Friday, November 12, 2021

နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒ ချုပ်ငြိမ်းဖို့ဆိုရင် နေထွန်းအောင်

0 comments

နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒ ချုပ်ငြိမ်းဖို့ဆိုရင် နေထွန်းအောင် (၂၁ စာစဉ်၊ အမှတ် ၁၀၊ ၂၀၀၆ ခုနှစ်မှ)

၉/၁၁ အရေးအခင်းတုန်းက အမေရိကန်နိုင်ငံမှာ နိုင်ငံတကာခြိမ်းခြောက်ရေးဝါဒရဲ့တိုက်ခိုက်မှုခံလိုက်ရတာ အားလုံးအသိပဲ။ ဒီတိုက်ခိုက်မှုကို နိုင်ငံတကာ့အကြမ်းဖက်ရေးဝါဒလို့ သုံးနှုန်းကြပါတယ်။ မှန်ပါတယ်။ ခြိမ်းခြောက်ရေးဝါဒဆိုတာဟာ အကြမ်းဖက်လှုပ်ရှားမှုဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေလုပ်ပြပြီး ခြိမ်းခြောက် နေတာပါပဲ။ ဒါပေမဲ့ အကြမ်းဖက်မှုတိုင်းကတော့ ခြိမ်းခြောက်ရေးဝါဒမဟုတ်ပါဘူး။ ခြိမ်းခြောက်ရေးဝါဒဆိုတာကို ရှင်းလင်းစေဖို့ ၎င်းရဲ့ထူးခြားချက်တွေကို ဖော်ပြရရင်....

 

၁။ ၎င်းဟာလုပ်ကြံမှုဖြစ်တယ်။ လုပ်ကြံတာမှာလည်း အကြံအစည်ချပြီး ပိုင်းဖြတ်ချက်ရှိရှိနဲ့လုပ်ကြံတာ။ နောက်ပြီး တကြိမ်တခါလောက်သာ လုပ်ဆောင်ပေါ်ထွက်လာတဲ့လုပ်ဆောင်မှုမျိုးလည်း မဟုတ်ဘူး။

၂။ သူ့မှာ နိုင်ငံရေးရည်ရွယ်ချက်ရှိတယ်။ ဓနအတွက် ပစ္စည်းဥစ္စာရလိုမှုအတွက် သတ်ဖြတ်မှုလုပ်တာမဟုတ်ဘူး။ သူသတ်ဖြတ်တိုက်ခိုက်မှုလုပ်တာဟာ လူပုဂ္ဂိုလ်အပေါ်အခြေခံပြီး လုပ်ဆောင်တာမျိုးလည်းမဟုတ်ဘူး။ သူ့ရဲ့ အပြစ်ကျူးလွန်မှု ဥပဒေချိုးဖေါက်မှုတို့ဟာ တခြားနိုင်ငံ၊ တခြားအဖွဲ့အစည်းတွေက မတရားမှုလို့ရှုမြင်နေကြပေမယ့် သူကတော့ တရားတယ်ထင်တဲ့ သူ့စိတ်ကူးစံကို အကော င်အထည်ဖော်နေတာဖြစ်တယ်။

၃။ တိုက်ခိုက်ရေးသမားမဟုတ်တဲ့သူတွေအပေါ်ပစ်မှတ်ထားတယ်။ စစ်ပွဲမဟုတ်တဲ့အတွက် တိုက်ခိုက်ရေးသမား တွေကိုတိုက်ခိုက်ခြင်း မပြုလုပ်တာပဲ။ ယေဘုယျအနေနဲ့ကတော့ ကာကွယ်မှုအားနည်းတဲ့သူတွေ၊ ဒါမှမဟုတ် ကာကွယ်မှုအခွင့်အလမ်းနည်းတဲ့သူတွေကို ဦးတည်တိုက်တာတွေ့ရတယ်။

၄ ။ ဒီလို နိုင်ငံတကာ့ခြိမ်းခြောက်မှုဝါဒကျင့်သုံးမှုကို စီစဉ်ညွှန်ကြားတဲ့သူတွေဟာ နိုင်ငံတော်ရဲ့ ဒုတိယအဆင့်ထဲက လူတွေ ဒါမှမဟုတ် လျှို့ဝှက်အဖွဲ့အစည်းတခုခုပုဂ္ဂိုလ်တွေဖြစ်နေတတ်တယ်။

 

(နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒဟာ စစ်ပွဲလား)

အများသိတဲ့အတိုင်း ၉/၁၁ အရေးအခင်းဖြစ်ပွားပြီးတဲ့နောက် အချိန်အတော်အတန်ကြာလာခဲ့ပြီ။ ဒါပေမဲ့ သူ့ရဲ့အကျိုးဆက်တွေကတော့ ဆက်လက်ရှိနေဆဲ။ နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒဟာ ဆက်လက်တည်ရှိနေဆဲ။ အမေရိကန်က ဒီခြိမ်းခြောက်ရေးဝါဒကို စစ်ကြေညာခဲ့ပေမယ့် ဒီဝါဒဟာ ဘယ်အချိန်ကျမှ ကမ္ဘာပေါ်က ပျောက်ကွယ် ချုပ်ငြိမ်းသွားမလဲ။ ဘယ်သူမှ တပ်အပ်သေချာမပြောနိုင်သေးဘူး။

 

