Wednesday, November 17, 2021

မင်းလတ်ရဲခေါင်အကြောင်း တစေ့တစောင်(ရဲဘော် ဘဝင်း)

0 comments

မင်းလတ်ရဲခေါင်အကြောင်း တစေ့တစောင်(ရဲဘော် ဘဝင်း)

သူနဲ့မရင်းနှီးပါ။ သူ့အနုပညာ စာတွေလည်းမဖတ်ဖူးပါ။ ဒါပေမဲ့ ၁၉၆၉ ကကနေ သူကွယ်လွန်တဲ့(၁၉၇၆ လို့ထင်တယ်) အထိ ကာလပိုင်းများတော့ အတော်လေးပတ်သက်ခဲ့ဖူးပါတယ်။

 

သူနဲ့ပီကင်းမှာအတူနေခဲ့ဖူးတဲ့ ရှမ်းရဲဘော်လင်မယားဆီက သူ့အကြောင်းကို ကြားထားတယ်။ ရှမ်းစကားကို သူတို့သင်ပေးတာ လပိုင်းအတွင်း ကျွမ်းကျွမ်းကျင်ကျင် တတ်သွားကြောင်း၊ ရှမ်းစာလည်းတတ်သွားကြောင်း၊ သူတို့နဲ့အတူ ရှမ်းစာကို လက်တင်အက္ခရာနဲ့ပြုပြင်ဖို့ လုပ်ကြကြောင်း စတာတွေသိထားရတယ်။

 

တခြားရဲဘော်တွေဆီကလည်း သူ ဗမာပြည်ရဲ့မြေပေါ်နင်းမိတဲ့အခါ ပထမဆုံးလုပ်တာက လေးဘက်ထောက်ပြီး မြေကြီးကို အကြာကြီးကုန်းနမ်းတဲ့အကြောင်း မျက်ရည်တွေလည်းကျနေကြောင်းသိရတယ်။

 

နောက်တော့ လူချင်းခနတဖြုတ်ကြုံတယ်။ သူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ စာပညာရှင်ဖြစ်ကြောင်း၊ စာပေ’ မဟုတ်ကြောင်း ပေဆိုတာက ရှေးခေတ်စာဖြစ်လို့ သူကစိတ်မဝငင်စားကြောင်း၊ စာကိုပဲ စိတ်ဝင်စားကြောင်း၊ တဆင့်မြှင့်ဖို့ကြိုးစားတဲ့အကြောင်းတွေ အများကြီးပြောပါတယ်။

 

သူက ကချင်စကား ကောင်းကောင်းတတ်နေပြီး ကချင်စာမြှင့်တင်ရေးကိုလုပ်နေကြောင်း နောက်တော့ကြားရတယ်။

 

ဘာသာစကားတခုကို သင်ယူရာမှာတော့ အလွန်ထူးချွန်တာ သေချာပါတယ်။

 

နောက်ပိုင်းမှာ သူနဲ့ မကြုံတော့ပါ။ တခါမှာတော့ သူ့ကို နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေနဲ့ ခတ်လှမ်းလှမ်းက တွေ့လိုက်ရလို့ မုတ်ဆိတ်ရိပ်ဂျုတ်နဲ့ဓားတွေဝယ်ပြီး တကူးတကသွားပေးမိတယ်။

 

အဲ့ဒီကျတော့မှ သူဟာ အခု စာပညာရှင်မလုပ်တော့ဘူး။ သဘောတရားရေးပညာရှင်လုပ်နေကြောင်း ပြောပါတယ်။ လီနင်ဝါဒကို တိုးချဲ့ပြီး မင်းလတ်ရဲခေါင်ဝါဒကိုရေးနေကြောင်း အများကြီးပြောပါတယ်။ သဘောတရားပညာရှင် ဖြစ်လို့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ပါးမုန်းမွှေးတွေ တမင်မွေးထားတာဖြစ်ကြောင်း ပြောပါတယ်။

 

တနေကုန် သူရှင်းပြတာတွေကိုချုပ်လိုက်ရင်-

သူက မော်စကို ပီကင်းမှာ သဘောတရားရေးလေ့လာခဲ့သူမဟုတ်လို့ ဟိုကရိုက်သွင်းတဲ့သဘောတရားတွေ သူ့မှာမရှိဘူး။

+သူက လီနင်လိုပဲ အရှေ့ဥရောပတခွင်လှည့်လည်ပြီး လေ့လာခဲ့ရသူဖြစ်တယ်။ လီနင်လျှောက်ခဲ့တဲ့လမ်း၊ လီနင် နင်းခဲ့တဲ့ကျောက်တုံးတွေကို နင်းလျှောက်ရင်း လီနင်ဝါဒကိုတိုးချဲ့တဲ့ မင်းလတ်ရဲခေါင်ဝါဒကို သူရရှိခဲ့တာဖြစ်တယ်၊

