Friday, September 2, 2022

မိန်းမမြတ်တို့၏တန်ဖိုး ၂

0 comments

(မြသန်းတင့်ရဲ့ ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ မိန်းမမြတ်တို့၏တန်ဖိုး”ဒုတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

မယားကောင်းက ယောက်ျားသွားလေရာနေရာတိုင်းမှာ အဲ့ဒီလိုအိမ်မျိုးဟာ နောက်ကအမြဲလိုက်ပါ လာတတ်တယ်။ အဲ့ဒီမယားကောင်းရဲ့ခေါင်းပေါ်မှာ ဘာအမိုးမှမရှိဘဲ ကြယ်ပွင့်တွေသာရှိသည့်တိုင်၊ အဲ့ဒီမယားကောင်းရဲ့ခြေရင်းမှာ မီးဖိုဆိုလို့ မြက်တောထဲမှာလက်နေကြတဲ့  ပိုးစုန်းကြူးများသာ ရှိနေသည့်တိုင် မိန်းမကောင်းမိန်းမမြတ်တစ်ဦးရဲ့ ဘေးပတ်ပတ်လည်မှာ၊ အိမ်မှာ မျှော်မဆုံးနိုင်အောင်

ရှိနေတတ်တယ်။ မိန်းမမြတ်တစ်ဦးဟာ အိုးမဲ့အိမ်မဲ့သူအပေါင်းတို့အဖို့ စကြောနှစ်ထပ်မိုး အိမ်ခန်းဆောင်၊ ရွှေရေးဟင်္သာပြဒါးသုတ် ခန်းမဆောင်ထဲ လုံခြုံပြီးငြိမ်သက်တဲ့အလင်းကို ပေးနိုင်တယ်။ 

 

“အဲဒီနေရာဟာ မိန်းမမြတ်တို့ရဲ့ တန်ခိုးစွမ်းအား၊ မိန်းမမြတ်တို့ရဲဗိမာန်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ ဒီလို မိန်းမကောင်းမိန်းမမြတ်တစ်ယောက်ဖြစ်ဖို့အတွက် အဲဒီမိန်းမဟာ အမှားအယွင်း မရှိစေရဘူး။ အိမ်ကို သူအုပ်စိုးနေသမျှ အားလုံးဟာမှန်ကန်နေရမယ်။ အဲဒီမိန်းမဟာ သွေဖည်ခြင်းမရှိ၊ ဖောက်လွှဲဖောက်ပြန်ခြင်းမရှိ ကောင်းရမယ်။ ပင်ကိုယ်အားဖြင့် ဉာဏ်အမြော်အမြင်နဲ့ပြည့်စုံရမယ်။ ဉာဏ်အမြော်အမြင်နဲ့ပြည့်စုံရမယ်လို့ ဆိုတဲ့နေရာမှာလည်း သူ့တစ်ကိုယ်တည်း တိုးတက်ကောင်းမွန်ဖို့ ပြည့်စုံတာမျိုးမဟုတ်ဘဲ စွန့်လွှတ်အနစ်နာခံနိုင်တဲ့ဉာဏ်အမြော်အမြင်မျိုးနဲ့ ပြည့်စုံရမယ်။

 

“လင်ကို အထက်စီးက ဩဇာပေးတတ်တဲ့ဉာဏ်မျိုးမဟုတ်ဘဲ လင်ရဲ့အပါးမှာ အမြဲတမ်း လိုက်နိုင်တဲ့ဉာဏ်မျိုးနဲ့ ပြည့်စုံရမယ်။ ဘဝင်မြင့်ပြီး အကြင်နာကင်းတဲ့မာနမျိုးနဲ့ ကျဉ်းမြောင်းတဲ့ ဉာဏ်မျိုးမဟုတ်ဘဲ လင့်အလိုကို အမြဲအလိုက်သိပြီး ဣန္ဒြေသိက္ခာနဲ့ အကြိုက်ကိုဆောင်နိုင်တဲ့ ဉာဏ်မျိုးနဲ့ ပြည့်စုံရမယ်။ သစ်ရိပ်ဟာ သစ်ပင်နောက်ကိုလိုက်သလို သစ်ပင်ရဲ့အနေအထားကိုမှီပြီး သစ်ရိပ်ဟာနေရာပြောင်းသလို လင်ရဲ့ဘေးပတ်လည်မှာ အေးရိပ်သာယာကိုဖန်တီးပေးနိုင်တဲ့ ဉာဏ်မျိုးနဲ့ပြည့်စုံရမယ်။

 

