Sunday, November 14, 2021

၂၁ ရာစုအတွက် နိုင်ငံရေးအမြော်အမြင်

0 comments

၂၁ ရာစုအတွက် နိုင်ငံရေးအမြော်အမြင်

(ဆွေးနွေးညှိနှိုင်းရန်အတွက် တင်ပြချက်)

(၁) ၂၁ ရာစုအတွက်အမြော်အမြင်ကို ရှာဖွေကြ ညှိနှိုင်းကြပြီး ဆုံးဖြတ်ကြရန် အရေးတကြီးလိုအပ်နေပြီဟု ယူဆပါသည်။ အမြော်အမြင်ဆိုရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူဦးရေတိုးပွားနှုန်းကိစ္စ၊ သဘာဝသယံဇာတကိစ္စ စသည်စသည်တို့နှင့်ပတ်သက်သော အဘက်ဘက်မှ အမြော်အမြင်များကိုဆိုလိုပါသည်။

 

ကျွန်တော်တို့တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းသည့်အနေဖြင့်၊ နိုင်ငံရေးအမြော်အမြင်ကို ကွက်၍တင်ပြပါမည်။ ပြည့်စုံပြီဟုမဆိုနိုင်သော်လည်း အဓိကကျသည့်အချက်များပါဝင်စေဖို့ ကြိုးစားပါသည်။

 

ယနေ့ခေတ်သည် သတင်းအချက်အလက်များကို လူတစုသာသိရှိနိုင်သောခေတ် မဟုတ်တော့ပါ။ လူထုကပါ သတင်းအချက်အလက်ရရှိနိုင်သောခေတ်ဖြစ်ပါသည်။ သတင်းအချက်အလက်များဖြန့်ချိသောလုပ်ငန်းမှာ လက်ဝါးကြီးအုပ်အရှင်းရှင်များ၏လက်တွင်ရှိသဖြင့် အနှစ်သာရနှင့်အကာကို ခွဲခြမ်းစိစစ်ရန်ကားလိုပါလိမ့်မည်။ သတင်းအချက်အလက်များကို စိစစ်သုံးသပ်၍ မှန်ကန်သောကောက်ချက်ချရန်လိုပါသည်။

 

တိုင်းပြည်တိုင်းလောက်ပင် သူတို့၏အမြော်အမြင်များကို ထုတ်ဖော်လျက်ရှိကြချိန်တွင် ကျွန်တော်တို့တိုင်းပြည်မှ အာဏာပိုင်များက လတ်တလောကိစ္စများဖြင့် အလုပ်ရှုပ်နေကြပါသည်။ အမြော်အမြင်မရှိကြပါ။ သူတို့ထုတ်ပြန်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်ဆိုသည်များမှာ အမြော်အမြင်များမဟုတ်ပါ။ အလွန်ယေဘုယျကျသော ဆုပ်ဆုပ်ကိုင်ကိုင်ပြစရာမရှိသည့် ကြွေးကြော်သံများဖြစ်ပါသည်။

 

အခြားတိုင်းပြည်များ အထူးသဖြင့်အိမ်နီးချင်းတိုင်းပြည်များမူကား အမြော်အမြင်များကို အသီးသီး ထုတ်ဖော်နေကြ ပါသည်။ သက္ကရာဇ် ၂၀၂၀ တွင် သူတို့တိုင်းပြည်မည်သို့ဖြစ်လာရမည်၊ ၂၀၅၀ တွင် မည်သည့်အဆင့်အတန်း ရောက်ရမည် စသည်ဖြင့် ရည်မှန်းချက်များထားကြပါသည်။ ဤရည်မှန်းချက်များသည် အခြား ပတ်သက်ရာ ပတ်သက်ကြောင်းနိုင်ငံများကိုလည်း နောင်အခါတွင် တစုံတရာသက်ရောက်မှုရှိလာမည်ဖြစ်ပါသည်။

 

