Thursday, September 1, 2022

ကြာပန်း(၃)

0 comments

(မြသန်းတင့်ရဲ့ ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ ကြာပန်း” တတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

“နောက် ကျွန်တော်တင်ပြမယ့်သက်သေတယောက်ကတော့ ဆာဝေါ်လတာစကော့ဖြစ်ပါတယ်။”သူ့ရဲ့ အချစ်၊ အလွမ်းဝတ္ထုတွေကတော့ သိတ်တန်ဖိုးရှိလှတယ်မထင်လို့ ကျွန်တော် ဖော်ပြခြင်း မပြုတော့ ပါဘူး။  ခတ်စောစောပိုင်းက သူစပ်ခဲ့တဲ့ စိတ်ကူးယဉ်ကဗျာများဟာလည်း အလင်္ကာ မြောက်သည့်တိုင် လူငယ်လေးတစ်ယောက်ရဲ့စိတ်ကူး သာသာလောက်ပဲရှိတဲ့အတွက် သိတ်ပြီး အလေးချိန်မစီးဘူးထင်တဲ့အတွက် ကျွန်တော် မဖော်ပြပါဘူး။ ဒါပေမဲ့ စကော့လူမျိုးရဲ့ဘဝက ပေါ်ထွက်လာတဲ့ သူ့ တကယ့်ဝတ္ထုကြီးများကတော့ အင်မတန်ကောင်းတဲ့ သက်သေကြီးတွေပဲ။  အဲ့ဒီဝတ္ထုတွေထဲမှာ ယောက်ျားလူစွမ်းကောင်း ဟီးရိုး အမျိုးအစားကို ထည့်သွင်းလို့ရတဲ့ ဇာတ်ဆောင်ဆိုလို့ သုံးယောက်ပဲရှိပါတယ်။ သူတို့ကတော့  ဒန်ဒီဒင်းမောင်၊ ရော့ရွိုင်းနဲ့ ကလေဗာဟောက်စ်တို့ဖြစ်ပါတယ်။  သူတို့အနက် တစ်ယောက်က လယ်သမား၊တစ်ယောက်က ပင်လယ်ဓားပြဖြစ်ပြီး တစ်ယောက်ကတော့ မှားယွင်းတဲ့အရေးတော်တစ်ခုအတွက်ဝင်တိုက်တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ သတ္တိကောင်းကြတယ်။ သစ္စာရှိကြတယ်။ (ပြုစုပျိုးထောင်မှုမရှိတဲ့ မှားယွင်းစွာအသုံးပြုမိတဲ့)စဉ်းစားဉာဏ်ရှိကြတယ်။

 

“ဒါတွေဟာ ဟီးရိုးအရည်အချင်းတွေပါပဲ။ ကျန်တဲ့ သူ့ဇတ်ဆောင်များကတော့ တစ်ယောက်ယောက်ရဲ့ ကူညီစောင်မမှုကြောင့်ဖြစ်စေ၊  မတော်တဆဖြစ်စေချမ်းသာလာပြီး စည်းစိမ်ချမ်းသာနဲ့ ပျော်မွေ့နေတဲ့သူတွေဖြစ်တယ်။  သူ့ဇာတ်လိုက်တို့ဟာ အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်းမရှိကြဘူး။သူ့ဇာတ်လိုက်တွေဟာ စည်းကမ်းမရှိဘူး။ ရည်ရွယ်ချက် မခိုင်မြဲဘူး။ မကောင်းဆိုးရွားဩဇာတွေကို တွန်းလှန်ဖြိုဖျက်ခြင်း မပြုနိုင်ဘူး။  ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို ဖွဲ့ရာမှာတော့ ဝေါ်လတာစကော့ရဲ့ဟဲရိုးဝင်းများဟာ တည်ကြည်မြင့်မြတ်တဲ့၊ သိက္ခာရှိတဲ့၊ ကြင်နာသနားတတ်တဲ့အမျိုးသမီးတွေချည်းပဲဖြစ်တယ်။ သူတို့ဟာ ဂုဏ်သိက္ခာရှိပြီး တရားမျှတမှုကိုမြတ်နိုးကြတယ်။  ချစ်ခင် စိတ်ရှည်အမြင်ရှိကြတယ်။ ကိုယ့်ချစ်သူတွေကို အမှားမတွေ့အောင် လမ်းပြနိုင်တယ်။ 

 