မိန်းမတစ်ယောက်ရဲ့နေရာမှန်ဟာ ဘာလဲ၊ မိန်းမတစ်ယောက်ရဲ့ တန်ခိုးစွမ်းပကားဟာ ဘာလဲ ဆိုတာကို တတ်နိုင်သမျှ ကျွန်တော်တို့ အကျဉ်းချုံးပြီးပြောခဲ့ပြီးပါပြီ။  ကောင်းပြီ။ ဒါဖြင့်ရင် ဒီလို မိန်းမကောင်းမိန်းမမြတ်တစ်ဦးဖြစ်ဖို့အတွက် ဘယ်လိုပညာရေးမျိုး၊ ဘယ်လိုသင်ကြားမှုမျိုး လိုသလဲ။ 

 

“မိန်းမအပေါ်မှာ ကျွန်တော်တို့ လိုက်နာကျင့်သုံးရမယ့် ပထမဆုံးဝတ္တရားကတော့ သူ့ရဲ့ကိုယ်ခန္ဓာ ကျန်းမာရေးနဲ့ ကိုယ်ကာယဖွံ့ဖြိုးရေးကို တိုးတက်ခိုင်မြဲစေမယ့် ကာယလေ့ကျင့်ခန်းနဲ့ ကာယသင်ကြားမှုကို ဖန်တီးပေးဖို့လိုတယ်။ အဲ့ဒီအလှရဲ့ အမြင့်ဆုံးသောကျက်သရေဟာ လှုပ်ရှားမှုအရောင်အဝါနဲ့ နူးညံ့မှုခွန်အားတို့ရှိမှသာရနိုင်တယ်။ ဒါတွေမရှိရင် အလှကို မရနိုင်တော့ဘူး။ ယောက်ျားဟာ မိန်းမရဲ့အလှကိုပြည့်စုံအောင် လုပ်ပေးရမယ်။ အလှရဲ့တန်ခိုးစွမ်းပကားကို ထက်မြက်အောင် လုပ်ပေးရမယ်။ ဒီလို အလှကျက်သရေတိုးနိုင်ဖို့အတွက် မိန်းမမှာ ကာယလွတ်လပ်မှု ရှိရမယ်။

 

“ဒါပေမဲ့ ဒီကာယလွတ်လပ်မှုဟာ စိတ္တလွတ်လပ်မှုဆိုတဲ့နှလုံးသားရဲ့လွတ်လပ်မှုမရှိရင် မဖွံ့ဖြိုးနိုင်ဘူး။ အလှကို တိုးတက်အောင်လုပ်နိုင်မှာ မဟဟုတ်ဘူး။ မိန်းမတစ်ယောက်ရဲ့အလှပြည့်စုံအောင်လုပ်ရေးနဲ့ ပတ်သက်လို့ ကဗျာတစ်ပုဒ်ကို ကျွန်တော် ထုတ်နှုတ်ကိုးကားလိုပါတယ်။ ရှေ့အပုဒ်များဟာ နိဒန်း ဖြစ်ပြီး ကျွန်တော် အထူးအလေးအနက်ပြုပြောချင်တာကတော့ နောက်ဆုံးအပိုဒ်ဖြစ်ပါတယ်။

 

သုံးနှစ်အတွင်းမှာ

သူမဟာ 

နေခြည်မိုးစက်တွေကြားမှာ

ကြီးပြင်းလာခဲ့တယ်။

ဒီလောက်ချစ်စရာကောင်းတဲ့ပန်းပွင့်ဟာ

မြေပြင်မှာ တစ်ခါမှမပွင့်သေး

ဒီကလေးငယ်ကို ငါမွေးမယ်။

သူဟာ ငါ့ချစ်သူဖြစ်ပြီး

နောင်မှာ ငါ့ကြင်ယာဖြစ်ရမယ်လို့

သဘာဝကြီးကပြောတယ်။

ငါ့ချစ်သူအတွက် ငါဟာနိယာမတရားဖြစ်ပြီး

ဥပဒေဖြစ်ရမယ်။

တောင်ထိပ်မှာဖြစ်စေ၊ လွင်ပြင်မှာဖြစ်စေ

မြေပြင်မှာဖြစ်စေ၊ ကောင်းကင်မှာဖြစ်စေ

သစ်ရိပ်မှာဖြစ်စေ၊ ပန်းချုံကွယ်မှာဖြစ်စေ

မိန်းကလေးဟာ

တောက်ပရွှန်းလင်းဖို့၊ ဒါမှမဟုတ် ချုပ်တည်းဖို့

တန်ခိုးဉာဏ်ရှိရမယ်။

လေလွင့်မြောနေတဲ့ တိမ်တိုက်များဟာ

သူတို့ရဲ့ဘဝကို မိန်းကလေးအား ငှားရမ်းစေ။

မိုးမခပင်ဟာ မိန်းကလေးအတွက်

ကွေးညွှတ်စေ။

မုန်တိုင်းထဲမှာဖြစ်စေ

မိန်းမပျိုရဲ့အလှကို ပုံသွင်းပေးတဲ့

ကျက်သရေကို မြင်နိုင်စွမ်းရှိစေ။

သက်ဝင်လှုပ်ရှားသော ကြည်နူးခံစားမှုဟာ

မိန်းကလေးရဲ့ရုပ်ဆင်းသဏ္ဌန်ကို

မိုးထိမြင့်တက်စေ။

သူ့ရဲ့အပျိုစင်ရင်ကို လှိုင်းခုန်သလိုရှိအောင်

အတွေးများကို ငါပေးအပ်ပေ

ဒီပျော်စရာဘုံမှာ

သူနှင့်ငါ ထာဝရအသက်ရှင်စေ။

 