ဗမာြပည်ထုတ်မဂ္ဂဇင်းဂျာနယ်များတွင် “၂၁ ရာစုအမြော်အမြင်များ”ကို ပညာရှင်သုတေသီများရေးသည်ကို ကြိုးကြားကြိုးကြားတွေ့ရပါသည်။ စာပေစိစစ်ရေးကိုကျော်ဖြတ်ရသဖြင့် သိသမျှ မြင်သမျှကို ရဲရဲမရေးနိုင်ပါ။ စာပေလွတ်လပ်ခွင့်သာရှိပါက အတော်ပြည့်စုံသော အမြော်အမြင်များကို ကျွန်တော်တို့ရရှိနိုင်ပါသည်။ မည်သို့ပင်ရှိစေ ယခုဖော်ထုတ်ကြသော အမြော်အမြင်တစိတ်တပိုင်းသည်ပင် တိုင်းပြည်ကို အကျိုးပြုပါသည်။

 

စစ်အစိုးရအာဏာစက်မှလွတ်ကင်းသည့် ပြည်ပရောက်ပညာရှင်သုတေသီများသည် “၂၁ ရာစုအမြော်အမြင်များကို” ပြတ်သားစွာ တင်ပြကြစေလိုပါသည်။ အမြော်အမြင်များကို ကျွန်တော်တို့ လေ့လာလိုလှပါသည်။

ကျွန်တော်တို့ ယခုတင်ပြမည့်နိုင်ငံရေးအမြော်အမြင်အပါအဝင် တင်ပြသမျှအမြော်အမြင်များကို အားလုံးက သဘောတူချင်မှတူကြပါမည်။ အချေအတင်ဆွေးနွေးရန်အဆိုပြုချက်တရပ်အဖြစ်ကား အကျိုးပြုပါလိမ့်မည်။ ဤခံယူချက်ဖြင့် ကျွန်တော်တို့၏အဆိုကို တင်ပြခြင်းဖြစ်ပါသည်။ အခြားသောပုဂ္ဂိုလ်များ အဖွဲ့အစည်းများ၏ အဆိုပြုတင်ပြချက်များကိုလည်း ကျွန်တော်တို့ကြိုဆိုပါသည်။ လေးစားစွာ လေ့လာသွားပါမည်။

 

(၂)

၂၁ ရာစုသည် တတိယထောင်စုအတွင်း စတင်ဝင်ခြင်းဖြစ်၍ ထောင်စုအလိုက် ခြုံငုံသုံးသပ်ရန်လည်းလိုပါသည်။

 

ကျွန်တော်တို့တိုင်းပြည်အတွက်ဆိုလျင် ပထမထောင်စုနှစ်နှင့်ပတ်သက်၍ ထူးထူးခြားခြားသုံးသပ်ရန်မရှိပါ။ ဒုတိယထောင်စုနှစ်များတွင်ကား သုံးသပ်ရန်အရေးအခင်းကြီး အများအပြားရှိပါသည်။ ဒုတိယထောင်စုနှစ်သို့ ဝင်ရောက်စအချိန်က တိုင်းခြားမြေခြား ဝေးဝေးလံလံဒေသများတွင် မည်သို့မည်ပုံဖြစ်ပျက်နေသည်ကို ကျွန်တော်တို့ မသိပါ။ တကမ္ဘာလုံး နည်းပညာနိမ့်ကျဆဲဖြစ်၍ သိနိုင်သည့်အခြေအနေမရှိပါ။ မည်သူ့ကိုမှအပြစ်တင်ရန်မလိုပါ။

 

