Friday, September 16, 2022

မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်

0 comments

ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ ဘယ်သူတွေမှန်း ကျွန်တော်မသိပါ။ ဒါပေမဲ့ “မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ “တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်”လေ့လာဆွေးနွေးချက်များဆိုတဲ့ စာတမ်းကိုဖတ်နေပါတယ်။ ဒီစာတမ်းဟာ ဒီပုဂ္ဂိုလ်နှစ်ဦး အပြန်အလှန်မေးမြန်းရင်း ဆွေးနွေးထားတဲ့ပုံစံနဲ့ တင်ပြထားတာဖြစ်ပါတယ်။ 

 

“Globalization ကဖြင့် ခွန်နှစ်ဆွေးရှစ်ဆွေးတောင်ရှိနေပြီ မင်းက ခုမှ ဘာ ထကြောင်တာတုန်း” လို့ ပြောမယ်ဆိုရင်တော့ အဲ့ဒီဆွေးနွေးချက်ထဲက ကျွန်တော်စိတ်ဝင်စားမိတဲ့ ဝမ်လျဲ့ရဲ့ဖွင့်ဆိုချက်တခုကို ထုတ်ပြပါရစေ။ 

 

“တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတဲ့စကားကိုမဖွင့်ဆိုခင် မူတခုတော့ ရှင်းလင်းချထားရမယ်ထင်တယ်။ အဲ့ဒီမူက ဘာလဲဆိုတော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုတိုတဲ့အရာဟာ တစုံတရာ အချိန်တချိန်မှာရှိတဲ့အခြေအနေ မဟုတ်ပဲ မပြတ်ပြောင်းလဲနေတဲ့ဖြစ်စဉ်တမျိုးဖြစ်ပြီး ကျနော်တို့ရဲ့ သိရှိနိုင်စွမ်းအရပြောရရင်တော့  ဒီဖြစ်စဉ်ကြီးဟာ ပြီးဆုံးသွားတယ်ရယ်လို့ရှိမှာမဟုတ်ပါဘူး။ အဲ့ဒီမူအရပြောရရင်တော့  တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတာ လူသားများအနေနဲ့ ဟင်းလင်းပြင်(နယ်မြေ)အတားအဆီးနဲ့ လူမှုစနစ်၊ ယဉ်ကျေးမှုစတဲ့လူမှုအတားအဆီးတို့ကို အဆက်မပြတ်ကျော်လွှားပြီး ကမ္ဘာတခုလုံးအဝန်းအဝိုင်းအတွင်းမှာ(ရုပ်ဝတ္ထုအရရော သတင်းအချက်အလက်အရပါ) အပြည့်အဝဆက်သွယ်မှုများထူထောင်ခြင်း၊ သိမြင်မှုပိုမိုတူညီလာအောင် လှုပ်ရှားလုပ်ဆောင်မှု၊  ပိုမိုတူညီလာအောင်လုပ်ဆောင်ခြင်းဆိုတဲ့ဖြစ်စဉ်ကို ဆိုလိုပါတယ်။ 

 

အဲ့ဒီဖြစ်စဉ်ကြီးထဲမှာ အောက်ပါထူးခြားချက်တွေရှိတယ်။ ထပမထူးခြားချက်က တကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ  ဘက်ပေါင်းစုံ များပြားစုံလင်တဲ့ဖြစ်စဉ်ကြီးတခုပါ။ နယ်ပယ်ပေါင်းစုံ၊ မျက်နှာစာပေါင်းစုံမှာဖြစ်ပေါ်နေရုံမက ဒီဖြစ်စဉ်ထဲပါဝင်နေသူတွေကိုကြည့်ရင်လည်း နိုင်ငံတွေ၊ လူမျိုးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ၊ လူ့အသိုက်အဝန်းမျိုးစုံနဲ့လူပုဂ္ဂိုလ်မျိုးစုံတွေစသဖြင့် အစိတ်အပိုင်းအများအပြား  ပါဝင်ပါတယ်။

 

