Tuesday, September 6, 2022

ထွေရာလေးပါး

0 comments
မနေ့က အမေရိကန်မိတ်ဆွေတစ်ယောက်နှင့် ထွေရာလေးပါး စကားပြောဖြစ်၏။ သူက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်တစ်ခု တည်ထောင်ထားပြီး ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူ။ အထိုက်အလျှောက် သောင်သောင်သာသာရှိသူ။ လူနှစ်ယောက်တစ်ပိုင်းဖြင့်စခဲ့သည့် သူ့လုပ်ငန်းလေးမှာ အိုဘားမားလက်ထက်တွင် ဆထက်ထမ်းပိုးတိုးပွားလာသလို ပြည်တွင်းအလုပ်လက်မဲ့ပြဿနာလည်း နည်းခဲ့သဖြင့် အိုဘားမား၏စီးပွားရေးပေါ်လစီကို နှစ်သက်သူ။
သူက ဒီမိုကရက် လိုလားသူတစ်ဦးဖြစ်သလို သမ္မတဂျိုးဘိုင်ဒန်ကို မဲပေးခဲ့ပြီး ရွေးကောက်ပွဲတိုင်းတွင် ဒီမိုကရက်များကိုသာ မဲပေးခဲ့သူလည်းဖြစ်၏။ နိုင်ငံရေး (အမေရိကန်နိုင်ငံရေး) လည်း စိတ်ဝင်စားသလို အမေရိကန်နှင့် ဆက်စပ်သည့် ကမ္ဘာ့နိုင်ငံရေးကိုလည်း မျက်ခြေမပြတ်သူ ဟုဆိုရမည်ထင်၏။ ဂျိုးဘိုင်ဒန် စွမ်းဆောင်နိုင်ခဲ့သမျှ နိုင်ငံခြားရေးပေါ်လစီများထဲတွင် အာဖဂန်နစ္စတန်မှ အမေရိကန်ပြန်ထွက်ခွာလာခဲ့ခြင်း လှိုက်လှိုက်လှဲလှဲ ထောက်ခံသူဖြစ်၏ "ဘာလုပ်မလဲကွာ၊ နှစ် ၂၀ လောက် အလကား အချိန်ကုန် လူပမ်း ငွေကုန်နဲ့ ကိုယ့်စစ်သားတွေ သောက်သောက်လဲ သေရတာ။ အိုစမာဘင်လာဒင်လည်း သေပြီ။ အယ်လ်ကိုင်းဒါးတွေလည်း ချည့်နဲ့သွားပြီပဲ၊ တော်ပြီပေါ့"ဟု ပြော၏။
"ခု ဖြစ်နေတဲ့ ယူကရိန်းအရေးရော မင်းဘယ်လိုထင်လဲ"ဟု ကျွန်တော်က တောက်ကြည့်ရာ။ "ယူကရိန်းအရေးမှာ အမေရိကန်ဦးဆောင်ပြီး နေတိုးတစ်ခုလုံး ပါလာမယ်ထင်ပြီး ဂျိုးဘိုင်က အကွက်ရွှေ့တာပဲ။ ပြင်သစ်တို့ ဂျာမဏီတို့က အင်တင်တင်လုပ်သလို တခြားဥရောပနိုင်ငံတွေကလည်း စိတ်မပါလက်မပါလုပ်ကြတော့ အမေရိကန်တစ်ခုတည်းက ထင်းထင်းကြီးပေါ်နေတာပေါ့၊ ယူကရိန်းကို ပေးလိုက်ရတဲ့ အထောက်အပံ့က နည်းလား၊ ယူကရိန်း စစ်ဝန်ဟာ အမေရိကန်ပြည်သူတွေအပေါ်ပိနေတာမှ မနိုင့်ဝန်ထမ်းရသလိုဖြစ်နေတယ်၊ ပြည်တွင်း ငွေဖောင်းပွမှု၊ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန်တက်တက်လာမှုတွေကြောင့် လူတွေခေါင်းမဖော်နိုင်ရတဲ့ကြားထဲ ယူကရိန်းအရေးမှာ ငါတို့အခွန်ငွေတွေ ဘုန်းပေါလအော သုံးပစ်နေတာတော့ မဟုတ်သေးဘူးထင်တာဘဲ"ဟု ခတ်ထန်ထန်ပြော၏။
"ယူကရိန်းအရေးအကြောင်းပြုပြီး ရုရှကြီး ခါးပြတ်သွားအောင် ဂျိုးဘိုင်ဒန်အစိုးရက လုပ်နေတာလို့ရော မင်းမထင်ဘူးလား"ဟု ကျွန်တော်က မေးတော့ သူက "ယူကရိန်းအရေးကြောင့်တော့ဖြင့် ရုရှကြီး ပြိုမသွားနိုင်ပါဘူး၊ ချည့်လည်း ချည့်နည့်မသွားနိုင်ဘူး ထင်ထာပဲ၊ ကဲကွာ ရုရှ ချည့်နည့်သွားတယ်ပဲထား၊ နောက်ဆုံး ပြိုသွားတယ်ပဲထား အမေရိကန်အတွက် ဘာအကျိုးရှိမှာလဲ၊ ငါတို့အတွက် ဘာတွေထူးလာနိုင်လဲ"ဟုပြောကာ ကော်ဖီတကျိုက်သောက်ရင်း ပြတင်းပေါက်သို့ ငေးနေ၏။
ကျနော့်အထင်တွင် သူ့နိုင်ငံရေးအမြင်များမှာ သူ့စီးပွားရေးအခြေအနေနှင့် သူ့ဘဝအပေါ်အခြေခံထားသည်ဟု မြင်၏။ တကယ်တမ်းတွေးကြည့်တော့လည်း နိုင်ငံရေးဆိုသည်မှာ လူတို့၏ နိစ္စဓူဝ စားဝတ်နေရေးဘဝအပေါ်အခြေခံရသည်မဟုတ်ပါလား။
မျိုးမြင့်ချို စက်တင်ဘာ ၅။ ၂၀၂၂

0 comments:

Post a Comment