၉/၁၁ အရေးအခင်းမှာ အမေရိကန်တို့ခံလိုက်ရတဲ့ ဒဏ်ရာဒဏ်ချက်ဟာ အမေရိကန်နိုင်ငံတည်ထောင်ပြီးကတည်းက တခါမှ မကြုံဘူး မခံရသေးဘူးတဲ့ဒဏ်ရာဒဏ်ချက်မျိုး။ သမ္မတဘုရှ်က “ဒီတိုက်ခိုက်မှုဟာ စစ်ပွဲနဲ့တူသွားပြီ၊ အမေရိကန်အနေနဲ့ အမြန်ဆုံးလက်စားချေရလိမ့်မယ်၊ ကြိုတင်သတိပေးတာမလုပ်ပဲ ခြိမ်းခြောက်ရေးပင်မမြစ်ဖျားကို စစ်ရေးအရလက်ဦးမှုယူပြီးတိုက်တာအပါအဝင် လက်စားချေမှုလုပ်ရမယ်၊ အမေရိကန်ကို လှုံ့ဆော်တိုက်ခိုက်ခဲ့သူဟာ ဘယ်နိုင်ငံ သိ့မဟုတ် ဘယ်အဖွဲ့အစည်း သို့မဟုတ် ဘယ်သူဆိုတာမသတ်မှတ်နိုင်သေးပေမယ့်လည်း ခြိမ်းခြောက်ရေး ဝါဒကို စစ်ကြေညာရလိမ့်မယ်”လို့ပြောခဲ့တယ်။

ဒီလိုဆို ဒါဟာ ဆင်းရဲမွဲတေမှုကို စစ်ကြေညာလိုက်တာနဲ့အတူတူပဲပေါ့။ မအောင်မြင်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီစစ်ပွဲမျိုးဟာ အကျိုးရစရာမမြင်သလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိလို့ပါပဲ။

ခြိမ်းခြောက်ရေးဝါဒဟာ အကြမ်းဖက်မှုပုံစံအမျိုးအစားတခု၊ ပုံစံတခုလို့တော့ဆိုရင် ရပါလိမ့်မယ်။ ဒါပေမဲ့ စစ်ပွဲတော့မဟုတ်ဘူး။ ခြိမ်းခြောက်ရေးဝါဒဟာ “စစ်အေး”နဲ့ နည်းနည်းတူတယ်။ အသိသ္ဌန်ဆိုင်ရာရန်ဘက်ဖြစ်လို့

အချိန်ရှည်ရှည်၊ စိတ်ရှည်ရှည်နဲ့ အဆက်မပြတ်လုံးပမ်းအားထုတ်ပြီး တိုက်ခိုက်ဆန့်ကျင်သွားဖို့လိုတယ်။ ဒါပေမဲ့ စစ်အေးနည်းနဲ့မတူတာလည်း ရှိနေပြန်တယ်။ ခြိမ်းခြောက်ရေးဝါဒဟာ နိုင်ငံတခု ဒါမှမဟုတ် အဖွဲ့အစည်းတခု အတွင်းမှာ ပြိုကွဲပျက်စီးသွားပြီလို့ထင်ရတဲ့တိုင်အောင် သူက လုံးဝ ချုပ်ငြိမ်းပပျောက်သွားမှာတော့ မဟုတ်ဘူး။ မုန်းတီးမှုရန်ငြှိုး ဆက်လက်တည်ရှိနေသေးသမျှ ခြိမ်းခြောက်ရေးဝါဒ ပြန်လည်ခေါင်းထောင်လာနိုင်သေးတာပဲ။

 

(ခြိမ်းခြောက်ရေးဝါဒရဲ့အန္တရာယ်)

ခြိမ်းခြောက်ရေးဝါဒဟာ ကြောက်မက်ဖွယ်ကောင်းတယ်လို့ လူတွေကမြင်ကြတယ်။ လက်တွေ့တိုက်ခိုက်မှုထက် စိတ်ဓာတ်ရေးရာခြောက်လှန့်မှက ပိုကြီးနေတယ်လို့ထင်ရတယ်။ တိုက်ရိုက်ဆုံးရှုံးမှုထက် သွယ်ဝိုက်ဆုံးရှုံးမှုက ပိုကြီးနေလို့လည်းဖြစ်နိုင်တယ်။ နောက်ပြီး ခြိမ်းခြောက်ရေးဝါဒအန္တရာယ်ပေးလာတဲ့နှစ်တွေကို ပြန်တွက်ကြည့်မယ် ဆိုရင် မနည်းလှတော့ဘူး။ ခြိမ်းခြောက်ရေးဝါဒရဲ့ လုပ်ကြံသတ်ဖြတ်မှု အကြိမ်အရေအတွက်များခဲ့သလို သေကြေ ခဲ့ရတဲ့လူတွေရဲ့စာရင်းကလည်း များတယ်။ ၂၀ ရာစု၊ ၈၀ ခုနှစ်များမှာတုန်းက တကမ္ဘာလုံးမှာ နိုင်ငံတကာ့ခြိမ်းခြောက် မှုပေါင်း ၅၄၃၁ ကြိမ်ဖြစ်ပွားခဲ့။ သေဆုံးသူ ၄၆၈၄ ယောက်။ ၉၀ စု နှစ်များမှာ ခြိမ်းခြောက်သတ်ဖြတ်မှုပေါင်း ၄၈၂၄ ကြိမ်။ သေဆုံးသူ ၂၄၆၈။

 

ဒီလိုသတ်ဖြတ်ခံရသူတွေသေဆုံးတာရှိသလို ခြိမ်းခြောက်ရေးဝါဒီတွေသေဆုံးတာလည်းရှိပါတယ်။ ဥပမာ အနေနဲ့ အမေရိကန်ပြည်မှာ သေဆုံးခဲ့တဲ့စာရင်းကိုပဲ တင်ပြပါမယ်။ အမေရိကန်ပြည်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း လုပ်ကြံ သတ်ဖြတ်ဖို့ကြိုးစားခဲ့သူ ၈၅၆ ယောက် သေခဲ့တယ်။ အဲ့ဒီထဲက ၇၈ ရာခိုင်နှုန်းဟာ နိုင်ငံတကာ့ခြိမ်းခြောက်ရေး ဝါဒီတွေပဲ။ 

 

