Sunday, November 28, 2021

လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်)

0 comments
လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်)
အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။ ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာမလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော် တာဝန်ကြီးတဲ့ကိစ္စဖြစ်ပါတယ်။ တော်တော်လည်း ငွေကုန်ကြေးကျ များတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။
အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေဝင်းတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာရပ်ပြီး ပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့် ကျွန်တော့်ထက် ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေပြောလေ့ရှိသလို) ရက်စက်သော တိတ်ဆိတ်မှု ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က ရက်စက်သောဆူညံမှုကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ရက်စက်သောဆူညံမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့ -
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊ ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေ မဟုတ်ပါဘူး။ ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့ အဆိုအမိန့်များကို ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျွန်တော် သဘောကျလွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက် ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီးတန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။ အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်ကပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက်ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အဆိုအမိန့်တွေကိုပေါင်းပြီး ကျွန်တော်ပြောသွားပါမယ်။
(၁) စာအုပ်ဆိုတာ ဘာလဲ
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာတွေ၊ ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့်စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်ခံတဲ့စာဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်းပြောပါသေးတယ်။ အသံကို ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း မပြောနိုင်တဲ့အတွက်၊ တနေရာတည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်းမဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပါွးစေတဲ့စာအုပ်လို့ ရပ်စကင်းကခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင်ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက ရေရှည်ခံတဲ့ စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။
(၂) စာကို ဘယ်လိုဖတ်ကြမလဲ
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။ ကျွန်တော်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစသည်တစ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တခါတလေမှာ ဘာမှမရဘဲ အချည်းနှီးဖြစ်ရတယ်။ သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ ဟိုတစ သည်တစ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှရတာ။
ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဉာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။ အဲဒီမေးခွန်းတွေ မေးဖို့လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။
ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။
အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက်ကျိုရလိမ့်မယ်။
စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊ အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစုံတခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ
ဒါကိုတော့ တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။ ရှေးဟောင်း ဂန္ထဝင်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းမှာ စိတ်ဟာ ပျ့ံလွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။ သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။ ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။
(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ
သူက လူငယ်အရွယ်မှာ စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။ ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။
ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။ ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့်ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့ လမင်းကို လသာဆောင် ဝရန်တာပေါ်က တက်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်နောက်မှာ အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့ စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ဝိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူ တယောက်ဟာလဲ သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။ သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။ စစ်တုရင်ခုံနဲ့ ဝိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ စာအုပ်ပဲ။
(၅) စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။ ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာ ခွင့်လွှတ်ကြပါ။ ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန်ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန်ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန်ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တနည်းပြောရရင် ဗြိတိသျှအင်ပိုင်ယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။ ကြီးမြတ်တဲ့လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲတွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တဝိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။ ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။ လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များထင်ကြရင် သည်းခံနားထောင် ကြပါ။ ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။
(၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ဝိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲအခန်းအနားတွင် ပြောသည့်စကား) မြသန်းတင့်ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်းစာအုပ် ၂၀၀၀ ခု၊ ပထမနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။

0 comments:

Post a Comment