သက်ဝင်လှုပ်ရှားနေသော ကြည်နူးခံစားမှု’ ဆိုတဲ့စကားလုံးတွေကို သတိပြုစေချင်ပါတယ်။ အသေလိုဖြစ်နေတဲ့ ကြည်နူးခံစားမှုလည်း ရှိတတ်ပါတယ်။  ဒါပေမဲ့ တကယ်ကတော့ သက်ဝင်သော ကြည်နူးခံစားမှုသာလျှင်  သဘာဝကျပါတယ်။ ဒီလိုခံစားမှုမျိုးသာလျှင် ဘဝအတွက် အရေးကြီး လိုအပ်ပါတယ်။

 

“ဟုတ်တယ်။ မိန်းကလေးတွေ သက်ဝင်လှုပ်ရှားနေတာကိုကြညာ့်ချင်ရင် သူတို့မှာ ကြည်နူးတဲ့ခံစားချက်တွေ ပေါ်ပေါက်နေစေရမယ်။ ပျော်ရွှင်ခြင်းမရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းအောင်လုပ်လို့မရဘူး။ အပြစ်ကင်းစွာ ပျော်ရွှင်နေတဲ့မိန်းကလေးတစ်ယောက်ကို ချုပ်ချယ်လိုက်တာနဲ့၊ ဟန့်တားလိုက်တာနဲ့တစ်ပြိုင်နက် သူ့အပြစ်ကင်းတဲ့မျက်လုံးတွေထဲက တောက်ပမှုဟာ ပျောက်ကွယ်သွားရတယ်။ တင့်တယ်တဲ့နဖူးပြင်က ကျက်သရေဟာလည်း ပျောက်ကွယ်သွားရတော့တယ်။

 

“မိန်းမတို့ရဲ့အလှကို အပြည့်စုံဆုံးဖော်ပြထားတဲ့ စောစောက ကဗျာဆရာရဲ့စာပိုဒ်တပိုဒ်ကို ကျွန်တော် ကောက်နှုတ်တင်ပြချင်ပါသေးတယ်။

 

ချိုမြိန်တဲ့မှတ်တမ်းများနှင့်

ချိုမြိန်တဲ့ကတိတို့ပေါင်းဆုံရာ

မျက်နှာသည်သာ အလှဆုံး လို့ သူက ဖွဲ့ခဲ့ပါတယ်။

 

“မိန်းမတစ်ယောက်ရဲ့မျက်နှာမှာ ချစ်စရာအကောင်းဆုံး အလှဆုံးအချိန်ဟာ ခမ်းနားတဲ့ စိတ်ငြိမ်းချမ်းခြင်း ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အရာနှစ်ခုအပေါ်မှာ တည်ဆောက်ထားတယ်။ တစ်ခုက ချမ်းမြေ့ဖွယ်ကောင်းပြီး အကျိုးရှိခဲ့တဲ့ ပျိုရွယ်စဉ်ဘဝကိုအောက်မေ့စိတ် ဖြစ်တယ်။ နောက်တစ်ခုကတော့ ပိုပြီးခမ်းနားတဲ့ပြောင်းလဲမှုတွေ၊  အလားအလာတွေ၊ မျှော်လင့်ချက်တွေဖြစ်တယ်။ သူ့ ငြိမ်သက်ကြည်လင်မှုဟာ ဒီအရာတွေအပေါ် တည်ဆောက်ထားတဲ့ စိတ်ငြိမ်းချမ်းရေးမျိုးဖြစ်ရမယ်။ တစ်နည်းပြောရရင် ပျော်စရာကောင်းတဲ့ အတိတ်မှတ်တမ်းတွေနဲ့ အနာဂါတ်မျှော်လင့်ချက်တွေပေါင်းဆုံနေတဲ့ မိန်းမတစ်ယောက်ရဲ့မျက်နှာဟာ  ချစ်စရာအကောင်းဆုံး၊ အလှဆုံးလို့ သူကဆိုတယ်။  အဲဒီလို အလားအလာတွေ မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုရင် ဇရာဆိုတာ မရှိနိုင်ဘူး။ အဲဒီမိန်းမဟာ ထာဝရနုပျိုနေမှာပဲ။

(မူရင်းသတ်ပုံအတိုင်း။ ဆက်ရိုက်ပြီး တင်ပေးပါမယ်။ မျိုးမြင့်ချို)

0 comments:

Post a Comment