လူတွေ ဒီလို သေကြေဆုံးရှုံးခဲ့ကြရသလို ခြိမ်းခြောက်ရေးဝါဒကာကွယ်ရေးအတွက် သုံးစွဲကြရတဲ့ငွေကြေး ပမာဏ ဟာလည်း မသေးတဲ့အတိုင်းအတာတာနဲ့ရှိနေတယ်။ အမေရိကန်ရဲ့ ၂၀၀၀ ခုနှစ် တနှစ်တည်းရဲ့ ရသုံးခန့်မှန်းခြေ စာရင်းကိုပဲကြည့်လိုက်မယ်ဆိုရင် ခြိမ်းခြောက်ရေးဝါဒကာကွယ်ရေးအတွက် ဒေါလာကုဋေ (၁၀၀၀၀) အထိ သုံးစွဲ ထားတာတွေ့ရလိမ့်မယ်။ ဒါတောင် သီးသန့်အသုံးစရိတ်တွေမပါသေးဘူး။ ဒါ့အပြင် အမေရိကန်အနေနဲ့ ခြိမ်းခြောက် ရေးဝါဒအန္တရာယ်စက်ကွင်းမှ သူ့စစ်တပ်တွေ လွတ်ကင်းအောင်ကာကွယ်ရေးမှာ သုံးစွဲကုန်ကျ ငွေတွေလည်း ရှိနေ သေးတယ်။ ဥပမာကိစ္စတရပ်ကိုပဲ တင်ပြပါမယ်။ ၁၉၉၆ ခုနှစ်တုန်းက ခြိမ်းခြောက်ရေးဝါဒကို ကာကွယ်ပြီး (ဆော်ဒီအာရေးဗျမှာရှိနေတဲ့ သူ့စစ်တပ်လုံခြုံမှုရှိစေဖို့) စစ်သား ၄၀၀၀ ကို လုံခြုံရာပြောင်းရွှေ့ပေးရတဲ့ စရိတ်ကိုက အမေရိကန်ဒေါ်လာ ကုဋေ ၂၀ လောက်ကုန်ကျခဲ့တယ်။

 

ဒါတင်မက နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒက တခြားသောဘေးအန္တရာယ်နဲ့ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေခဲ့ ပါတယ်။ အချက်တခုကတော့ ငြိမ်းချမ်းရေး အခြေအနေတွေ ပျက်ပြားသွားစေတာပါပဲ။ ဥပမာ ၁၉၉၆ တုန်းက ပါလက်စတိုင်းခြိမ်းခြောက်ရေးဝါဒီတွေလုပ်ဆောင်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကိစ္စကိုအကြောင်းပြုပြီး အစ္စရေးလ်မှာ ပျော့ပျောင်းတဲ့အစိုးရ ပြုတ်ကျသွားခဲ့ရတယ်။ ခေါင်းမာတဲ့ နေတန်ညာဟုအစိုးရတက်လာတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးတည်ငြိမ်မှုရရှိဖို့ တိုးတက်မှုရှိလာရမယ့်အစား နောက်သို့ ခြေတလှမ်းပြန်ဆုတ်သွား တယ်လို့ဆိုရမယ်။ 

 

မတူတဲ့အင်အားစုတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာတာတွေ၊ ဒေသတည်ငြိမ်မှု ပျက်စီးခဲ့ရတဲ့အခြင်းအရာ တွေလည်းရှိခဲ့တယ်။ ဥပမာ ၁၉၉၉ ခုနှစ်က ကက်ရှ်မီးယားခြိမ်းခြောက်ရေးဝါဒီတွေ အိန္ဒိယလေယဉ်ကို အပိုင်စီးမှု လုပ်ခဲ့တဲ့အတွက် အိန္ဒိယ-ပါကစ္စတန် ပြန်လည်တင်းမာမှုတွေဖြစ်လာခဲ့တယ်။

 

အမေရိကန်နဲ့ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေအတွင်း အတည်မငြိမ်ဖြစ်လာတယ်/ (ခြိမ်းခြောက်ရေးဝါဒရဲ့ အဓိက ပစ်မှတ်ဟာ အမေရိကန်ဦးတည်ထားတော့ တနွယ်ငင်တစင်ပါဆိုသလို ဒီနိုင်ငံတွေပါ စိုးရိမ်ကြောင့်ကြမှု ဖြစ်လာ ရတယ်) အမေရိကန်နဲ့ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ သိတ်ပြီး အနီးကပ်မပူးပေါင်းဝံ့တာ တွေလည်းဖြစ်လာတယ်။

 

ဒါပေမဲ့ ခြုံပြီးသုံးသပ်ရရင် ခြိမ်းခြောက်ရေးဝါဒရဲ့လှုပ်ရှားမှုဟာ ၉၀ စု နှစ်တွေမှာ ၈၀ စု နှစ်တွေထက်ပိုပြီးလျော့ကျ သွားခဲ့တယ်။ ဒါဟာ ဆိုဗီယက်ယူနီယံပြိုကွဲသွားတော့ ခြိမ်းခြောက်ရေးဝါဒီတွေအတွက် အမျိုးသားလွတ်လပ်ရေး တပ်ပေါင်းစုတွေရဲ့ ကျောထောက်နောက်ခံ ဆက်လက်မရှိတော့တာနဲ့လည်း သက်ဆိုင်နေတယ်။ 

 

ခြိမ်းခြောက်ရေးဝါဒလှုပ်ရှားမှုဟာ တသမတ်တည်း လျော့ကျသွားနေတယ်လို့မဆိုသာဘူး။ ၂၀ ရာစု၊ ၂၀၀၄ ခုနှစ်မှာ ၂၀၀၃ ခုနှစ်ထက် ခြိမ်းခြောက်အကြမ်းဖက်မှုတွေ ၃ ဆ ခုန်တက်လာတယ်။ ၂၀၀၃ ခုနှစ်က ခြိမ်းခြောက်အကြမ်းဖက် တိုက်ခိုက်မှု(၁၇၅) ရှိခဲ့ရာက ၂၀၀၄ မှာ (၆၅၁)ဖြစ်လာတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း လူ(၂၉၀၀)ကျော်သေဆုံးခဲ့ပြီး လူု(၈၀၀၀)ကျော် ဒဏ်ရာရခဲ့ကြတယ်။