ခင်ဗျားတို့က တောထဲတောင်ထဲမှာနေရလို့ ဘယ်လိုမှ သဘောတရားကိုကြံဆချိန် မရှိဘူး။ တောထဲတောင်ထဲမှာ မာ့က်စ်ဝါဒ-လီနင်ဝါဒတိုးချဲ့ဖို့ အခွင့်အလမ်းမရှိဘူး။

သူ့ရဲ့ မင်းလတ်ရဲခေါင်ဝါဒကျမ်းစာအုပ်ကြီးရေးပြီးရင် ပါတီဗဟိုသို့ပို့လိုက်မယ်ဆိုတာတွေပဲ။

 

သူ့ရောဂါမသေးဘူးဆိုတာ သိရပြီးနောက်မှာ သူ့စာအုပ်ကြီးရောက်လာတယ်။ တော်တော်ထူတယ်။ စာမျက်နှာ ရာချီရှိတယ်။ သူ့ဝါဒကို ချုပ်လိုက်ရင် တကမ္ဘာလုံးရှိ လူမျိုးတိုင်းခွဲထွက်ကြ၊ ဗမာပြည်မှာလည်း ခွဲထွက်ကြ၊ လူဦးရေအနည်းအများ၊ နယ်မြေအကျယ်အဝန်း ဘာမှကန့်သတ်မထားနဲ့၊ တကမ္ဘာလုံးမှာ တိုင်းပြည်ပေါင်း ထောင်သောင်းချီပြီးရှိပေ့စေ၊ အဲ့သလိုပဲ ဗမာပြည်မှာလည်း တိုင်းပြည်လေးတွေ ပေါ်လာပေါ့စေ၊ ပြီးမှ ဆန္ဒအလျှောက် ပေါင်းစည်းကြဖို့မင်းလတ်ရဲခေါင်ဝါဒနဲ့ စည်းရုံးရမယ်။ စည်းရုံးလို့ရသူတွေကို စုပေါင်းပြီး “ဧရာလွင်” (ဧရာဝတီ+သံလွင်) ပြည်ထောင်စု တည်ထောင်ဖို့ပဲ။

 

ဒါကို သူက ကျမ်းတစောင်လိုရေးထားတာပါ။

 

ပါတီဗဟိုက လှည့်ဖတ်တယ်။ ခေါ်ပြီး ဆွေးနွေးဖို့စီစဉ်တယ်။ အဲ့ဒီကာလမှာပဲ သူက တရုတ်ပြည်မှာ လင်ပြောင် ဝေဖန်ရေး၊ ကွန်ဖြူးရှပ်ဝေဖန်ရေး’ လုပ်သလို ဗသိန်းတင်ဝေဖန်ရေး’ ‘ဗကပဝေဖန်ရေး’ ပိုစတာတွေရေးပြီး ဈေးထဲမှာ လိုက်ကပ်တယ်။

 

ဒါ့ကြောင့်ပဲ ဗဟိုက အမြန်ပဲခေါ်ပြီး ဆွေးနွေးရတယ်။ သူပြောတာရဲ့အချုပ်က-

+ ‘မင်းလတ်ရဲခေါင်ဝါဒကို ပါတီက လက်ခံရင် ဗသိန်းတင်ဝါဒဆိုပြီးထုတ်ပြန်ဖို့ သူ လက်ခံနိုင်တယ်။ သူ့နံမည် မပါလည်း ရတယ်။

လက်မခံရင် သူက ပါတီထဲကထွက်ပြီး သူ့ဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ဖဖြန့်မှာပဲ။ ပိုစတာတွေကပ်မှာပဲ။

BIA ကို အားကျပြီး SSIA, KIA လုပ်နေသူတွေကို အားပေးနေမှာပဲ. (ဗမာနီ၊ ဗမာဖြူတိုက်နေတဲ့ ဗမာ့အခက်ကို ရှမ်း၊ ကချင်အချက်ဆိုပြီး SSIA, KIA က လုပ်နေချိန်ဖြစ်တယ်။ ရှမ်းနဲ့မတိုက်ရပေမယ့် ကချင်နဲ့တိုက်နေရချိန်ဖြစ်တယ်)

 