“အတိုင်းအဆရှိသောချစ်ခင်မှုက ပေါ်ထွက်လာတဲ့ စိတ်ရှည်တဲ့၊ အမြော်အမြင်ရှိပြီး သူတို့ရဲ့ချစ်သူတွေကို အမှားအယွင်းမရှိအောင်  အကာအကွယ်ပေးတတ်ကြတယ်။ သည်နည်းအားဖြင့် သူတို့နဲ့ထိုက်တန်ခြင်းမရှိတဲ့ချစ်သူများဟာ နောက်ဆုံးမှာ ရှင်သန်ဖွံ့ဖြိုးလာကြပြီး မြင့်မြတ်တဲ့လူတွေ ဖြစ်လာကြတယ်။ အဲ့ဒီ ဟဲရိုးဝင်းတွေကတော့ အယ်ဒက်ကလတ်စ်၊  ဖလော်ရာအက်အီဗာ၊ ကက်သရင်းဆေတန်၊ ဒိုင်ယာနာဗာနွန်း၊ လီလီယာယက်ဂေါင့်တလက်၊ အဲလစ်ဗရစ်နော့၊ အဲလစ်လီးနဲ့ ဂျင်နီဒင်း စတဲ့အမျိုးသမီးတွေဖြစ်တယ်။

 

ရှိတ်စပီးယားရဲ့ပြဇာတ်တွေမှာလိုပဲ ဝေါ်လတာစကော့ရဲ့ဝတ္ထုတွေမှာလည်း  ယောက်ျားများကို စောင့်ကြည့်သွန်သင် လမ်းညွှန်တာဟာ အမျိုးသမီးတွေဖြစ်တယ်။ ကိုယ့်ချစ်သူမိန်းကလေးကို စောင့်ကြည့် သွန်သင်ပေးတဲ့ယောက်ျားဆိုလို့ တစ်ယောက်မှမပါဘူး။

 

ကောင်းပြီ၊ နောက်တခါ ဥရောပစာပေမှာ ဩဇာကြီးခဲ့တဲ့ အီတလီနဲ့ဂရိစာပေတို့ကိုပဲ အကျဉ်းချုပ် ကြည့်ကြဦးစို့။  အီတလီစာဆို ဒန်တီရဲ့လင်္ကာရှည်ကြီးတွေထဲကဇာတ်လမ်းကို ခင်ဗျားတို့ သိပြီး ဖြစ်တယ်။ အဲဒီလင်္ကာဟာ ကွယ်လွန်သွားတဲ့ သူ့ချစ်သူကိုတမ်းတတဲ့ အချစ်ဘွဲ့တမ်းချင်းကြီးတပုဒ် ဖြစ်တယ်။ ကောင်းကင်ဘုံကနေ သူ့ဝိညာဉ်ကို စောင့်ကြပ်ပေးဖော်ရတဲ့အတွက်  သူ့ချစ်သူ မိန်းကလေးကို ချီးကျူးဂုဏ်ပြုတဲ့ ဩဘာလင်္ကာစာကြီးဖြစ်တယ်။  ကောင်းကင်ဘုံမှာရောက်တဲ့ ချစ်သူဟာ သူ့ကို မချစ်သည့်တိုင် သနားကရုဏာအပြည့်နဲ့ သူ့ကို ငရဲက ကယ်တင်ခဲ့တယ်။ ပျက်စီးခြင်းက ကယ်တင်ခဲ့တယ်။ 

 

တစ်ခါ ဂရိသူရဲကောင်းတစ်ဦးက သူ့ချစ်သူကို အထင်သေးမယ်လို့ ခင်ဗျားတို့ထင်သလား။ ဂရိ သူရဲကောင်းကြီးတစ်ဦးဟာ သူ့ချစ်သူကို ဒီလောက်အထင်ကြီးမှာ မဟုတ်ပါဘူးလို့ ခင်ဗျားတို့ ထင်ကောင်းထင်ကြလိမ့်မယ်။ စာဆိုများဟာလည်း လူရဲ့ အလှသစ္စာတရားကိုဖွဲ့ချင်ရင် မိန်းမတွေကို ကိုယ်စားပြုပြီးဖွဲ့ကြတာပါပဲ။  မိခင်ရဲ့နှလုံးသားနဲ့ မယားမြတ်ရဲ့နှလုံးသားရှိတဲ့ အန်ဒရိုမာချီ၊ မြင့်မြတ်သော်လည်း အငြင်းပယ်ခံရတဲ့ဉာဏ်အမြော်အမြင်ကိုပိုင်ဆိုင်သူ ကယ်ဆင်ဒရာ။ ပျော်ပျော်ပါးပါးနေတတ်ပြီး သနားတတ်တဲ့ မင်းသမီးလေး နော်ဆီကာ၊ မယားကောင်းတို့ရဲ့ တည်ကြည်မှုနဲ့ပြည့်စုံတဲ့ ပင်နီလော့၊ အမြဲတမ်းစိတ်ရှည်၊ ကြောက်ရွံ့ခြင်းကင်းပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့ အင်တီဂုန်းပြဇာတ်ထဲက နှမငယ်နဲ့သမီး၊ သိုးကလေးတစ်ကောင်လိုအပြစ်ကင်းပြီး တိတ်ဆိတ်စွာနေတတ်တဲ့ အီဖီဂျင်နီယာ စတဲ့သူများဟာ အမျိုးသမီးတွေချည်းဖြစ်တယ်။

