Sunday, September 18, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းထဲက တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”အပိုင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။

 

ယန်ရွယ်တုန်း။ ကျနော်တို့သတိမူသင့်တဲ့အချက်တခုရှိပါသေးတယ်။(အရင်းအနှီးကြီးထွားလာတာနဲ့ နှိုင်းယှဉ်ကြည့်ဖို့ပါ) အဲ့ဒီအချက်က ဘာလဲဆိုရင် စုစုပေါင်းအင်အားတမျိုးဖြစ်တဲ့ အလုပ်(အလုပ်သမားအပိုင်း) ကြဲကွဲသွားတဲ့ အချင်းအရာတွေထွက်ပေါ်လာပြီး ဒီအပိုင်းဟာ ဖွဲ့ဖွဲ့စည်းစည်းဖြစ်လာတဲ့ အင်အားလည်းကောင်းလာတဲ့ အရင်းအနှီးအပိုင်းကိုယှဉ်ပြိုင်ဖို့ ခက်လာတယ်ဆိုတဲ့အပိုင်းပါပဲ။ စက်မှုလုပ်ငန်းအဆောက်အအုံ ပြောင်းလဲထိန်းညှိမှုတွေက  အလုပ်သမားလူတန်းစားအပေါ် ကြီးမားစွာ ထိုးနှက်လိုက်တယ်။ 

 

ဒုတိယ (စက်မှု)ထုတ်လုပ်ရေးကဏ္ဍ(စက်မှုလုပ်ငန်းကဏ္ဍ) သေးကျုံ့သွားတာကြောင့် (စက်မှု)ထုတ်လုပ်ရေး အရေအတွက်လျော့သွားတယ်။ နောက်တခု တတိယ(စက်မှု)ထုတ်လုပ်ရေးကဏ္ဍ(ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ) တိုးချဲ့မှုတွေကြောင့် အလုပ်သမားတပ်ဖွဲ့ဟာ အစိပ်အပိုင်းတွေကွဲထွက်သွားတယ်။ တတိယ(စက်မှု) ထုတ်လုပ်ရေးကဏ္ဍက အမျိုးမျိုးပြောင်းလဲတတ်တဲ့သဘော၊ ကြဲကွဲတတ်တဲ့သဘောတွေရှိရတဲ့အထဲမှာ စားသုံးရေးပုံစံတွေကလည်း ပြောင်းလဲနေ၊ စားသုံးရေးယဉ်ကျေးမှုကလည်း ခေတ်စားနေ၊  နိုင်ငံတော်ရဲ့ပေါ်လစီတွေကလည်း အလုပ်သမားလှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်နေတာတွေကြောင့် အလုပ်သမားများအနေနဲ့ ကြီးမားတဲ့အဖွဲ့အစည်းတွေထူထောင်ဖို့ဆိုတာ အတော်ကြီးကိုခက်ခဲလာနေတယ်။  

 

တချိန်တည်းမှာ ဒေသခြား၊ နိုင်ငံခြားရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့လုပ်အားနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဈေးပေါတဲ့ လုပ်အားတွေကြောင့်လည်း  အလုပ်သမားတွေရဲ့ အရင်းအနှီးအပေါ်ယှဉ်ပြိုင်နိုင်စွမ်းဟာ အနည်းနဲ့အများ လျော့ပါးလာရပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေဟာ အရင်းရှင်များပေးတဲ့ လုပ်ခနိမ့်နိမ့်ကလေးတွေ၊ အဆက်မပြတ်လျော့ပါးလာနေတဲ့ လူမှုအာမခံချက်တွေကိုပဲ မလွဲမရှောင်သာ လက်ခံကြရပါတယ်။ 

 

ဒါတွေရဲ့အကျိုးဆက်အနေနဲ့  ရှေ့တန်းရောက်တိုင်းပြည်များအတွင်းမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ  ကြီးမားလာတယ်။ ဥရောပသမဂ္ဂစာရင်းအင်းဌာနရဲ့(၁၉၉၅)ခုနှစ် မေလ အစီရင်ခံစာအရ ဥရောပသမဂ္ဂလူဦးရေ စုစုပေါင်းရဲ့(၁၇)ရာခိုင်နှုန်းဖြစ်တဲ့ ဥရောပသား(၅၇)သန်းတို့ဟာ ဆင်းရဲကြပ်တည်းနေကြပြီး “အခု ဥရောပဟာ (၁၉) ရာစုက စခဲ့တဲ့သမိုင်းအစဉ်အလာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါပြီ။  အခုဥရောပ(ဥရောပသမဂ္ဂ)ဟာ ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲမှု မပြတ်နက်ရှိုင်းကြီးထွားတဲ့ဒေသကြီး ဖြစ်နေပါပြီ။  အဲ့ဒီအကြောင်းရင်းကြောင့်ပဲ အမျိုးမျိုးအဖုံဖုံသောဆင်းရဲသားတွေ ဘေးဖယ်ခံရ၊ ထုတ်ပယ်ခံရတာတွေကိုတွေ့နေကြရတာပါ”လို့ ပြင်သစ်သမ္မတ ရှီးရပ်က ငြီးတွားပြောဆိုခဲ့ဖူးပါတယ်။

 