သူ့တောင်းဆိုချက်ကို (ဗဟို)က ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါကြောင့် သူ့ကို “ကာလတခု အနားယူပြီး တကမ္ဘာလုံးက အခြေအနေကို လေ့လာပါ။ အာဖရိက၊ လက်တင်အမေရိက၊ အာရှကအခြေအနေတွေကို လေ့လာဖို့စီစဉ်ပေးမယ်”လို့ ဗဟိုကပြောတော့ သူက ပွဲကြမ်းလာတယ်။ သခင်ဗသိန်းတင်ကို လက်ညှိုးထိုးပြီး “ခင်ဗျားက ထားဝယ်လူမိုက်၊ ကျုပ်က လမ်းမတော်ဖိုးတုတ်ရဲ့တူ၊ ရန်ကုန်လူမိုက်၊ အမိုက်ပြိုင်ကြမယ်ဆိုပြီး အစည်းအဝေးခန်းထဲကနေ ဆောင့်ကြီး အောင့်ကြီး ထွက်သွားတယ်။

 

ပိုစတာတိုက်ပွဲက ဈေးထဲမှာသာ မကတော့ပဲ နေရာတကာမှာလုပ်လာတယ်။ သူနဲ့ခင်တဲ့ ကချင်ရဲဘော်တွေကတောင် သူ့ကိုရှောင်ကြတယ်။ KIA ဆီသွားဖို့ ဘယ်သူ့ကိုမှ မြှူဆွယ်လို့မရဖြစ်လာတယ်။

 

နောက်ဆုံးတော့ ပိုစတာတိုက်ပွဲဆင်လည်း ဘယ်သူမှ ဗမာစာမတတ်တဲ့၊ ကချင်စာမတတ်တဲ့ မြောက်ကို ပို့ထားရတယ်။ အကျဉ်းချုပ်လည်းမဟုတ်၊ အကျယ်ချုပ်လည်း မဟုတ်၊ လွတ်လွတ်လပ်လပ်ထားတာပဲ။

 

ဒါကို ချက်ကောင်းယူပြီး သူက အကျဉ်းချထားတဲ့ ကချင်သုံ့ပန်းတယောက်ကိုစည်းရုံးပြီး ထောင်ဖောက်ပြေးဖို့ စီစဉ်တယ်။ ပြေးကြတယ်။ ဒါပေမဲ့ သူ ဒီတခါတော့ စကားသင်မထားမိလို့၊ ဝနယ်ထဲကလွတ်အောင်မပြေးနိုင်ပဲ တဝဲလည်လည်ဖြစ်နေလို့ ထောင်စောင့်တွေက လိုက်လံပစ်ခတ်ဖမ်းဆီးတာကြောင့် သေသွားတာပဲ။

 

ဘယ်ရက် ဘယ်လ ဘယ်နှစ်ဆိုတာတော့ မှတ်မထားလို့ အတိအကျမရေးနိုင်ပါဘူး။

 

(သူ့အကြောင်းကို ဘာကြောင့်ရေးရသလဲ)

NLD ရွေးကောက်ပွဲသပိတ်မှောက်တော့ ဂျာနယ်တခုက ရဲဘော်ဌေးတို့တစု စစ်အစိုးရကိုအာခံလို့ ဇာတ်သိမ်း မကောင်းကြောင်းကို ဆက်တိုက်ရေးခဲ့တယ်။ လွန်ခဲ့တဲ့ နစ် ၄၀’ ကျော် ၅၀’ ကဓာတ်ပုံတွေကို ဖောဖောသီသီ သုံးတယ်။

 

အဓိပ္ပါယ်က ရှင်းတယ်။ စစ်အာဏာကိုအာခံရင် ဇာတ်သိမ်းမကောင်းဘူးဆိုတာ NLD ကို စောင်းမြောင်းခြိမ်းခြောက် တာပါပဲ။ ဒါက ရွေးကောက်ပွဲမတိုင်မီက ခြိမ်းခြောက်တဲ့နည်း။

 

အခုရွေးကောက်ပွဲပြီးတော့ ရဲဘော်ဌေးတို့အကြောင်းမရေးတော့ဘူး။ အရှေ့မြောက်အကြောင်းကို လှည့်လာတာ။ ထို့ကြောင့်ဤသို့’ အစုကို ပွဲထုတ်ဖို့ပြင်လာတယ်။ ထို့ကြောင့်ဤသို့အစုက အရှေ့မြောက်မှာ ကျင်လည်ခဲ့သူတွေပဲ။ အရင်းလဲလို့ အဖျားထင်းဖြစ်ရသူတွေပဲ။ ဖြုတ်ထုတ်သတ်ကို မကြုံဖူးကြဘူး။ မင်းလတ်ရဲခေါင်နဲ့လည်း မတွေ့လိုက် ကြရဘူး။

 

ရဲဘော်ဌေးတို့အကြောင်းရေးတုန်းက မင်းလတ်ရဲခေါင် ဖြုတ်ထုတ်သတ်’ ခံရသလိုလို ဘာလိုလို ဝေ့လည်လည် ရေးတာ တွေ့ရတယ်။ ဒါကြောင့် အဖြစ်မှန်က ဘာဆိုတာကို သိစေချင်လို့ရေးတာပဲ။

 

ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဗကပရဲ့ ရက်ဒီကယ်(ပြတ်သားတဲ့လမ်းစဉ်) တစခန်းထလာမှာကိုကြောက်လို့

NLDနဲ့ ဒီမိုကရေစီအင်အားစုတွေ ရက်ဒီကယ်လမ်းစဉ်’ မလိုက်မိစေဖို့ ဘေးဆီးရန်ကာသဘောလုပ်လာနေလို့ ရေးတာပဲ။

 

ကွယ်လွန်သွားသူ(ဘာမှ ပြန်ပြီး ဖြေရှင်းချက်မပေးနိုင်သူ)ကို ဖိထောင်းတဲ့အလုပ်က အောက်တန်းကျတယ်။ ရွံစကာကောင်းတယ်။ ဒီလိုအလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။

 

မင်းလတ်ရဲခေါင်ဟာ ရှေ့တမျိုးကွယ်ရာတမျိုးလုပ်တတ်သူမဟုတ်တာကိုတော့ အထက်မှာရေးခဲ့တာကိုကြည့်ခြင်း အားဖြင့် ရှင်းပါတယ်။

 

စာပညာရှင်လုပ်နေတုန်းက သူနဲ့ အလွတ်သဘောတော့ ဆွေးနွေးဖူးတယ်။ စာတွေကို အရမ်းကာရော ပြင်တာ မလုပ်သင့်ဘူး။ ဗမာရဲ့ က-ခ လိုပဲရှမ်းမှာ က-ခ တွေနဲ့စာ ရှိပြီးသားပဲ။ အဲ့ဒါကို လက်တင်အက္ခရာနဲ့လဲပေးရင် ရလာဒ်ကောင်း ထွက်လာမှာမဟုတ်ဘူးထင်တယ်လို့ ပြောဖူးတယ်။ သူက ဇွတ်တိုးပြီးလုပ်တာ မတွေ့ရဘူး။ သူက စာပညာရှင်ကနေ သဘောတရားပညာရှင်အဖြစ် ကူးဖို့ စိတ်ကူးရှိသွားလို့လည်းဖြစ်နိုင်ပါတယ်။

 

သူသာ အခုထိ အသက်ရှင်နေသေးရင် အရှေ့ဥရောပ၊ အာဖရိကနဲ့ အာရှအလယ်ပိုင်းမှာ တိုင်းပြည်သစ်တွေ ပေါ်လာတာ၊ လူမျိုးအလိုက် မျိုးဖြုတ်ကြတာတွေကိုတွေ့ရင် ဗမာပြည်မှာ ခွဲထွက်သူတွေကို စစ်အစိုးရက ဖဲ့ထုတ် စည်းရုံးသွားတာတွေ့ရင် သူ့ ဧရာ-လွင်’ စီမံကိန်းကို တမျိုးပြုပြင်ဖို့စဉ်းစားလိမ့်မယ်ထင်တယ်။

 

သူ့စဉ်းစားနည်းအတိုင်း သခင်စိုးစဉ်းစားဖူးတယ်။ ပါတီထဲပြန်ရောက်လာတဲ့ လှမင်း(ရှမ်းပြည်)တို့လို အလံနီဟောင်း တွေကလည်း လက်တွေ့လုပ်ဖူးတဲ့အကြောင်းတော့ သူ့ကို(အစည်းအဝေးခန်းက ဒေါနဲ့မောနဲ့ထွက်သွားပြီးနောက်) ဆွေးနွေးဖူးတယ်။

 

ရှမ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားအဖွဲ့အချုပ်၊ ပလောင်-လီရှော စတဲ့အဖွဲ့ချုပ်တွေကို လှမင်း(ရှမ်းပည်)တို့က ခွဲထွက်ဖို့ဖွဲ့ဖူးတာပဲ။ ဦးဗဆွေနဲ့ သခင်သာခင်တို့က အဲ့ဒီအဖွဲ့ချုပ်တွေကို ကြိတ်ပြီးစည်းရုံးလိုက်တော့ ပါသွားကြပြီး အားလုံး လက်နက်ချကြတာနဲ့ ဇာတ်သိမ်းခဲ့ကြရတာပဲလို့- ရှင်းပြတယ်။ သူ ဘာမှပြန်မပြောဘူး။

 

သူ့သဘောတရားကို လက်တွေ့လုပ်ကြည့်သင့်တယ်လို့ပဲပြောတယ်။ လက်နက်ချဖို့တော့ သူ့စဉ်းစားမှုထဲမပါဘူးလို့ ပြောတယ်။

သူ့ကို အကဲဖြတ်ရ ခက်ပါတယ်။ (ရဲဘော် ဘဝင်း)

(၂၀၁၀ ဧပြီလထုတ် အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၄) မှ

0 comments:

Post a Comment