ဒုတိယထောင်စုနှစ်များသို့ဝင်သည့်အချိန်က အာရှတိုက်၏အလယ်ဗဟိုတွင် မွန်ဂိုများ အင်အားကြီးမားတန်ခိုးထွား လာနေပါသည်။ ဥရောပဘက်သို့သာမက အရှေ့အလယ်ပိုင်းနှင့် တရုတ်ပြည်တို့သို့ ကျူးကျော်တိုးချဲ့နေပါသည်။ ဤသည်ကို ကျွန်တော်တို့မသိပါ။ တရုတ်တပြည်လုံးသိမ်းပြီး မိမိတိုင်းပြည်အတွင်းကျူးကျော်လာမှ သိပါသည်။ သို့ဖြင့် ပဏ္ဏာဆက်နိုင်ငံအဖြစ်သို့ ကျရောက်သွားပါသည်။ သို့သော် ကျွန်တော်တို့ ဘိုးဘေးဘီဘင်များအမြော်အမြင် ရှိခဲ့၍ ပဏ္ဏဆက်နိုင်ငံအဖြစ် မကြာရှည်လိုက်ပါ။ တိုင်းပြည်၏ရာဇဝင်တွင်ကား “တရုတ်ပြေးမင်း”ဟု အမည်းစက် ထင်ကျန်ရစ်ပါသည်။ သည့်အရင်ကလည်း “ကုလားကျမင်း” ရှိခဲ့ပါသေးသည်။

 

မိမိရာဇဝင်ကို မိမိကိုယ်တိုင်ကနှိမ့်ချပြီးရေးသားသော အခြားလူမျိုးများ ကမ္ဘာတွင်ရှိမရှိ မသိပါ။ ရှိသည်ကို မတွေ့ဘူးပါ။ ကျွန်တော်တို့ မနှံ့စပ်၍ဖြစ်ကောင်းဖြစ်ပါမည်။ တွေ့ဖူးသည်မှာ ချီးကျူးအမွှမ်းတင်ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့၏ရာဇဝင်ရေးဆရာများကား “ကုလားကျ” တရုတ်ပြေး”ဟု မြိန်ရေရှက်ရေ ရေးထိုးခဲ့ပါသည်။ ဤသည်မှာ ကျွန်တော်တို့လူမျိုး၏ ထူးခြားချက်ဟုဆိုလျင် ဤထူးခြားချက်ကို ဆက်လက်ခံယူထားရန်မလိုဟု ထင်မြင်ပါသည်။

 

ဒုတိယထောင်စုနှစ်များကုန်ခါနီးတွင်လည်း ဥရောပ၌မည်သို့ဖြစ်ပျက်နေသည်ကို ကျွန်တော်တို့မသိပါ။ ကရူးဆိတ်စစ်ပွဲများ၊ နှစ်တရာစစ်ပွဲများ၊ နှစ်သုံးဆယ်စစ်ပွဲများ၊ နပိုလီယံစစ်ပွဲများ စသည်ဖြင့်စစ်များတခြိမ်းခြိမ်း တိုက်နေပြီး စစ်ရေးဝနေသောတိုင်းပြည်များ ဥရောပတွင်ရှိနေသည်ကိုမသိပါ။ ဤတိုင်းပြည်များသည် အရင်းရှင် စနစ်ကျင့်သုံးပြီး ဖွံ့ဖြိုးစပြုနေပြီဆိုသည်ကို မသိပါ။ ဥရောပအကြောင်း တခါတရံသိသည်မှာ ဥရောပကုန်သည်များ၏ အပြောအရသာ သိပါသည်။ ကုန်သည်ထုံးစံအတိုင်း မိမိတို့၏မင်းစိုးရာဇာများအား မြှောက်ပင့်ပြောသည်များကိုသာ အုပ်စိုးသူလူတန်းစားက နားဝင်ခဲ့ပါသည်။ ချုပ်၍ဆိုရလျင် စစ်သွေးစစ်စိတ်ပြည့်ဝနေသော၊ နယ်ချဲ့စနစ်ကျင့်သုံးသည့် ဥရောပသည် တကမ္ဘာလုံးသို့ စစ်ပွဲများဖြန့်ချိတော့မည်ဆိုသည်ကို မသိပါ။ အင်္ဂလိပ်နယ်ချဲ့က အိန္ဒိယတပြည်လုံးကို သိမ်းမိပြီး ဗမာပြည်ထဲဝင်တိုက်မှ အလန့်တကြားသိခဲ့ပါသည်။ ဤသို့ဖြင့် တိုင်းပြည်ငယ်ကလေးသာဖြစ်သော ဗမာပြည်သည် ၂ ပိုင်းကွဲသွားပါသည်။ တပိုင်းက ကိုလိုနီ၊ ကျန်တပိုင်းက ကိုလိုနီတပိုင်းဖြစ်သွားပါသည်။ ရန္တပို စစ်ရှုံးစာချုပ်ကိုကြည့်လျင် ကိုလိုနီနှင့် ကိုလိုနီတပိုင်းဖြစ်ခြင်းကို တွေ့နိုင်ပါသည်။