 

မျက်မှောက်ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ အဓိကနိုင်ငံတွေဖြစ်တဲ့ ရုရှ၊ ကွန်မြူနစ်တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်စတဲ့နိုင်ငံတွေ ကတော့ ခြိမ်းခြောက်ရေးဝါဒကိုထောက်ခံတဲ့အနေအထား မတွေ့ရပါဘူး။ အမေရိကန်ရဲ့မျက့်စေ့ထဲမှာ “ဂျပိုးတေလေ နိုင်ငံတွေ”လို့မြင်နေပြီး နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒကိုထောက်ခံနေတယ်လို့ အထင်ခံရတဲ့နိုင်ငံတွေရှိပေမယ့်လည်း ဒီနိုင်ငံတွေက အမေရိကန်ရဲ့အဆင့်နေရာကို စိန်ခေါ်နိုင်တဲ့အကြံအစည်နဲ့အင်အား မရှိကြပါဘူး။ အမေရိကန်က ဒေသ ပြဿနာမှာ တင်းတင်းမာမာမဟုတ်ပဲ တိုးတက်ကောင်းမွန်အောင်လုပ်ပြီး ဒီနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမယ်ဆိုရင် နိုင်ငံတကာ့ ခြိမ်းခြောက်ရေးဝါဒ ရှင်သန်တိုးပွားနိုင်တဲ့နေရာကွက်လပ်ဟာ အလွန်ကျဉ်းမြောင်း သေးကျုံ့သွားမှာပါ။

 

(ခြိမ်းရေးဝါဒရဲ့ ထိပ်ဆုံးပစ်မှတ်က အမေရိကန်)

အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံးဗိုလ်ကျသူဖြစ်ပေမယ့် ဒီမိုကရေစီရေး၊ လွတ်လပ်ရေးနဲ့ တကမ္ဘာလုံး စီးပွားဖွံ့ဖြိုး ချမ်းသာစေရေးတို့အတွက် စိတ်ကောင်းထားပြီး တွန်းဆော်ပေးနေသူလို့ သူ့ကိုယ်သူထင်နေတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ သူက နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒရဲ့ နံပတ် ၁ ရန်သူဖြစ်နေရတာလဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒဟာ အမေရိကန်ကို အဓိကပစ်မှတ်အဖြစ်ထားပြီး လှုပ်ရှားလာခဲ့တယ်။ သူတို့ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုဟာ ၈၀ စု မှာ ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၉၀ စု နှစ်မှာ ၃၇ ရာခိုင်နှုန်း ဖြစ်လာတယ်။ ဒီနေ့အထိလည်း အမေရိကန်ဟာ အဓိကပစ်မှတ်နေရာမှာရှိနေတုန်းပဲ။ ဒီလိုဖြစ်နေရခြင်းမှာ သူ့ရဲ့အကြောင်းရင်းတွေ ရှိနေပါတယ်။ 

-       ခြိမ်းခြောက်ရေးဝါဒရဲ့ ပင်ကိုယ်လက္ခဏာကိုက အားနည်းသူက အားကြီးသူကို ခုခံတိုက်ခိုက်ခြင်းဖြစ်တယ်။ အမေရိကန်ဟာ တဦးတည်းသော့ အဆင့်လွန်အင်အားရှင်ဖြစ်တယ်။ ဒါ့အပြင် သူက အနောက်နိုင်ငံတွေရဲ့ ခေါင်းဆောင်လိုလည်းဖြစ်နေတယ်။ ဒီတော့ သဘာဝကျစွာပဲ သူက ပစ်မှတ်နေရာရောက်လာတာပေါ့။

-       အနောက်အုပ်စုထဲမပါတဲ့နိုင်ငံတွေနဲ့ အမျိုးသားတွေဟာ အမေရိကန်အပေါ် ရွံရှာမုန်းတီးကြတယ်။ အမေရိကန်ရဲ့ သူ့ကိုယ်သူ  သူများထက်သာလွန်မြင့်မြတ်တယ်ထင်တဲ့ မာနထောင်လွှားမှုနဲ့ဗိုလ်ကျမှုတွေက အသားအရောင်ရှိတဲ့လူတွေရဲ့ လူ့ဂုဏ်သိက္ခာကို ပုတ်ခတ်ထိပါးနေတယ်။

-       အမေရိကန်ဟာ အားကြီး‌ပေမယ့် သူ့ကိုတိုက်ရတာလွယ်တယ်။ အမေရိကန်ကိုတိုက်ဖို့ဆိုရင် ပစ်ကွင်းဟာ နေရာတကာမှာပြန့်ကျဲနေတယ်။ လုပ်ရလွယ်တယ်။ အောင်မြင်ဖို့လွယ်တယ်။

 

