Friday, September 9, 2022

ထိုင်းနဲ့ဗြိတိသျှ

0 comments
ထိုင်းမှာ နဂိုကတည်းက စည်းမျဉ်းခံဘုရင်စနစ်ကို အရိုသေတန်တဲ့လူတွေရှိတယ်၊ မလိုလားသူတွေ ဆန့်ကျင်ကြသူတွေရှိတယ်။ တပြိုင်နက်တည်းမှာပဲ ထိုင်းမှာ ဘုရင်ကို မတော်တဆလေးပဲဖြစ်ဖြစ် သွားထိပါးမိရင် သိပ်အန္တရာယ်ရှိတယ်။ အဖမ်းခံရ ထောင်ကျသွားနိုင်တယ်။ ဘုရင်ကို မရိုသေမနေရ လုပ်မထားပေးမယ့် မရိုသေပဲနေလို့မရအောင် လုပ်ထားတာဖြစ်တယ်။ ဒါပေမဲ့ ထိုင်းလူမျိုးအများစု(ပဲလို့ဆိုနိုင်မယ့်လူတွေ)က ဘုရင်ကြီး ဘူမိဘောအဒူယာဒက်ကို ကြည်ညိုလေးစားကြတယ်။ ချစ်ကြမြတ်နိုးကြတယ်။
ထိုင်းစစ်အုပ်စုနဲ့အရပ်သားဓနရှင်နိုင်ငံရေးသမားတွေ မသင့်မမြတ်ဖြစ်ကြရင် ဘုရင်ကြီးက ကြားဝင်ဖျန်ဖြေပေးလေ့ရှိတယ်။ ဒါပေမဲ့ ထိုင်းစစ်အုပ်စုအာဏာသိမ်းတာကိုတော့ သူ ဘာမှမလုပ်နိုင်ဘူး။ မတားမြစ်နိုင်ဘူး။ လက်ပိုက်ကြည့်နေရတယ်။ နိုင်ငံရေးအာဏာဟာ ဘယ်နေရာရှိမှန်းနဲ့ ဘယ်ကထွက်မှန်း ဘုရင်ကြီးဘူမိဘော ကောင်းကောင်းသိတယ်။ ထိုင်း ရွေးကောက်ခံအရပ်သားအစိုးရတွေဟာ ထိုင်းစစ်အုပ်စုကို အမိန့်ပေးနိုင်စွမ်းမှာ အားနည်းပါတယ်။ တခါတလေ စစ်အုပ်စုကို လွန်တောင် မလွန်ဆန်နိုင်ပါဘူး။
ထိုင်းမှာ စစ်တပ်အာဏာသိမ်းတာကို အလွယ်ဆုံးစကားနဲ့ပြောရရင် "စစ်ဗိုလ်တွေ တလှည့် စီးပွားရှာကြဦးမယ်"လို့ ဆိုတာပဲဖြစ်တယ်။ ထိုင်းစစ်အုပ်ဟာ စစ်‌ဗျူရိုကရက်ဓနရှင်လူတန်းစားလည်း ဖြစ်တယ်။ လက်ရှိ အရပ်သား(ဖြစ်နေပြီ)ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်(ဟောင်း)မှန်း လူတိုင်းသိကြပါတယ်။ စစ်တပ်အပေါ် ဩဇာညောင်းသူလည်းဖြစ်တယ်။ ပြောရရင် များမှာပါပဲ။ ကျွန်တော်နဲ့ မတူတဲ့အမြင်ရှိသူတွေလည်း နည်းမှာမဟုတ်ပါဘူး။