 

ရန္တပိုစာချုပ် ချုပ်ပြီး နှစ်အစိတ်ကျော်ရှိသောအခါ ကိုလိုနီနယ်မြေကျယ်ပြန့်လာပြီး ကိုလိုနီတပိုင်းမြေ ကျုံ့သွားပါသည်။ စာချုပ်ပြီး နှစ်ပေါင်း ၆၀ ကြာသောအခါတွင်မူ တပြည်လုံး ကိုလိုနီဖြစ်သွားပါသည်။ “ပါတော်မူမင်း”ဟု ရာဇဝင်တွင် စာတင်ခဲ့ရပြန်ပါသည်။ ၁၉ ရာစုတခုလုံးတွင် အုပ်စိုးသူများ၌ မည်သည့်အမြော်အမြင်မှမရှိပါ။ မင်းညီမင်းသားများ အာဏာလုပွဲ တခြိမ်းခြိမ်းဖြစ်နေပါသည်။ အာဏာရထားသူကလည်း အာဏာထိန်းထားရေးအကြံအစည်မှလွဲပြီး တိုင်းပြည်အတွက် မည်သည့်အမြော်အမြင်မှ မရှိပါ။ အမြော်အမြင်တစွန်းတစ ပြောဆိုရေးသားမိပါက နှိပ်ကွပ် ပစ်ပါသည်။ မင်းစိုးကပ်မြှောင်များကလည်း ဘုန်းတော်ဘွဲ့တွေရေးနေကာ လူတွင်ကျယ်လုပ်ကြပါသည်။ တချို့က “လာရင် တိုက်ပစ်လိုက်တာပေါ့”ဟု အမြော်အမြင်မဲ့စွာ မျက်နှာလိုအားရပြောကြပါသည်။ ပဒေသရာဇ်လူတန်းစားသည် တမျိုးသားလုံးမဆိုထားနှင့် မိမိလူတန်းစားကိုမျှ မစည်းရုံးနိုင်ပါ။ ဤသို့ဖြင့် တမျိုးသားလုံး ကျွန်တွင်းဆင်းခဲ့ရပါသည်။ “လာရင် တိုက်ပစ်မည်”ဟု ပေါ့ပေါ့ပြောသူများ လွယ်လွယ်အရှုံးပေးကြပါသည်။(ယနေ့ စစ်အစိုးရလုပ်နေသည်များမှာ ၁၉ ရာစုက ပဒေသရာဇ်များလုပ်သည်နှင့် တထပ်တည်းလောက်တူညီနေပါသည်)

 

(၃) ၂၀ ရာစုကို ကိုလိုနီဘဝနှင့်ဝင်ခဲ့သောတိုင်းပြည်တွင် မယ်မယ်ရရ အမြော်အမြင်မရှိခဲ့ပါ။ ပထမကမ္ဘာစစ် ဖြစ်သည် အထိ အရင်းရှင်အမြော်အမြင်ပင်မရှိခဲ့ပါ။ ၁၉၂၀ တွင်မှ အရင်းရှင်အမြော်အမြင် တစွန်းတစရှိလာပါသည်။ ခေတ်မီ အမြော်အမြင်ကို ၂၀ စုနှစ်များတွင်မှ ရလာပါသည်။ အမြော်အမြင်ဖော်ထုတ်တင်ပြသူများမှာ ခေတ်မီအတွေးအခေါ် ရှိသည့် တိုးတက်သောလူငယ်များဖြစ်ပါသည်။ တသင်းတဖွဲ့ တဦးတယောက်တည်းက ဖော်ထုတ်ခြင်းမဟုတ်ပဲ စုပေါင်းအားထုတ်ချက်ဖြစ်ပါသည်။ ဤအမြော်အမြင်ကြောင့်ပင် ရာစုနှစ်တဝက်ကျိုးခါနီးတွင် တိုင်းပြည် ပြန်လည်လွတ်လပ်ခဲ့ခြင်းဖြစ်ပါသည်။ 

