Friday, September 16, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့ စာတမ်းမှာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆင့်တွေကို ဝမ်လျဲ့က ခုလို နိဂုံးချုပ်ချက်ပေးပါတယ်။

 

အခုကာလအထိ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးဟာ အဆင့် ၃ ဆင့်လောက်ကိုဖြတ်ခဲ့ရတယ်။ အဲ့ဒါကတော့ (၁)တခုတည်းသောဗဟိုချက်မက များပြားစုံလင်တဲ့ဗဟိုချက်မများကို လုံးပါးပါးအောင်တိုက်စားပစ်ပြီး ဗဟိုချက်မတခုတည်းထားတဲ့စနစ်ကို ထူထောင်ခြင်း၊ (၂)ဗဟိုချက်မတခုတည်းထားတဲ့စနစ်တည်တံ့နေကာ ဗဟိုချက်မပြောင်းလဲအစားထိုးမှုများဖြစ်ပေါ်လာခြင်း၊ (၃)များပြားစုံလင်တဲ့ဗဟိုချက်မစနစ် ပြန်လည်ထွန်းကားလာကာ ဗဟိုချက်မတခုတည်းစနစ်ကတော့အားနည်းလာခြင်း ဆိုတဲ့အဆင့်တွေဖြစ်ပါတယ်။

 

ပထမအဆင့်ဟာ(၁၅) ရာစုနှစ် တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်စတင်တဲ့အချိန်ကနေ (၁၉) ရာစုရဲ့ (၇၀)စုနှစ်ကာလ ဗြိတိသျှအင်ပါယာကြီးတည်ထောင်လိုက်တဲ့အချိန်အထိ အကျုံးဝင်ပါတယ်။ ဒီအဆင့်မှာ အထင်ပေါ်ဆုံး ထူးခြားချက်တွေကတော့ ဗြိတိန်နိုင်ငံကကိုယ်စားပြုတဲ့ ဥရောပနိုင်ငံများအနေနဲ့ ကိုလိုနီများတိုးချဲ့ခြင်း၊ အာရှ၊ အာဖရိက၊ တောင်နှင့်မြောက်အမေရိကတိုက်တို့မှ ရှေးခေတ်လူ့ယဉ်ကျေးမှုဗဟိုချက်မများကို လက်နက်အင်အားသုံးကာဖျက်ဆီးပစ်ခြင်း၊ တချိန်တခါက အလွန်စည်ပင်ဝေဖြာခဲ့တဲ့ အဲ့ဒီဒေသဆိုင်ရာ လူ့ယဉ်ကျေးမှုဗဟိုချက်မများကို အနောက်တိုင်းရဲ့ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းလိုက်ခြင်း၊ အနောက်တိုင်းစနစ်နဲ့ အနောက်တိုင်းယဉ်ကျေးမှုတို့ကို ထိုဒေသသို့ထိုးဖောက်စေပြီး အနောက်တိုင်းဗဟိုချက်မစနစ်ကို တဖြည်းဖြည်း ထူထောင်ခြင်းတို့ ဖြစ်ပါတယ်။ ဗြိတိသျှအင်ပါယာဟာ အနောက်တိုင်းဗဟိုချက်မရဲ့ဗဟိုဖြစ်လာပြီး သူ့မှာ ကျယ်ပြန့်တဲ့ကိုလိုနီတွေပိုင်ဆိုင်ခဲ့တာကြောင့် “နေမဝင်အင်ပါယာ”နာမည်ကိုရခဲ့တယ်။

 