အရင်းရင်စနစ်ရင်ဆိုင်နေရတဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီအကြား၊ အရင်းအနှီးနဲ့အလုပ်အကြားပဋိပက္ခများ သည်းသန်လာခြင်းဆိုတဲ့ပြဿနာကို တိုင်းပြည်အသီးစီးအစိုးရတွေက အလေးထားမိလာကြပါပြီ။ အစိုးရတွေဘက်ကကြည့်မယ်ဆိုရင် ပဋိပက္ခနှစ်ခုဟာ ဘယ်ယန္တရားစနစ်မျိုးကိုသုံးပြီး စီးပွားရေးကို စီမံခန့်ခွဲမလဲဆိုတဲ့ပြဿနာ(တနည်းအားဖြင့် လူမှုဖူလုံရေးနိုင်ငံတော်စနစ်ကိုပဲ ဆက်လက်တွန်းဆော်ပေးရမလား၊ ဈေးကွက်ကိုမှီခိုအားထားတဲ့စနစ်ကိုပဲ ပြောင်းလဲကျင့်သုံးရမလားဆိုတဲ့ပြဿနာ) မှာစုစည်းဖော်ပြနေတယ်။ 

 

ဒီပြဿနာနဲ့ပတ်သက်ရင်လည်း အနောက်ဥရောပနဲ့အမေရိကန်တို့ကိုင်စွဲထားတဲ့ ရပ်တည်ချက်ချင်းက လုံးဝကွဲပြားနေကြတယ်။  နောက်ပြီး သူတို့ရရှိတဲ့အကျိုးဆက်တွေကလည်း မတူညီဘူး။ အနောက်ဥရောပမှာ ရှည်ကြာတဲ့ လူမှုဖူလုံရေးအစဉ်အလာတွေကလည်းရှိခဲ့ပြီး ပြည့်စုံတဲ့လူမှုဖူလုံရေးစနစ်ကို ကျင့်သုံးတာကြောင့် အနောက်ဥရောပနိုင်ငံတွေဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှာကျတော့ လှုပ်ရှားမှုခြေလှမ်း နှေးကွေးတာတို့၊ စီးပွားရေးထိရောက်စွမ်းရည် ကျဆင်းတာတို့၊ စီးပွားရေးတက်နှုန်း နှေးတာတို့၊ အလုပ်လက်မဲ့နှုန်း ငွေကြေးဖောင်းပွမှုနှုန်းတွေကလည်း တက်ပြီးရင်းတက်နေတာတို့၊ ဆင်းရဲချမ်းသာကွာဟမှုကလည်း ကြီးနေတာတို့စတဲ့ရလာဒ်တွေ အထင်အရှားဖြစ်လာပါတယ်။ 

 

ဒါပေမဲ့ အမေရိကန်မှာတော့ ရီဂင်ဝါဒ’ အရ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာ လူမှုဖူလုံရေးစနစ်ကို အကြီးအကျယ်လျှော့ပစ်တယ်။ ဈေးကွက်အပေါ် ကန့်သတ်ချုပ်ချယ်တဲ့အစီအမံအများကြီးကို ဖယ်ရှားပစ်တယ်။ ဒါကြောင့် အမေရိကန်ဟာ (၉၀)စုနှစ်များတလျှောက်လုံးအတွင်းမှာ ငွေကြေးဖောင်းပွမှုနိမ့်ခြင်း၊ အလုပ်လက်မဲ့နှုန်း နိမ့်ခြင်းနဲ့ စီးပွားရေးတိုးတက်မှုနှုန်းမြင့်ခြင်းဆိုတဲ့ ကောင်းမွန်တဲ့စီးပွားရေးရလာဒ်များကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ အနောက်ဥရောပနဲ့အမေရိကန် ပုံစံနှစ်မျိုးရဲ့မတူတဲ့အကျိုးဆက်တွေကိုကြည့်ပြီး နိုင်ငံအများအပြား(အထူးသဖြင့် အနောက်ဥရောပတိုင်းပြည်များဟာ) မိမိတို့ရဲ့အနာဂတ်ရေးပေါ်လစီများအပေါ် အသစ်တဖန်သုံးသပ်လာကြပါတယ်။ 

 

အနောက်ဥရောပနိုင်ငံတွေဟာ အမေရိကန်ရဲ့အောင်မြင်ချက်တွေကို အသိအမှတ်ပြုကြပေမယ့်လည်း အမေရိကန်ပုံစံကို မိမိတို့အတုယူရမယ့်အရာအဖြစ် သဘောမထားကြသေးပါဘူး။ ပြင်သစ်၊ ဂျာမဏီတို့လို အနောက်ဥရောပအစိုးရအချို့က သဘောထားကြတာကိုပြောရမယ်ဆိုရင် အမေရိကန်ရဲ့ ဂျင်း (Jean)အရင်းရှင်စနစ်” ကိုယ်တိုင်က ပြဿနာတွေ တပုံတခေါင်းကြီးရှိနေတယ်၊ စီးပွားရေးဘက်မှာလည်း လုံခြုံမှုမရှိ၊ တန်းတူမှုမရှိတဲ့ အစိတ်အပိုင်းတွေ ရှိနေတယ်။  အမေရိကန်ပုံစံကို မျက်ကန်းလိုက်လုပ်ရင် စီးပွားရေးကြီးထွားမှုတော့ ရချင်ရမှာဖြစ်ပေမယ့် ဒါအတွက်တန်ဖိုးပေးရမှာအနေနဲ့ အနောက်ဥရောပပြည်သူတွေ ပင်ပန်းတကြီးတည်ဆောက်ခဲ့ရတဲ့ လူမှုဖူလုံရေးစနစ်ကွယ်ပျောက်သွားကာ ပိုမိုရက်စက်တဲ့၊ လူမဆန်တဲ့သွေးစုပ်မှု၊ ဆင်းရဲမွဲတေမှုတွေ တဖန်ပြန်ပေါ်လာနိုင်တာတွေဖြစ်လာလိမ့်မယ်။ အနောက်ဥရောပအစိုးရအချို့က အဲ့ဒီလို မြင်ကြပါတယ်။ (ဆက်လက်ဖော်ပြပါမယ်)

0 comments:

Post a Comment