Sunday, September 18, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့တရုတ်ပြည်” ကို ကောက်နှုတ် ဖော်ပြထားတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ ခင်ဗျားရဲ့ အဆင့်ခွဲခြားနည်းအရပြောရမယ်ဆိုရင် တရုတ်ပြည်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှု ဖြစ်စဉ်ထဲ တတိယအကြိမ်ဝင်ရောက်လာခဲ့တာ အနှစ်(၂၀)ရှိသွားပြီပေါ့။ ဒီ အနှစ်(၂၀)အတွင်းမှာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ လူမှုရေးစတဲ့အောင်မြင်ချက်တွေကို ကမ္ဘာကအာရုံစိုက်လာရတယ်။ နိုင်ငံတကာမှာ တရုတ်ပြည်ရဲ့ အဆင့်နေရာဟာလည်း တဆင့်တိုးမြင့်လာတယ်။ နိုင်ငံတကာအပေါ ဂယက်ရိုက်နိုင်စွမ်းလည်း အတော်ကြီး မြင့်လာတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အပေါ်အကျိုးပြုမှုဟာလည်း ကြီးမားလာတယ်။ ဒါပေမဲ့ အဲဒီလို လူတိုင်းမြင်သာတဲ့အောင်မြင်မှုတွေကို အခြေခံအဖြစ်ထားပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားစေဖို့ဆိုရင် တရုတ်ပြည်ဟာ ပြဿနာအများကြီးနဲ့ ရင်ဆိုင်နေရပါသေးတယ်။

 

ဝမ်လျဲ့။ တရုတ်ပြည် အခုရင်ဆိုင်နေရတာတွေထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများ အလားတူရင်ဆိုင်နေရတဲ့၊ အနှံ့အပြားလက္ခဏာဆောင်တဲ့ပြဿနာတွေရော၊ တရုတ်ပြည်ထူးခြားချက်နဲ့ဆိုင်တဲ့ပြဿနာတွေရော ပါဝင်ပါတယ်။ အနှံ့အပြားလက္ခဏာဆောင်တဲ့ပြဿနာတွေကို စုစည်းဖော်ပြနေတဲ့အချက်ကတော့ တရုတ်ပြည်ဟာ တကမ္ဘာလုံး လက္ခဏာဆောင်မှုဖြစ်စဉ်ထဲမှာ နောက်ပိုင်းမှာမှ ပါဝင်လာခဲ့တာဖြစ်တဲ့အတွက် တကမ္ဘာလုံးအဝန်းအဝိုင်းရဲ့ ကြီးလေးတဲ့ဖိအားကို ခံနေရတယ်ဆိုတာပါပဲ။ 

 

တဘက်ကကြည့်ရင် တရုတ်ပြည်ဟာ အချိန်တိုအတွင်းမှာ အများကြီးဖွံ့ဖြိုးလာအောင်လုပ်ခြင်းအားဖြင့် တကမ္ဘာလုံး လက္ခဏာဆောင်မှုဖြစ်စဉ်ကြီးကို ဦးဆောင်လာခဲ့တဲ့၊ ခုလည်း ထိန်းချုပ်နေသေးတဲ့ အနောက်တိုင်းနိုင်ငံတွေကို မီအောင်လိုက်ရမှာပါ။ အခြားတဘက်ကကြည့်ရင်  မိမိကိုယ်တိုင်ဖွံ့ဖြိုးလာဖို့အတွက်ကျတော့လည်း  အဓိက အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ နိုင်ငံတကာစည်းစနစ်တွေ၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကိုလက်ခံဖို့ လိုလာပြန်ရော။  ကိစ္စအတော်များများတွေ့နေရတာက အဲ့ဒီစည်းစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံတွေဟာ အတော်ကို တောင်းဆိုချက်မြင့်မားတင်းကျပ်ရုံမက တရုတ်ပြည်အနေနဲ့လည်း ဒါတွေကို အကျွမ်းတဝင်မရှိလှဘူး။ 

 

နောက်ပြီးတော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ အတွင်းကျကျရောက်လာလေ တကမ္ဘာလုံးအဝန်းအဝိုင်းရဲ့ ကန့်သတ်မှုကိုခံရလေဖြစ်တာ ဓမ္မတာပါ။ ဒီအချက်ကြောင့် နိုင်ငံတော် ဗျူဟာပေါ်လစီများကို  မိမိဘာသာ အမှီခိုကင်းကင်း ဆုံးဖြတ်ချမှတ်လုပ်ဆောင်တဲ့ နေရာမှာလည်း အနည်းနဲ့အများ အကန့်အသတ်တွေ ဖြစ်လာတတ်ပါတယ်။ 

 

