြောခွင့်ရပါသည်။ ပွဲတွင် ဗစ်ကီလည်း စကားပြောပါသည်။ ဗစ်ကီပြောသည့် ဗမာစကားကိုနားထောင်ပြီး “ငါလည်း အဲ့လိုတတ်ချင်လိုက်တာ”ဟုပြောပြီး သူ အားကျနေပါသည်။ ကိုထိန်လင်းက ဧရာဝတီ ပါဖောမင်န့်စ်လုပ်ပါသည်။ ဒါကိုတော့ ကျွန်တော် နားလည်ခံစား၍ရပါသည်။
“ဗစ်ကီက အိမ်ပြောင်းပြီးနေတာ၊ အိမ်လိပ်စာ တရားဝင်လာမပြောင်းလို့၊ ကိုထိန်လင်းကိုကြတော့ အဲ့ဒီကိစ္စမှာ အားပေးကူညီတဲ့ကိစ္စနဲ့ဆွဲတာပဲ”ဟု ကျွန်တော်ပြောတော့ သူက ထိုဥပဒေအကြောင်း မေးပါသည်။ ကျွန်တော်လည်း ကျွန်တော်သိသမျှ သူ့ကို ရှင်းပြပါသည်။ နားထောင်ပြီးနောက် “အေးလေ သူတို့က အဲ့ဒီဥပဒေမှ မလိုက်နာတာကိုး၊ မထင်ရင် မထင်သလိုလုပ်တတ်တဲ့ ဒီစစ်အစိုးရ အောက်မှာနေပြီး ဒီအစိုးရအကြောင်းလည်း သူတို့သိမှာပဲ၊ ဒီလိုတိုင်းပြည်မျိုးမှာ ဘယ်လိုနေရမယ် ဆိုတာ သူတို့ ပိုသိကြမှာပဲ”ဟု ပြောပါသည်။ ကျွန်တော်က “ဖမ်းတာမှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ စေ့ဆော်မှုလည်း ပါနိုင်တယ်”ဟုပြောတော့ သူက “သူတို့က စစ်အစိုးရမကြိုက်တာတွေ လုပ်နေလို့လား”ဟုမေးရာ ကျွန်တော်က “ငါလည်း အသေအချာတော့မသိဘူး၊ ဒါပေမဲ့ ဗစ်ကီက သံအမတ်ဟောင်းဖြစ်တော့ လက်တံလည်းပိုရှည် အဆက်အသွယ်တွေလည်း ပိုကောင်းနိုင်တာဆိုတော့ မပြောတတ်ဘူး” ဟု မရေမရာပြန်ဖြေမိ၏။ “အေးလေ အဲ့လိုတွေရှိတယ်ဆိုရင် ပိုတောင်သတိထားရမှာပေါ့”ဟု ဆိုပါသည်။
ကျွန်တော်က “ဒေါ်စုကိုကျတော့ နင်က အဲ့ဥပဒေတွေ လိုက်နာစရာမလိုဘူး၊ အဲ့ဒီတရားစီရင်မှုကို နာခံစရာမလိုဘူးလို့ပြောပြီး ကိုထိန်လင်းတို့ကျတော့ ဥပဒေကို မလိုက်နာလို့ဖြစ်တာဆိုတဲ့သဘော ပြောတယ်၊ နှစ်ခုက ရှေ့နောက်မညီပါလား၊ ဖြစ်တာက ဒီစစ်အစိုးရအောက်မှာပဲ ဖြစ်ခဲ့ကြတာလေ”ဟု ပြောတော့ သူက “စစ်အစိုးရအောက်မှာ ဖြစ်တာမှန်ပေမယ့် အောင်ဆန်းစုကြည်က Power Politics လုပ်နေတဲ့နိုင်ငံရေးသမားလေ၊ သာမန်အရပ်သားမှမဟုတ်တာ”ဟုပြောပြီး ငြိမ်သွားပါသည်။ အဂ္ဂသာခရစ္စတီး၏ စုံထောက်ကြီး Poirot ဇာတ်လမ်းတွဲတွေထဲကလို သူ့အတွက်တွေးစရာတွေ ကျန်နေ၍လားမသိပါ။
ညီမအိမ်ရှေ့ကားထိုးလိုက်သဖြင့် စကားစပြတ်သွားကြပါသည်။
မျိုးမြင့်ချို စက်တင်ဘာ။ ၄။ ၂၀၂၂

0 comments:

Post a Comment