 

လွတ်လပ်ရေးရခြင်းကို ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ကင်းကွာ စဉ်းစား၍မဖြစ်ပါ။ ဖက်ဆစ်တော်လှန်ရေးကြောင့် တမျိုးသားလုံးကို(ဖဆပလ)အလံတော်အောက်တွင် စည်းရုံးမိပြီး လွတ်လပ်ရေးစောစောရခဲ့ခြင်းဖြစ်ပါသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအမြော်အမြင်ကို အစောဆုံးတင်ပြ စည်းရုံးခဲ့သူများသည် ကွန်မြူနစ်များဖြစ်ပါသည်။ ရဲဘော်ဗဟိန်းက ၁၉၃၉ ခု နှစ်ဦးပိုင်းတွင်ထုတ်ဝေသည် “ဓနရှင်လောက”စာအုပ်၌ အစောဆုံးတင်ပြခဲ့ပါသည်။

 

၁၉၃၉ နှစ်ဦး၌ ဒုတိယကမ္ဘစစ်ပင် ဥရောပ၌မဖြစ်သေးပါ။ ဟီဒေကီ-တိုဂျိုတို့စစ်အုပ်စုက အစိုးရအာဏာသိမ်းပိုက်ပြီး ဖက်ဆစ်ဖြစ်သွားမည်ဆိုသည်ကို မည်သူမှမသိသေးပါ။ တရုတ်ပြည်ကို ကျူးကျော်တိုက်ခိုက်နေသော ဂျပန်စစ်အုပ်စု သည် ဗမာပြည်နှင့်ပတ်သက်လျင် တရုတ်-ဗမာလမ်းမကြီးကို ပိတ်ပစ်နိုင်ရေးလောက်သာစိတ်ဝင်စားနေချိန် ဖြစ်ပါ သည်။ အင်္ဂလိပ် အမေရိကန်တို့ကလည်း တရုတ်ပြည်ကို ကျူးကျော်တိုက်ခိုက်နေသောဂျပန်ကို စစ်ကုန်ကြမ်းများ ထောက်ပံ့ပေးနေပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ဂျပန်ကို ဂျာမဏီဘက်ပါမသွားစေရန် ဂျပန်အလိုကျ တရုတ်-ဗမာလမ်းမကြီးပင် ပိတ်ပေးခဲ့ပါသေးသည်။

 

ထိုသို့သောအခြေအနေတွင် ရဲဘော်ဗဟိန်းက ဂျပန်သည် ဖက်ဆစ်ဖြစ်ရန်နီးစပ်သည်၊ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ပြင်ဆင်ရန်ဟူသော အမြော်အမြင်ကိုပေးခဲ့ပါသည်။

 

ရဲဘော်ဗဟိန်းမြော်မြင်သလိုပင် ဂျပန်သည်ဖက်ဆစ်ဖြစ်သွားကာ အင်္ဂလိပ် အမေရိကန်တို့ကိုစုံကန်ပြီး အရှေ့တောင် အာရှသို့ စစ်ဦးလှည့်ခဲ့ပါသည်။ ကျွန်တော်တို့တိုင်းပြည်မှာ ဖက်ဆစ်ဂျပန်၏သိမ်းပိုက်ခြင်း ခံရရုံမရ ဗမာပြည်ကို ခြေကုပ်ယူပြီး အိန္ဒိယဒေလီသို့ ချီတက်ရေးအတွက် အသုံးခံရပါသည်။ ဂျပန်က တရုတ်ပြည်ကို တရုတ်-ဗမာ လမ်းမကြီးအတိုင်း ချီတက်လုပ်ကြံပါသည်။