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းအကြီးမားဆုံးဆိုတာ သံသယရှိစရာမလိုပါဘူး။  အမေရိကန်တွေ ကိုယ်တိုင်ကလည်း ဒီအချက်ကို အမြဲတမ်း အလေးတင်းပြောကြားနေကြတာပါ။ အမေရိကန်တွေဟာ သူတို့ မနိုင်တဲ့ စစ်၊ မဖြေရှင်းတဲ့ပြဿနာမရှိဘူးလို့ သွေးနားထင်ရောက်နေကြတယ်။ အထူးသဖြင့် ခုတလော နှစ်တချို့အတွင်း အမေရိကန်ဟာ ကမ္ဘာ့လူ့အဖွဲ့အစည်း(ဇာတ်ခုံ)ပေါ်မှာ အမေရိကန်ဦးစားပေး”စေရေးအတွက် “ထင်ရာစိုင်းဝါဒ” ကျင့်သုံးလာလို့ နိုင်ငံတကာမှာ အမြင်ကပ်စရာ စက်ဆုပ်စရာတွေတနေ့တခြား ပိုမိုများပြားလာတဲ့အဆင့်အထိ ဖြစ်လာ နေတယ်။ ဒါ့ကြောင့်(တချီလောက် အမေရိကန်ကိုတွယ်လိုက်လို့ အောင်မြင်ပြီဆိုရင် အမေရိကန် အနန္တတန်ခိုးရှင် မဟုတ်ကြောင်း သက်သေပြနိုင်ပြီပေါ့။ အမေရိကန်ရဲ့ အင်အားတောင့်တင်းမှုနဲ့ လက်စားချေမှုဆိုတာတွေဟာလည်း ကြောက်စရာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ပြီပေါ့)ဆိုတဲ့ ခြိမ်းခြောက်ရေးဝါဒီတွေရဲ့ ဒီလိုမျိုးစကားတွေ လေသံတွေ ထွက်ပေါ်လာတာပါ။ 

 

နောက်ပြီး အမေရိကန်အပေါ် ရန်ငြှိုးသိုမှုကလည်း ပိုမိုကြီးမားလာပါတယ်။ ရန်ငြှိုးဆိုတာကလည်း နှစ်ဘက်စလုံးမှာ ရှိနေကြတာပါ။ ယဉ်ကျေးမှုနဲ့ဘာသာရေးအကြောင်းရင်းတွေအပြင် အဓိကအကျဆုံးနဲ့ တိုက်ရိုက်အကျဆုံးလို့ ယူဆ ရတာကတော့ ဒေသတွေအပေါ် ထားရှိခဲ့တဲ့ အမေရိကန်ရဲ့သဘောထားနဲ့အစီအစဉ်တွေကို ပြုပြင်ပြောင်းလဲတာမလုပ်ပဲ ဆက်လက်ကိုင်စွဲနေတဲ့အတွက်ဖြစ်တယ်။ ဒီအတွက် အမေရိကန်ဟာ သူတို့ရဲ့အကျိုးစီးပွား၊ သူတို့ရဲ့မျှော်လင့်ချက်နဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ထိခိုက်နစ်နာအောင်လုပ်နေတယ်လို့ထင်ကြတယ်။

 

အမေရိကန်က လူ့ကျင့်ဝတ်နဲ့လူ့အခွင့်အရေးကိုအကြောင်းပြုပြီး သူတပါးနိုင်ငံတွေရဲ့အရေးကိစ္စတွေမှာ ဝင်စွက်တာကို ကိုလိုနီဝါဒရဲ့ကျူးကျော်မှုအဖြစ်မြင်လာကြတယ်။ ဘင်လာဒင်က အမေရိကန်ဟာ အစ္စလာမ်ဝါဒကိုဆန့်ကျင်ပြီး ချေမှုန်း ပစ်ဖို့ရည်ရွယ်တယ်လို့ မြင်တယ်။ ဒါ့ကြောင့် ပါလက်စတိုင်းကအမေရိကန်တွေကို အပြီးအပိုင်မောင်းမထုတ်နိုင်သေး သမျှ သူတို့လှုပ်ရှားမှုတွေ ရပ်သွားမှာမဟုတ်ဘူးလို့ ဟိုနေရာ ဒီနေရာ စသည်ဖြင့် နေရာပြောင်းရွှေ့လှည့်ပတ်ပြီး အသံလွှင့်ပြောကြားနေတာဖြစ်တယ်။

 

အမေရိကန်ဟာ ခြိမ်းခြောက်ရေးဝါဒရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အလွယ်တကူအတိုက်ခံနိုင်ရတဲ့အချက်တွေ အများအပြားရှိနေတာလည်း အမှန်ပဲ။ နိုင်ငံခြားတွေမှာ အမေရိကန်အစိုးရချထားတဲ့စစ်စခန်းပေါင်း ၂၉၀ ရှိတယ်။ လုပ်သားက ၁၄၀၀၀။  ဒါတောင် ဒေသခံလုပ်သား ၂၀၀၀၀ မပါသေးဘူး။ ဒီအထဲမှာ အမေရိကန်ကုန်သွယ်ရေးဌာန များနဲ့ အမေရိကန်အရပ်သားတွေ၊ လုပ်သားတွေမပါသေးဘူး။

 

ပြည်တွင်းမှာဆိုရင်လည်း ၁၉၉၀ ခုနှစ် တနှစ်တည်းမှာကိုပဲ အမေရိကန်ပြည်ထဲ ပြည်ပမှဝင်လာသူ (လူအကြိမ် အရေအတွက်) သန်းပေါင်း ၂၅၀ ရှိနေတယ်။ ဒီကြားထဲမှာ လေကြောင်းကလာသူ ၇၅ သန်း၊ ကုန်းကြောင်းကလာသူ ၁၀ သန်းတို့ပါဝင်တယ်။ တခြားကုန်းကြောင်းလမ်းများ(အဓိကအနေနဲ့ ကနေဒါနဲ့မက္ကဆီကို)က လာသူတွေရဲ့ သုံးပုံနှစ်ပုံဟာ နိုင်ငံခြားသားတွေဖြစ်တယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ဗဟုဝါဒ၊ တံခါးဖွင့်ပေါ်လစီ စတာတွေနဲ့ ပေါင်းလိုက်တော့ ခြိမ်းခြောက်ရေးဝါဒီတွေ အမေရိကန်ပြည်ထဲဝင်ဖို့ဆိုတာ လွယ်လိုက်တာမှ ပျင်းတောင်ပျင်းသေး ဆိုတာမျိုးဖြစ်နေပါတယ်။

 

(အမေရိကန်ရဲ့ ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးပေါ်လစီ)