ဒုတိယထူးခြားချက်က တကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ တပြေးညီကျမှုနဲ့ သဏ္ဍန်စုံလင်မှုတို့ ပူးတွဲပါဝင်နေတဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ အခုအခါမှာ ပညာရှင်တချို့ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုမှာရှိနေတဲ့ တပြေးညီကျမှုကိုအလေးထားတာလွန်ကဲနေပြီး သဏ္ဍန်စုံလင်များပြားမှုအစိတ်အပိုင်း အကြောင်းအချက်စုံလင်များပြားမှုကိုတော့ လစ်လျူပြုထားကြပါတယ်။ လက်တွေ့ကြည့်ရင် တကမ္ဘာလုံးလက္ခဏာဆောင်မှုက  တပြေးညီကျမှုတွေတိုးပွားလာအောင်တွန်းဆော်ပေးတာတွေရှိသလို ဒီဖြစ်စဉ်ထဲပါဝင်သူ ပင်မအင်အားစုအများအပြားတို့အတွက် ပြောရေးဆိုခွင့်တွေ၊ ကိုယ့်ထူးခြားချက်ကိုဖော်ထုတ်ရေးအချက်အလက်တွေကို ပိုမိုဖန်တီးပေးနေတာကြောင့် ပါဝင်သူအင်အားစုအသီးသီးအနေနဲ့ တခြားအင်အားစုတွေရဲ့အခြေအနေကိုအခြေခံကာ  မိမိသီးခြားအနေအထားကို သတ်မှတ်ဖော်ပြလာနိုင်ကြတယ်။ တခြားတဖက်မှာဆိုရင်လည်း တပြေးညီကျမှုကြောင့် ဖြစ်စဉ်ထဲပါဝင်သူပင်မအင်အားစုတွေအနေနဲ့ မိမိအနေအထားအပေါ်နားလည်ချက်များဟာ ခိုင်မာလာပါတယ်။ 

 

တတိယထူးခြားချက်ကတော့  တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ဟာ အတိုက်အခံဖြစ်မှုတွေ အဆက်မပြတ်ပေါ်ထွက်နေတဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ ဒီလိုပေါ်ထွက်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ အရာကိစ္စအသစ်အဟောင်း၊ အတွေးအခေါ်အသစ်အဟောင်းတို့အကြားပဋိပက္ခတွေနဲ့ ပါဝင်သူပင်မအင်အားစုမျိုးစုံတို့အကြားပဋိပက္ခတွေကြောင့်ပါပဲ။

 

တွေ့မြင်နေရတဲ့အတိုက်အခံဖြစ်မှုတွေထဲမှာဆိုရင် တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ ဒေသလက္ခဏာဆောင်မှုတို့အကြားအတိုက်အခံဖြစ်မှု၊ အမျိုးသားနိုင်ငံတော်စနစ်တွေကတဘက် ကမ္ဘာ့ဈေးကွက်နဲ့ပြည်တွင်းရှိလူမှုအသိုင်းအဝိုင်းတွေကတဘက်ဖြစ်တဲ့ အတိုက်အခံဖြစ်မှု၊ မတူတဲ့အမျိုးသားတွေအကြား အတိုက်အခံဖြစ်မှု၊ မတူတဲ့ယဉ်ကျေးမှု(သို့မဟုတ်)ဓလေ့ထုံးစံတို့အကြား အတိုက်အခံဖြစ်မှု၊ လူတဦးချင်းနဲ့ လူမှုအသိုက်အဝန်းတို့အကြား အတိုက်အခံဖြစ်မှု စတာတွေပါဝင်ပါတယ်။ တစုံတရာကာလ တစုံတရာအချက်အလက်အောက်မှာ အဲ့ဒီအတိုက်အခံတွေဖြစ်ပေါ်မှုအကြိမ်နှုန်းဟာ အတော်များပြားလာတတ်ပြီး သည်းသန်ပြင်းထန်လာတာတွေ ရှိတတ်ပါတယ်။ တစုံတရာဘောင်အတွင်းမှာ အကြမ်းဖက်အတိုက်အခံတွေအဖြစ်တောင် ပြောင်းသွားနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

 

ကျွန်တော်က ဒီ သူပြောတဲ့ အခြေခံပေါ်ကနေ သူတို့နှစ်ဦးရဲ့ အတွေးအမြင်တွေကို သိမြင်နားလည်လိုတာဖြစ်ပါတယ်။ တခါ ဒီတကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ တရုတ်ပြည်နဲ့ တရုတ်ပြည်သူတွေအပေါ ဘယ်လိုရိုက်ခတ်သလဲ၊ ဘယ်အတိုင်းအတာအထိ ရိုက်ခတ်သလဲ၊ ဘာကောင်းကျိုးဆိုးပြစ်တွေဖြစ်သလဲ စတာတွေကိုလည်း စေ့ငုချင်ပါတယ်။ ဒါ့ကြောင့် ဒီစာတမ်းကိုဖတ်ပြီး အခြားသိလိုသူတွေအတွက် ကောက်နှုတ်ချက်လေးတွေလည်း 

ထုတ်ပေးချင်တာကြောင့် ဖြစ်ပါတယ်။

0 comments:

Post a Comment