 

“အချိန်ရလို့ရှိရင် နောက်ထပ်သက်သေပြစရာ တစ်ပုံကြီးပါပဲ။  အင်္ဂလိပ်စာဆို “ချောစာ”ဟာ အမျိုးသမီးဂုဏ်ရည်ဆိုတဲ့ ကဗျာရှည်ကြီးကိုရေးခဲ့ပါတယ်။ အမျိုးသားဂုဏ်ရည်ကို မရေးခဲ့ပါဘူး။ စပင်စာရဲ့ကဗျာတွေထဲက သူရဲကောင်းများဟာ တစ်ခါတစ်ရံမှာ ရှုံးနိမ့်ကြ အလိမ်ခံကြရပေမယ့် သူ့လင်္ကာကြီးကဦးနာရဲ့ဝိညာဉ်ဟာ ဘယ်တော့မှ မှောင်မိုက်ခြင်းမရှိဘူး။ သူ့ဇာတ်ဆောင်ဟဲရိုးဝင်း တစ်ဦးဖြစ်တဲ့ ဗရစ်ကိုမတ်ရဲ့လှံသွားဟာ ဘယ်တော့မှမကျိုးခဲ့ဘူး။

 

“ဒါတင်မကသေးဘဲ ရှေးဟောင်းလူမျိုးတွေရဲ့ ဒဏ္ဍာရီတွေကိုပြန်ကြည့်လျှင်လည်း အလားတူ ဥပမာတွေ တစ်ပုံကြီးပဲ။  အဲ့ဒီတုန်းက ကမ္ဘာမှာ ဉာဏ်အမြော်အမြင်အရှိဆုံးဖြစ်တဲ့ ရှေးဟောင်း အီဂျစ်လူမျိုးဟာ ပညာဉာဏ်ကို နတ်သမီးအဖြစ်ကိုယ်စားပြု ပူဇော်ခဲ့ကြတယ်။ အဲဒီ ပညာဉာဏ် နတ်သမီးရဲ့သ‌င်္ကေတအဖြစ် လက်ထဲမှာ ရက်ကန်းယက်တဲ့လွန်းကို ကိုင်စွဲစေခဲ့တယ်။ ဂရိတွေဟာ သူတို့ရဲ့ပညာနတ်သမီးအဖြစ် အေသီနာကိုသတ်မှတ်ခဲ့ကြပြီး၊ ပညာနတ်သမီးရဲ့လက်ထဲမှာ သံလွင်ခက်နဲ့ဒိုင်းကို ကိုင်စွဲစေခဲ့ကြတယ်။ 

 

“ရှည်ဝေးလှတဲ့ အတိတ်ဥပမာတွေ ကျွန်တော် နောက်ထပ်မပေးတော့ဘူး။ ကမ္ဘာမှာရှိတဲ့ အဲဒီ ပညာရှိတွေ စာဆိုတွေရဲ့ အဆိုအမိန့်တွေကို ထိုက်သင့်တဲ့တန်ဖိုးထားကြဖို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ သူတို့အမြင်ဟာ ကျွန်တော်တို့ ဒီနေ့ခေတ်အမြင်နဲ့တော့ တော်တော်ခြားနား နေပါလိမ့်မယ်။ ကျွန်တော်တို့ခေတ်မှာတော့ မိန်းမဟာ ရှေ့ဆောင်လမ်းပြလုပ်ဖို့ မဟုတ်ဘူး။ သူ့အတွက်သူပင်လျှင် စဉ်းစားတွေးခေါ်နိုင်တဲ့သတ္တဝါမျိုးမဟုတ်ဘူးလို့ ထင်ကြတယ်။ ယောက်ျားဟာ မိန်းမထက်ဉာဏ်ရှိတယ်၊ ထက်မြက်တယ်၊ အုပ်စိုးသူဖြစ်တယ်၊ အားကြီးသူဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆနေကြတယ်။