အမေရိကန်ပြည်ဆိုင်ရာ “ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးကော်မတီရဲ့ ၂၀၀၀ ခုနှစ် ဂျွန်လမှာထုတ်ပြန်တဲ့ အစီရင် ခံစာထဲမှာ “ခြိမ်းခြောက်ရေးဝါဒရဲ့အန္တရာယ်ဟာ အမေရိကန်တို့အဖို့ တနေ့တခြား ပိုမိုများပြားလာနေတယ်။ ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနတွေဟာ ခြိမ်းခြောက်ရေးဝါဒရဲ့စီမံကိန်းများ၊ နည်းနာများကိုအားသွန်ခွန်စိုက် စုံစမ်းဖို့ လိုတယ်။ ခြိမ်းခြောက်ရေးဝါဒရဲ့ စီးပွားရေးရေသောက်မြစ်နဲ့ နောက်ပိုင်းထောက်ပံ့ရေးအခြေအမြစ်တွေကို အစွမ်းကုန် အမြန်ဆုံးစစ်ဆေးရမယ်။ အနုမြူလက်နက်နဲ့တိုက်ခိုက်မှုဖြစ်နိုင်ဖွယ် တနေ့တခြား ပိုမိုများပြားလာတာကို တင်းတင်း ကျပ်ကျပ် ကာကွယ်တားဆီးရမယ်”လို့ ညွှန်ပြထားတယ်။

 

အမေရိကန်ရဲ့   ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးပေါ်လစီမှာပါတဲ့ အတွင်းသဘောဟာ အလျှော့မပေးရေး၊ မစေ့စပ် ရေးနဲ့ တရားခံတွေကို တရားရုံးသို့တင်ပို့နိုင်ရေးတို့ဖြစ်ကြတယ်။ ခြိမ်းခြောက်ရေးသမားတွေကို ထောက်ပံ့တဲ့နိုင်ငံ၊ ဒါမှမဟုတ် လက်ခံပြီး ခိုလှုံခွင့်ပေးထားတဲ့နိုင်ငံတွေကို အထီးကျန်ဖြစ်စေရေး၊ ဖိနှိပ်ရေးနဲ့ အတင်းအကျပ် အာဏာ အပြောင်းအလဲလုပ်ပြီး အမေရိကန်နဲ့ပူးပေါင်းဖို့လိုလားတဲ့နိုင်ငံဖြစ်လာအောင်လုပ်ရေး၊ ခြိမ်းခေထြာက်မှုဆန့်ကျင်ရေး မှာ လက်တွဲပါဝင်သူကို အင်အားတောင့်တင်းလာအောင် ထောက်ပံ့ကူညီရေးတို့ဖြစ်ကြတယ်။

 

အမေရိကန်အစိုးရဲ့ပြည်သူတွေကြားခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးမှာ အမြင်တူညီကြဖို့ဆိုတဲ့အချက်ဟာလည်း အရေးကြီးတယ်။ သမ္မတဟောင်း ကလင်တန်က “အမေရိကန်မှာ လွတ်လပ်မှုနဲ့ ကမူးရှူးထိုးဝါဒတို့အကြား၊ တရား ဥပဒေစိုးမိုးရေးနဲ့ ထိတ်လန့်ကြောက်ရွံ့မှုဝါဒတို့အကြား ရေရှည်နဲ့အဆက်မပြတ် တိုက်ပွဲဝင်သွားရလိမ့်ဦးမယ်” လို့ ပြောခဲ့တယ်။ ကုလသမဂ္ဂမှာလည်း “ခြိမ်းခြောက်ရေးဝါဒဟာ အမေရိကန်မှာ ထိပ်တန်းပြဿနာဖြစ်နေသလို ကမ္ဘာမှာလည်း ထိပ်တန်းပြဿနာဖြစ်နေတာပါပဲ၊ ၉၀ ခုနှစ် ကုန်ခါနီးတုန်းက လူထုဆန္ဒကောက်ခံကြည့်ခဲ့ရာမှာ အမေရိကန်ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းအထိရှိတဲ့လူထုက (ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးကို အလွန်အရေးကြီးတဲ့ နိုင်ငံတော်ရည်မှန်းချက်အဖြစ်ထားပြီး တိုက်ခိုက်သွားမယ်)ဆိုတဲ့ အစိုးရရဲ့သဘောထားကို ထောက်ခံခဲ့ကြတယ်”လို့ သူက ပြောပါတယ်။

 

(အမေရိကန်ဟာ ခြိမ်းခြောက်ရေးဝါဒကို ဘယ်လိုရင်ဆိုင်သင့်သလဲ)

အမေရိကန်ဟာ ခြိမ်းခြောက်ရေးဝါဒကို ကာကွယ်တားဆီးဖို့အတွက် ငွေကို ရေလိုသုံးခဲ့တယ်။ နောက်ပြီး သူ့မှာ မရောက်နိုင်တဲ့အရပ်၊ မဝင်နိုင်တဲ့အပေါက်ဆိုတာမျိုးမရှိဘူးလို့ဆိုရလောက်အောင်တော်တဲ့ ထောက်လှမ်းရေးတွေ ရှိနေပါလျက်သားနဲ့ ၉/၁၁ အရေးအခင်းကြီးမှာ ဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုကို ဘာလို့မကာကွယ်နိုင်ရတာလဲ..... စသည်ဖြင့် တချို့ကမေးခွန်းထုတ်လာကြတယ်။ 

 