ထိုင်းရဲ့ လက်ရှိဘုရင် Maha Vajiralongkorn အပေါ်မှာ စည်းမျဉ်းခံဘုရင်စနစ်ကို ချက်ကြိုးမပြတ်နိုင်တဲ့ ထိုင်းလူမျိုးအများစုက သိပ်ကြည်ညိုလှတယ်လို့ မမြင်ဘူး။ သူ့ဖခင် ဘုရင်ကြီး ဘူမိဘောလိုလည်း အမြတ်နိုး အလေးအစား အချစ်အခင် မရှိလှဘူး။ ပြင်ပကမ္ဘာကလူတွေအတွက်လည်း ထိုင်းမှာ ဘုရင်ရှိတယ်ဆိုလို့သာ ရှိနေကြတာ။ တခါတလေ ဘုရင်ရှိလို့ရှိမှန်းတောင် သိတ်မသိကြဘူး။ နံမည်(ကောင်း)လည်း မထွက်ဘူး။ သူ့ခမည်းတော်လို သူ့နှမတော် သီရိဒုံလို လူရေးလူမှု တိုင်းရေးပြည်ရာတွေမှာ သိပ်မပါလှဘူး။ ပြင်ပကမ္ဘာက သီရိဒုံကို ပိုသိကြတယ်။ သူက နန်းစည်းစိမ်ခံစားနေတာက များတယ်ထင်ပါရဲ့။
သူ့လက်ထက်မှာ ထိုင်းစည်းမျဉ်းခံဘုရင်စနစ်ဟာ အားနည်းချည့်နဲ့သွားလိမ့်မယ်လို့ တွေးတွေးဆဆ ထင်ကြသူတွေရှိသလို လုံးဝပျက်သုဉ်းသွားလိမ့်မယ်လို့ လွန်လွန်ကဲကဲ ပြောကြသူတွေလည်းရှိပါတယ်။ ခုလက်ရှိဖြစ်ပျက်နေတဲ့ ထိုင်းနိုင်ငံရေးကိစ္စတွေမှာလည်း သူနဲ့မဆိုင်သလိုနေရကောင်းလားလို့ ထိုင်းတွေက အားမလိုအားမရ ဖြစ်နေတာရှိတယ်။ နဂိုကမှ ထိုင်းဘုရင်တွေ စစ်တပ်အပေါ် ဩဇာမညောင်းရတဲ့အထဲ ခု သူ့ မသိကျိုးကျွန်ပြုမှုကြောင့် ထိုင်းစစ်အုပ်စု ပိုအတင့်ရဲလာတယ်လို့ ကောက်ချက်ဆွဲသူတွေရှိတယ်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူဟာရှင်ဘုရင်ပဲ။ သူ့ဟာသူ ဘယ်နှပတ်ပတ် ပတ်ပတ် ပတ်လို့ရတာ မရတာကတော့ တပိုင်းပေါ့လေ။
ခု အင်္ဂလန်မှာ ဘုရင်မကြီး အဲလိဇဘက် သေပြီ။ သူ့နေရာမှာ ဆက်ခံမယ့် သူ့သား အိမ်ရှေ့ဥပရာဇာ ချားလ်စ်က တတိယမြောက် ချားလ်စ်ဘုရင်အဖြစ် နန်းမွေဆက်ခံလိမ့်မယ်။ မင်းမြတ်ဖြစ်မဖြစ်တော့ မပြောတတ်ဘူး။ ရှေ့က ဗြိတိသျှစည်းမျဉ်းခံဘုရင် ဘုရင်မတွေ၊ တစ်နည်းပြောရရင် ဘက်ကင်ဟမ်နန်းတော်ဟာ ပြည်တွင်းရေးရာတွေမှာသာမက ကမ္ဘာ့ရေးရာတွေမှာပါ ဝင်ဝင်ပါရတယ်။ (ကမ္ဘာပတ်ပြီး နယ်ချဲ့ခဲ့ ကျွန်ပြုခဲ့ ကိုလိုနီနိုင်ငံတွေတည်ခဲ့တာတွေကတော့ ကျွန်တော်တို့ တပိုင်းသတ်သတ်ပြောရမယ်ထင်ပါတယ်) ဘုရင်မကြီး အဲလိဇဘက်ဆို လူရိုသေ ရှင်ရိုသေလည်းရှိတယ်။ စစ်တပ်နဲ့လည်း ထိုက်သလောက် အလွမ်းသင့်တယ်။