 

အပြောင်းအလဲ အလွန်မြန်ဆန်သောစစ်အခြေအနေတွင် အမြော်အမြင်ထက်မြက်ပါမှ ရှင်သန်နိုင်ပါသည်။ အမြော်အမြင်ဆိုတိုင်းလည်း ထက်မြက်ကြသည်မဟုတ်ပါ။ မှားယွင်းသောအမြော်အမြင်ပင် ဝင်တတ်ပါသည်။ စစ်အခြေအနေ၌အမြော်အမြင်များသည်လည်း မလွဲမသွေ ဘက်လိုက်မှုရှိပါသည်။ ဂျပန်ဘက်လား အင်္ဂလိပ် ဘက်လား။

 

၁၉၃၉ ခုနှစ်ကအခြေအနေမှာ ရှုပ်ထွေးပါသည်။ တမျိုးသားလုံးက အင်္ဂလိပ်နယ်ချဲ့သမားကို အဓိကရန်သူအဖြစ် ထားကာ တိုက်နေရသည့်အခြေအနေဖြစ်ပါသည်။ ၁၉၃၈ (၁၃၀၀) ပြည့်အရေးတော်ပုံဖြင့် ပြည်သူလူထုက အန်တုခဲ့ရာ အင်္ဂလိပ်၏အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သွေးမြေကျထားရပါသည်။ ဤသို့သော အခြေအနေတွင် “ကိုယ့်ရန်သူရဲ့ ရန်သူဟာ ကိုယ့်မိတ်ဆွေပဲ”ဟု မြော်မြင်ကာ ဂျပန်ဘက်သို့ အလွယ်တကူ ဘက်လိုက်သွားနိုင်ပါသည်။ 

 

ဤအမြော်အမြင်ရှိသူများက ဂျပန်စစ်တပ်ကြီးလာတော့မယ်”ဟုလည်းကောင်း၊ “အင်္ဂလိပ်လည်ချောင်းသွေးနဲ့ ခြေဆေးမယ်”ဟုလည်းကောင်း ပိုစတာကပ်ကြပါသည်။ လူထုကြီးကိုလည်း ဖက်ဆစ်ဂျပန်အား ကယ်တင်ရှင်အဖြစ် မျှော်ကြရန် လှုံ့ဆော်ပါသည်။ ဤအမြော်အမြင်သည် ဂျပန်ဖက်ဆစ်နှင့် စိတ်ရောကိုယ်ပါပူးပေါင်းသည့် အမြော်အမြင် ဖြစ်ပါသည်။ ဂျပန်ကို ယာယီအသုံးချသည့်လုပ်ဟန်မဟုတ်ပါ။ ဖက်ဆစ်ဂျပန်နှင့် စိတ်ရောကိုယ်ပါပူးပေါင်းသူများသည် နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ်သတ်သလိုဖြစ်ပြီး စစ်ပြီးခေတ်တွင် နိုင်ငံရေးလောကမှ ပျောက်ကွယ်ကုန်ပါသည်။

 

(၄)

၂၁ ရာစုနိုင်ငံရေးအမြော်အမြင်ကို မှန်မှန်ကန်ကန်ချမှတ်နိုင်ရန် အခြေခံအားဖြင့် အောက်ပါအချက် ၄ ချက် လုပ်ရပါမည်။

၁။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏တရားဝင် အမြော်အမြင်များ၊ ထိုနိုင်ငံများမှ အဓိကနိုင်ငံရေးအင်အားစုများ၏ အမြော်အမြင်များကို စူးစမ်းလေ့လာသုံးသပ်ရန်။

၂။ အိမ်နီးချင်းနိုင်ငံများ၏ တရားဝင်အမြော်အမြင်နှင့် နိုင်ငံရေးအင်အားစုအသီးသီး၏အမြော်အမြင်များကို စူးစမ်းလေ့လာသုံးသပ်ရန်။