ဒုတိယအဆင့်ဟာ (၁၈၈၀)ခုနှစ်မှစတင်ကာ အမေရိကန်ဒေါ်လာအခြေခံ စံငွေကြေးအဖြစ်မှကျဆုံးသွားတဲ့အချိန် (၁၉၇၂)ခုနှစ်အထိဖြစ်တယ်။ ဒီကာလအတွင်းမှာ  ဥရောပကဗဟိုချက်မဖြစ်မှုအခြေအနေက အမေရိကန် ဗဟိုချက်မဖြစ်မှုအခြေအနေသို့ ပြောင်းလဲသွားခဲ့တယ်။ အမေရိကန်ရဲ့စီးပွားရေးအင်အားဟာ (၁၈၈၀)ခုနှစ်ကတည်းက ရှေ့တန်းရောက်နိုင်ငံတွေရဲ့ထိပ်ပိုင်းမှာ ရောက်နေပါပြီ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ အမေရိကန်ဟာ ဗဟိုချက်မအဆင့်နေရာ ရောက်လာပါတယ်။ အမေရိကန်ဗိုလ်ကျလွှမ်းမိုးမှု တည်ရှိနေသေးတဲ့ ငြိမ်းချမ်းရေးကာလအတွင်းမှာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ဟာ အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ အဲ့ဒါရဲ့သာဓကအဖြစ် နိုင်ငံဘောင်ကျော်ကော်ပိုရေးရှင်းများကိုယ်စားပြုတဲ့စီးပွားရေးအင်အားစုတို့က ကမ္ဘာ့ဈေးကွက် တပေါင်းတစည်းဖြစ်ရေးကိုတွန်းဆော်ပေးတာတွေကို ဘက်တဘက်အဖြစ်နဲ့တွေ့နိုင်ပါတယ်။ အခြားတဖက်မှာတော့ သယ်ယူပို့ဆောင်ဆက်သွယ်ရေးနည်းပညာသစ်များ တော်လှန်ပြောင်းလဲလာခြင်းကြောင့် ရုပ်ဝတ္ထုနဲ့သတင်းအချက်တွေရဲ့  စီးဆင်းရွှေ့ပြောင်းလာမှုဟာလည်းပဲ ဟင်းလင်းပြင်(နယ်မြေ)အတားအဆီးကို ကျော်လွှားနိုင်တာကိုတွေ့နိုင်ပါတယ်။ အမေရိကန်ဗိုလ်ကျလွှမ်းမိုးမှုကခေါင်းဆောင်တဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြောင့် အမေရိကန်ရဲ့နည်းစနစ်တွေ၊ ယဉ်ကျေးမှုတန်ဖိုးထားချက်အမြင်တွေ စတာတို့ဟာ တိုင်းပြည်တော်တော်များများက နမူနာပြုအတုယူလာကြပါတယ်။  ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အမေရိကန်ရဲ့ဗဟိုချက်မအဆင့်နေရာဟာ  အင်အားစုနှစ်မျိုးရဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်လာရတာကိုလည်း မုချသတိပြုကြရမှာပါ။ အင်အားစုတခုက ဆိုဗီယက်ပြည်ထောင်စုအမှူးပြုသော အရှေ့အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုဟာ ကာလတခုမှာ အမေရိကန်ဩဇာပျံ့နှံ့လာတာကို  အောင်မြင်စွာတားဆီးကန့်သတ်နိုင်ပေမယ့် မိမိရဲ့ဩဇာဂယက်ကိုတော့ တကမ္ဘာလုံးပျံ့နှံ့သွားအောင်လုပ်နိုင်စွမ်းမရှိခဲ့ဘူး။  စိန်ခေါ်သူအခြားအင်အားစုကတော့ လွတ်လပ်ရေးရပြီးတဲ့ တတိယကမ္ဘာ့နိုင်ငံများဖြစ်ပါတယ်။  ဒီနိုင်ငံတွေရဲ့နိုင်ငံရေးလွတ်လပ်မှုကို နိုင်ငံတကာက လက်ခံကြရတာမှန်ပေမယ့် သူတို့ဟာ အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဩဇာဂယက်များကိုတော့ အကုန်အစင်မပယ်ရှားနိုင်ကြပါဘူး။ 

 

တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ရဲ့တတိယအဆင့်ကတော့ (၂၀)ရာစုရဲ့ (၇၀)စုနှစ်ကနေ အခုထိပါပဲ။  ဒီအဆင့်ဟာ ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။  ဒီကာလအတွင်းမှာ အပေါ်လွင်ဆုံးထူးခြားချက် နှစ်ခုရှိပါတယ်။  ပထမထူးခြားချက်က အမေရိကန်ဗိုလ်ကျလွှမ်းမိုးမှုအားနည်းလာပြီး သူ့ရဲ့ နိုင်ငံရေးဂယက်နဲ့ ယဉ်ကျေးမှုဂယက်ကို တကမ္ဘာလုံးမှာရော သူ့နိုင်ငံအတွင်းမှာပါ ဝေဖန်လာကြတယ် (သို့မဟုတ်)ဆန့်ကျင်လာတယ်ဆိုတဲ့အချက်ပါပဲ။  ဒုတိယထူးခြားချက်ကတော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်း ပါဝင်သူအင်အားစုတွေ၊ အကြောင်းအချက်တွေ စုံလင်များပြားလာတယ်ဆိုတဲ့အချက်ပါပဲ။  အချုပ်အချယ်ခံထားရတဲ့အင်အားတော်တော်များများနဲ့  တက်သစ်စအင်အားတော်တော်များများဟာ အစီအရီနဲ့ စင်မြင့်ပေါ်တက်လာကြတယ်။  ဒါ့အပြင် တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှာ သူတို့ဟာ မိမိတို့ရဲ့ကိုယ်ပိုင်သီးခြားအတွေးအခေါ်များနဲ့ပြောရေးဆိုခွင့်တို့ကို အသိရှိရှိနဲ့ ခိုင်မြဲအောင်လုပ်လာကြတယ်။  ဒီလို အစိတ်အပိုင်းစုံလင်များပြားတဲ့အနေအထားမှာ တကမ္ဘာလုံးဆိုင်ရာတွေးတောစဉ်းစားမှုများ၊  တကမ္ဘာလုံး တူညီစွာခံယူတဲ့အတွေးအခေါ်များ၊ တကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုများဟာလည်း စတင်ပေါ်ပေါက်လာတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးဟာ မိမိအား ဗဟိုချက်မတခုတည်းက ခေါင်းဆောင်မှုပေးနေတယ်ဆိုတဲ့အချက်ကြီးကို ဖယ်ရှားပစ်လျက်ရှိပြီး အကြောင်းအချက် အစိတ်အပိုင်းများစွာရဲ့တွန်းအားပေးမှု၊ အတူတကွယှဉ်တွဲတည်ရှိမှုဆိုတဲ့ လမ်းကြောင်းကြီးကိုလည်း ဖေါ်ဆောင်လျက်ရှိပါတယ်”လို့ သူက တင်ပြဆွေးနွေးသွားပါတယ်။

0 comments:

Post a Comment