ခု ချားလ်စ်က အစဉ်အလာအရ ဘုရင်ဖြစ်တော့မယ်။ ပြင်ပကမ္ဘာမှာတော့ သူ မင်းသားဘဝက ကြင်ယာတော် လေဒီဒိုင်ယာနာနဲ့တွဲပြီး လူသိများကြတယ်။ လေဒီဒိုင်ယာနာဟာ အင်္ဂလိပ်တွေထဲမှာတင်မဟုတ် ကမ္ဘာမှာပါကျော်ကြားတယ်။ သူ့ကြောင့် ချားလ်စ်မင်းသား လူသိပိုများတယ်လို့ပြောတောင် ရနိုင်တယ်။ ချားလ်စ်ဟာ ကမ္ဘာ့ရေးရာတွေတင်မက တိုင်းရေးပြည်ရွာကိစ္စတွေမှာတောင် သိပ်ပါလှတယ်မရှိဘူး။ ပါလည်း မယ်မယ်ရရမရှိပါဘူး။ ဘုရင်မကြီးရှိနေလို့ ပါခွင့်မရတာလည်းဖြစ်နိုင်တယ်။
သူ့မယ်တော်လို နန်းတော်တွင်းမှာ မီးသေမသေ၊ ပြည်သူတွေ ဘယ်လောက်ချစ် မချစ်၊ ဘယ်လောက်ကြည်ညို မညို၊ ဘယ်လောက်လေးစားရိုသေ မသေတွေကတော့ ပြောဖို့စောပါသေးတယ်။ သူ ဘာမှ မှ မလုပ်ရသေးတာကိုး။ နောက်ပြီး နိုင်ငံတကာနဲ့ မျက်နှာပန်းလှမလှ၊ ဝင်ဆန့်မဆန့်တွေကလည်းရှိပါသေးတယ်။ မနေ့ကပဲ အင်္ဂလန်ကဩဇာရှိတဲ့မီဒီယာကြီးတစ်ခုက ဟောကိန်းထုတ်နေသေးတယ်။ သူ့မယ်တော်လောက် စွံမယ်မထင်ဘူးဆိုပြီး။
အဲ့ဒီမီဒီယာကြီးကပဲပြောသေးတယ်။ နန်းတော်တွင်းဩဇာတည်ဆောက်ရာမှာ အထိုက်အလျှောက် အခက်အခဲတွေ့နိုင်တယ်၊ တော်ဝင်မိသားစုတွေအပေါ် အာဏာတည်မတည်ကလည်း ရှိသေးတယ်တဲ့။ ဝန်ကြီးချုပ်သစ် Liz Truss ဟာ ပြည်တွင်းပြည်ပ ပြဿနာပုံကြီးပေါ်တက်ထိုင်မိသလို ဘုရင်သစ်ဟာလည်း နိုင်ငံတကာ့ရေးရာတွေမှာ ကမ္ဘာကြီးပူနွေးလာတဲ့ကိစ္စနဲ့ Climate Change ဆိုတဲ့ မီးခဲပေါ် ဖင်ခုထိုင်မိမှာ သေချာပါတယ်တဲ့။
ဘာပဲဖြစ်ဖြစ် သူလည်း ရှင်ဘုရင်တော့ဖြစ်မှာပဲ။ သက်ဦးဆံပိုင်မဟုတ်တော့သလို ရေမြေ့သနင်းလည်း မဟုတ်ပါဘူး။ သူ့လက်ထက်မှာ နန်းတွင်းအရေးတော်ပုံတွေတော့ ပေါ်မလာတန်ဘူးထင်ရတာပါပဲ။
သူ့လက်ထက်မှာ ကမ္ဘာမှာ ဘာတွေဖြစ်လာဦးမလဲဆိုတာနဲ့ ဘက်ကင်ဟမ်ဟာ ဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်နေဦးမလဲကတော့ စိတ်ဝင်စားစရာပါ။
မျိုးမြင့်ချို(စက်တင်ဘာ ၉။ ၂၀၂၂)

0 comments:

Post a Comment