 

“ဒီတော့ ဒီကိစ္စကို ကျွန်တော်တို့စဉ်းစားကြဖို့ မကောင်းပေဖူးလား။

“ကျွန်တော်တို့ကပဲ မှားနေသလား၊ အဲဒီပညာရှိကြီးတွေကပဲ မှားနေသလား။ ရှိတ်စပီးယားနဲ့ အိစစီးလတ်၊ ဒန်တီနဲ့ဟိုးမားတို့ဟာ အဝတ်အစားဆင်ပေးခဲ့ကြတာလား။ မဟုတ်ပါဘူး။ စာပေတွေထဲက ဥပမာတွေကို မယုံသေးလျှင် လူသားရဲ့အသည်းနှလုံးကပေးခဲ့တဲ့ တကယ့် အဖြစ်အပျက်တွေကိုပဲကြည့်ပါ။ ခရစ်ယာန်သာသနာထွန်းကားလာတဲ့နောက်ပိုင်းမှာ ယောက်ျားလေးကနေ ကိုယ့်ချစ်သူကို ကျေးကျွန်သဖွယ်ရိုကျိုးတဲ့ မြတ်နိုးတွယ်တာမှုမျိုးတွေ ပေါ်ပေါက်လာခဲ့တယ်။ ရိုကျိုးတယ်ဆိုတဲ့စကားတွေကို ကျွန်တော်သုံးခဲ့ရပါတယ်။ စိတ်ထဲမှာသာ မြတ်နိုးနေတာမျိုးမဟုတ်ဘဲ ကိုယ့်ချစ်တဲ့သူဆီက  အားပေးမှု၊ ချီးကျူးမှု၊ ကြိုးပမ်းမှုဆုလာဘ် တို့ကိုသာမက ကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့အခါမျိုးတွေမှာ သူ့ဆီက ညွှန်ကြားမှုကိုပါ တောင်းခံ ရယူခဲ့တဲ့ဓလေ့တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဓလေ့ထုံးစံ၊ ဒီစိတ်ဓာတ်ကို ကျွန်တော်တို့ဟာ ရှီဗာရီ အာဇာနည်စိတ်ဓာတ်လို့ခေါ်ပါတယ်။

 

စစ်ပွဲမှာရက်စက်ကြမ်းကြုတ်တာ၊ ငြိမ်းချမ်းတဲ့ကာလမှာ တရားမျှတခြင်းကင်းတာ၊ အိမ်တွင်း ဆက်ဆံရေးမှာ အကျင့်ပျက်ပြီးယုတ်ညံ့တာ စသည်တို့ဟာ အာဇာနည်စိတ်ထားကို ညှိုးနွမ်း အသရေပျက်စေတဲ့အရာလို့ ကျွန်တော်တို့ ယူဆခဲ့ကြတယ်မဟုတ်လား။ ဒါနဲ့ဆန့်ကျင်ဘက် သစ္စာတရားကို ကာကွယ်တာ၊ တရားဥပဒေကို ကာကွယ်တာ၊ ချစ်ခြင်းမေတ္တာကို ကာကွယ်တာ တွေဟာ အာဇာနည်စိတ်ထားရဲ့သန့်စင်မှုကိုပြတဲ့အရာတွေပဲ မဟုတ်လား။  သည်လို အာဇာနည် စိတ်ထားမျိုးဟာ ဘဝမှာ ဂုဏ်ယူထိုက်တဲ့စိတ်ထားမျိုးလို့ ကျွန်တော်တို့ ယူဆခဲ့ကြတယ်မဟုတ်လား။ ဒီအာဇာနည်စိတ်ထား စတင်ပေါ်ပေါက်လာတုန်းက နုနယ်တဲ့ ရဲလုလင်က သူ့ချစ်သူ ဂုဏ်သရေရှိ အမျိုးသမီးကောင်းသမီးရဲ့အလိုကို  လိုက်လျောရာကနေပေါ်ပေါက်လာတဲ့ ထုံးစံဓလေ့တစ်ခု မဟုတ်ပေဘူးလား။

(မူရင်းသတ်ပုံအတိုင်း။ မျိုးမြင့်ချို)

0 comments:

Post a Comment