ရင်ဆိုင်နေရတဲ့ပြဿနာတွေမှာ တရုတ်ပြည်ထူးခြားချက်နဲ့ဆိုင်တဲ့ပြဿနာတွေကိုတော့ အဓိကအားဖြင့် ဘက်နှစ်ဘက်မှာ တွေ့နိုင်ပါတယ်။ ပထမဘက်ကပြောရမယ်ဆိုရင်  လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်အတွင်းမှာ တရုတ်ပြည် အလျင်အမြန်တိုးထွက် ပေါ်လွင်လာတာကြောင့် အနောက်အုပ်စုက ဗိုလ်လုပ်နေတဲ့အနေအထား ဟာလည်း ယိမ်းခါလာတယ်။ ဒါလည်း အနောက်အုပ်စုက လန့်လာတယ်။  ဒါကြောင့် တရုတ်ပြည်ဖွံ့ဖြိုးရေးကို အတားအဆီးဖြစ်စေမယ့်အရာတွေကို နေရာတကာမှာလုပ်လာကြတယ်။ ယခင်ကာလပိုင်းတခုအတွင်း အမေရိကန်မှာထွက်ပေါ်ခဲ့တဲ့ တရုတ်ပြည်ခြိမ်းခြောက်မှုဆိုတဲ့အမြင်တွေဟာ ဒီအချက်ကိုစုစည်းဖော်ပြနေတာပါ။

 

ဒုတိယဘက်ကပြောရမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ  တရုတ်ပြည်ဟာ အကိုင်တွယ်ရခက်တဲ့ ပြဿနာအများအပြားကို ရင်ဆိုင်နေရတယ်။ အဲဒီပြဿနာတွေထဲမှာ  အရှုံးပေါ်နေတဲ့ နိုင်ငံတော်ပိုင်ပြဿနာ၊ လုပ်ငန်းကြီးတချို့ဟာ လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေတဲ့အကြောင်းအချက်များ ဖြစ်လာနိုင်ဖွယ်ရှိခြင်း၊ ၎င်းတို့ဟာ စီးပွားရေးဆက်လက်ဖွံ့ဖြိုးရေးမှာ အတားအဆီးများပြုနေခြင်း၊ အကျင့်ပျက်ခြစားတာတွေက နိုင်ငံရေးကြံ့ခိုင်မှုအင်အားကို  ဖျက်ဆီးခြင်း၊ လူဦးရေက အလွန်များပြား၊ လူဦးရေနဲ့စာရင် အရင်းအမြစ်သယံဇာတက မလုံလောက်၊ ထုတ်လုပ်ရေးအတတ်ပညာက ခေတ်နောက်ကျသေးတာတွေကြောင့် တာရှည်ခံတဲ့(ပတ်ဝန်းကျင်ကြီးကို မထိခိုက်စေတဲ့)စီးပွားရေးဖွံ့ဖြိုးမှုကိုဖော်ဆောင်ရာမှာ  အကငန့်အသတ်များအတော်ကိုရှိနေခြင်း၊  ဈေးကွက် စီးပွားရေးကြောင့် ပြည်တွင်းလူ့အဖွဲ့အစည်းမှာ လူ့အလွှာများအပိုင်းပိုင်းကွဲထွက်နေမှု၊ ဆင်းရဲချမ်းသာကွာဟမှု စတဲ့အခြေအနေများဟာဆိုးဝါးလာတဲ့အတွက် အကျိုးစီးပွားဆိုင်ရာအတိုက်အခံဖြစ်မှုတွေကို ဖြေရှင်းဖို့ ထိရောက်တဲ့ အကျိုးစီးပွားထိန်းညှိရေးယန္တရားတခုလိုအပ်နေခြင်း၊ ဒေသဆိုင်ရာ၊ ဌာနဆိုင်ရာအင်အားများ တောင့်တင်းလာပြီး ဗဟိုရဲ့ထိန်းချုပ်ရေးအင်အား လျော့ပါးသွားတာကြောင့် နိုင်ငံတခုလုံးအရလုပ်ကိုင်ဆောင်ရွက်မှုများမှာ  အကန့်အသတ်ရှိလာနိုင်ခြင်း၊ ပြည်သူလူထုအကြားမှာ အတွေးအခေါ်များ ဆိုးဆိုးဝါးဝါးကျဲကွဲလာတာကြောင့် ပြည်သူတွေ နိုင်ငံရေးမှာစိတ်ဝင်စားမှုနည်းပါးတဲ့အခြေအနေမျိုး ရှိလာနိုင်ဖွယ်ရှိနေခြင်း။ စတာတွေပါဝင်ပါတယ်။ 

 

တရုတ်ပြည်အနေနဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ  အတွင်းကျကျပါဝင်နိုင်ဖို့၊ ပိုမိုတန်းတူတဲ့အဆင့်နေရာ ရရှိနိုင်ဖို့ ကြိုးစားလုပ်ဆောင်ရာမှာ  အထက်မှာပြောခဲ့တဲ့ပြဿနာတွေက အကန့်အသတ်တွေပြုနေတာပါ။  ဒီအထဲက တချို့ပြဿနာတွေဟာ တစုံတရာကာလ၊ တစုံတရာအချက်အလက်အောက်မှာ  အသူတရာနက်တဲ့ချောက်ကြီးများ သဘောတောင် ဖြစ်လာနိုင်ပါတယ်။ ဒါကို သတိထားကြရမှာပါ။ (ဆက်လက်ဖော်ပြပါမယ်)

0 comments:

Post a Comment