တကယ်တမ်းမှာကျတော့ ခြိမ်းခြောက်ရေးဝါဒကို ကာကွယ်ဖို့ဆိုတာ ပြောသလောက်လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီလိုမလွယ်တဲ့အကြောင်းတွေကတော့ ခြိမ်းခြောက်ရေးဝါဒလှုပ်ရှားမှုတွေဟာ သူ့ရဲ့ ပင်ကိုယ်လက္ခဏာကိုက အတည် တကျမဟုတ်ဘူး။ သူက နိယာမတရားတွေအရ ပုံသေလိုက်နာလှုပ်ရှားနေတာလည်း မဟုတ်ဘူး။ သူ့ကိုဦးစီးသူ၊ ပါဝင်လုပ်ဆောင်သူ၊ ထောက်ခံသူတွေဆိုတာကလည်း အစဉ်အမြဲ လျှို့ဝှက်ပုန်းကွယ်နေကြသူတွေချည်းပဲ။ နောက်ပြီး လျှို့ဝှက်ရေးရဲ့သဘောသဘာဝအတိုင်း လူနည်းစုလေးနဲ့ စီမံကိန်းချတတ်ကြတယ်။ လူနည်းစုလေးနဲ့လုပ်ဆောင် ကြိုးပမ်းတတ်ကြတယ်။

 

ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးဟာ အခက်အခဲအကျပ်အတည်းဖြေရှင်းနိုင်စွမ်းကို စမ်းသပ်တာလို့လည်းဆိုနိုင်တယ်။ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတခုထဲမှာ ခြိမ်းခြောက်ရေးဝါဒကိုရင်ဆိုင်ရတာဟာ ဘယ်လိုမှ တွက်ချက်မှန်းဆလို့ မရနိုင်တဲ့ပစ်မှတ်ကို တခုတည်းသော ဖြစ်နိုင်ဖွယ်မျှော်လင့်ချက်ကလေးအပေါ်အားကိုးပြီး တိုက်ခိုက်တာနဲ့တူနေတယ်။

 

ဒီလိုဆိုရင် တွက်ချက်မှန်းဆလို့မရနိုင်တဲ့ဒီဝါဒကို ရင်ဆိုင်ရာမှာ အဆုံးအရှုံးနည်းပါးအောင် အမေရိကန်တို့အနေနဲ့ ဘယ်လိုလုပ်သင့်သလဲ။ ဦးစွာအားဖြင့် အမေရိကန်တို့ဟာ “ရင်းမြစ်”ကနေ အစချီသင့်တယ်။ ခြိမ်းခြောက်ရေးဝါဒရဲ့ အရင်းအမြစ်ဟာ “ရန်ငြှိုးသိုမှု”ပဲ။ အမေရိကန်တို့အနေနဲ့ဒီရန်ငြှိုး ‌ပြေပျောက်မယ့်လမ်းကြောင်းကို မုချ ရှာဖွေဖို့ လိုတယ်။

 

အမေရိကန်ပေါ်လစီချမှတ်သူတွေဟာ “ဟန်တင်တန်ရဲ့ ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးချင်း”သဘောတရားကို လက်ခံပြီး အနောက်ယဉ်ကျေးမှုနဲ့မတူတဲ့ မွတ်ဆလင်မ်ယဉ်ကျေးမှု၊ အရှေ့ယဉ်ကျေးမှုတို့ကို ညှိနှိုင်းမရတဲ့ရန်ဘက် အဖြစ် ကြည့်မြင်နေမယ်ဆိုရင်တော့ ခြိမ်းခြောက်ရေးဝါဒဟာ ထာဝစဉ် ချုပ်ငြိမ်းပျောက်ကွယ်မသွားပဲ ဆက်လက် ရှင်သန်နေဦးတော့မှာပဲ။ ဟန်တင်တန်က “မူဆလင်မ်နဲ့အမေရိကန်(အနောက်ဘက်)တို့ရဲ့စစ်ပွဲဟာ ခြိမ်းခြောက်ရေး ဝါဒနဲ့ဗိုလ်ကျလွှမ်းမိုးရေးတို့ရဲ့စစ်ပွဲ”ဖြစ်တယ်လို့ပြောထားတယ်။

 

မတူတဲ့အင်အားစုအသီးသီးပဲဖြစ်ဖြစ်၊ မတူတဲ့ ယဉ်ကျေးမှုအသီးသီးပဲဖြစ်ဖြစ်၊ ဒီလိုသံသယအမြင်တွေရှိနေကြရင်၊ အပြန်အလှန်စွပ်စွဲနေကြရင်၊ အပြန်အလှန်ရန်ငြှိုးထားနေကြရင် ငြိမ်းချမ်းရေးတို့၊ လုံခြုံရေးတို့ဆိုတာတွေက ဘယ်လိုလုပ် ရှိနိုင်မှာတဲ့လဲ။ အရှေ့ဖက်က မူဆလင်မ်တွေကလည်း “တို့ယဉ်ကျေးမှုက အနောက်ယဉ်ကျေးမှုထက် သာတယ်၊ အင်အားမှာသာ အမေရိကန်လောက် မရှိတာပါ”လို့ထင်နေရင်၊ အမေရိကန်ကလည်း အစွမ်းထက်တဲ့ ဗုံးလက်နက်တွေနဲ့ သူတပါးယဉ်ကျေးမှုကို ဒူးထောက်အညံ့ခံလာအောင် လုပ်နိုင်တယ်လို့ထင်နေရင် ကမ္ဘာပေါ်က တင်းမာမှုတွေ၊ ထိပ်တိုက်တွေ့မှုတွေနဲ့ ခြိမ်းခြောက်မှုဝါဒအန္တရာယ်တွေဟာ ဆက်လက်တည်ရှိနေဦးမှာပဲ။

 

ဒုတိယအချက်အနေနဲ့ အမေရိကန်ဟာ ကုလသမဂ္ဂနဲ့ရော၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုနဲ့ပါ ပူးပေါင်းလက်တွဲပြီး ခြိမ်းခြောက်မှုဝါဒဆန့်ကျင်ရေး အခိုင်အမာနည်းနာများကို ရေးဆွဲချမှတ်သင့်တယ်။ ခြိမ်းခြောက်မှုဝါဒဆန့်ကျင်ရေးကို တကမ္ဘာလုံးက နားလည်သဘောပေါက်မှုရှိလာမှသာ ခြိမ်းခြောက်ရေးဝါဒပစ်ကွင်းမှ ရှောင်ရှားနိုင်လိမ့်မယ်။ အများစု နိုင်ငံတဆကာခြိမ်းခြောက်မှုဝါဒဆန့်ကျင်ရေးမှာ ပူးပေါင်းလာကြပြီး အားသွန်ခွန်စိုက်လုံးပမ်းကြမှသာ ခြိမ်းခြောက်ရေး ဝါဒရဲ့ ရေရှည်ခြိမ်းခြောက်နေမှုကို တားဆီးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီလုံးပမ်းမှုရဲ့ရှေးဦးလိုအပ်ချက်ဟာ အမေရိကန်အနေနဲ့ “အမေရိကန်ဦးစားပေးရေး”ဆိုတာတို့၊ “ထင်ရာစိုင်းဝါဒ”တို့ကို စွန့်လွှတ်ရေးဖြစ်တယ်။ ဒီကနေ့အထိ အမေရိကန်ရဲ့ ဖော်ြပချက်တွေကတော့ ဒီလိုအပ်ချက်နဲ့ ကင်းဝေးနေဆဲသာဖြစ်ပြီး လူတကာကို မျှော်လင့်ချက်မဲ့စေတာသာ ဖြစ်နေတယ်။

 

သူတပါးအမျိုးသားတွေအပေါ် တန်းတူသဘောမထားနိုင်လို့ကတော့ အခြားအမျိုးသားများရဲ့လေးစားမှုရဖို့ဆိုတာကို မျှော်လင့်မနေနဲ့တော့။ နောက်ဆုံးတချက်အနေနဲ့ အမေရိကန်ဟာ အရင်ကသူလုပ်ခဲ့တဲ့  “ခြိမ်းခြောက်မှုဝါဒ ဆန့်ကျင်ရေး” ပေါ်လစီတွေကိုပြုပြင်သင့်တယ်။ ငြိမ်းချမ်းရေးဆန္ဒကို မစွန့်လွှတ်ခြင်း၊ စေ့စပ်ဆွေးနွေးရေး နည်းလမ်းကိုရှာဖွေခြင်းဆိုတဲ့ ရှေးဦးလိုအပ်ချက်အောက်မှာ “ဥပဒေပြုရာမှာသက်ညှာ၊ ဥပဒေကျင့်သုံးရာမှာ တင်းကျပ်၊ နိုင်ငံခြားဆက်ဆံရေးတို့နဲ့ပေါင်းစပ်”ဆိုတဲ့နည်းနာနဲ့ ခြိမ်းခြောက်ရေးဝါဒကို ကျိုးနွံလာစေဖို့လုပ်ရမယ်။ 

 

ခြိမ်းခြောက်ရေးဝါဒကိုထောက်ခံတဲ့ နိုင်ငံတွေအပေါ် စီးပွားရေးပိတ်ဆို့အရေးယူတာနဲ့ ဗုံးကြဲတာတွေချည်းလုပ်မနေပဲ အပြုသဘောဆောင်တဲ့နည်းနာများဖြင့် သူတို့ရဲ့ပေါ်လစီတွေပြုပြင်လာအောင် အခွင့်အရေးပေးတဲ့နည်းကိုလည်း ကျင့်သုံးသင့်တယ်။ အတင်းမာဆုံးပေါ်လစီဟာ အထိရောက်ဆုံးပေါ်လစီမဟုတ်ဘူးဆိုတာ အမေရိကန်တို့ အလေးအနက် သတိပြုရမယ်။ အကြောင်းကတော့ အမေရိကန်ရင်ဆိုင်နေရတာဟာ “စစ်ပွဲ” မဟုတ်ပဲ “ရန်ငြှိုးသိုမှု” ဖြစ်နေလို့ပါပဲ။

 

(ကိုးကားချက်။ ၂၀၀၆ ခု နှစ် စက်တင်ဘာ ၁၅ ရက်နေ့ထုတ် ထိုင်ဝမ်ဗဟိုသတင်းစာမှာပါရှိတဲ့ ယင်ကျန်းတက္ကသိုလ် နိုင်ငံတကာရေးရာကောလိပ်မှ ပါမောက္ခယွန်ကျုံးရဲ့ဆောင်းပါး)

စုစည်းသူများရဲ့မှတ်ချက်။ Terrorism ကို အကြမ်းဖက်ဝါဒလို့ ဘာသာပြန်ကြတယ်။ Non-Violence ကိုလည်း အကြမ်းမဖက်ရေးလို့ ဘာသာပြန်ကြတယ်။ ဒီလို ဘာသာပြန်မှုဟာ အတွေးအမြင်ကို ရှုပ်ထွေးစေပါတယ်။ စစ်နဲ့ တော်လှန်ရေးတိုင်းဟာ အဆင့်အမြင့်ဆုံး အကြမ်းဖက်မှုတွေပါပဲ။ ဒါ့ကြောင့် အကြမ်းမဖက်ရေးဆိုတဲ့ဝေါဟာရကို  လက်လွတ်စပယ် မသုံးသင့်ဘူးထင်ပါတယ်။ အခုဆောင်းပါးမှာ ခြိမ်းခြောက်ရေးဝါဒလို့သုံးထားပါတယ်။ တရုတ်စာက ဘာသာပြန်တဲ့ဝေါဟာရဖြစ်ပါတယ်။ အင်္ဂလိပ်စာမှာလည်း Terrorism  နဲ့ Violence ဆိုပြီး ခွဲသုံးကြပါတယ်။ ဗမာစာမှာလည်း စဉ်းစားပြီးတီထွင်သစ်တဘ်။ အကြမ်းဖက်ရေးဝါဒကို ရေလဲနဲ့သုံးနေလို့ မသင့်တော်ပါဘူး။

0 comments:

Post a Comment