၃။ မိမိတိုင်းပြည်အပေါ်သို့ တိုက်ရိုက်သက်ရောက်မှုရှိနိုင်သည့် ကမ္ဘာအရပ်ရပ်မှအမြော်အမြင်များကို စူးစမ်း လေ့လာသုံးသပ်ရန်။

၄။ မိမိ၏အခြေအနေကို ပကတိတည်ရှိနေသည့်အတိုင်း သုံးသပ်ရန်။

အထက်ပါအချက်များကို တဖွဲ့ တပါတည်းကလုပ်နိုင်မည်မဟုတ်ပါ။ ၁၉၃၀ ဆယ်စုနှစ်များလုပ်ခဲ့သလို လုပ်ရပါမည်။ အားလုံးက ဝိုင်းဝန်းဖြည့်ဆည်းခြင်းဖြင့် “၂၁ ရာစုအမြော်အမြင်”ကို တည်ဆောက်ရပါမည်။

 

(၅)

မျက်မှောက်ကမ္ဘာ့အခြေအနေကို သုံးသပ်ခြင်းသည် ”၂၁ ရာစုအမြော်အမြင်”တည်ဆောက်ရေးတွင် အချက် အခြာကျပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏သုံးသပ်ချက်အကျဉ်းကိုတင်ပြပါမည်။

 

ကမ္ဘာကြီးအကြောင်း ရေရေရာရာ မသိခင်ကတည်းက ကမ္ဘာကိုစိုးမိုးရေးအယူအဆရှိခဲ့ကြပါသည်။ ကမ္ဘာကို စိုးမိုးနိုင်စွမ်းရှိသူ တဦးထက်မက အများအပြားပေါ်လာသောအခါ ကမ္ဘာကြီးကို အင်အားကြီးနိုင်ငံများအကြား ခွဲဝေခြင်းပြုလာပါသည်။

 

ပထမဆုံး အခိုင်အမာခွဲဝေမှုမှာ ဗရင်ဂျီပုတ်ရဟန်းမင်းကြီးဦးစီးပြီး စပိန်နှင့်ပေါ်တူဂီအကြားခွဲဝေခြင်းဖြစ်ပါသည်။ ငဇင်ကာ သန်လျင်သိမ်းခြင်းမှာ ဤခွဲဝေခြင်း၏အကျိုးဆက်ဖြစ်ပါသည်။ ‌၁၄၉၄ ခုနှစ်က အင်အားကြီးနိုင်ငံများ အကြား ကြိတ်ဝိုင်းခွဲဝေမှုသည့် ဝေးလံလှသည့် ဗမာပြည်သို့ပင် သက်ရောက်စေခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့၏ ဘိုးဘေးများက အမြော်အမြင်ရှိခဲ့၍သာ ပေါ်တူဂီပိုင်နယ်မြေ ကြာရှည်မတည်ရှိခဲ့ခြင်းဖြစ်ပါသည်။

 

ကမ္ဘာ့အင်အားကြီးနိုင်ငံများမှာ တသမတ်တည်းရှိနေသည်မဟုတ်ပါ။ အဟောင်းများ အဆင့်အတန်းနိမ့်ကျသွားပြီး အသစ်များပေါ်လာလေ့ရှိပါသည်။ စပိန်နှင့် ပေါ်တူဂီဆိုလျင် အင်အားကြီးနိုင်ငံများမဟုတ်သည်မှာ ကြာခဲ့ပါပြီ။

 

အင်အားကြီးနိုင်ငံများအသစ်ပေါ်တိုင်း သို့မဟုတ် အင်အားချိန်ခွင်လျှာပြောင်းတိုင်း ကမ္ဘာကိုပြန်လည်ခွဲဝေကြပါသည်။ ခွဲဝေမှုတိုင်းသည်လည်း စစ်နှင့်မကင်းလှပါ။ ယခုလုပ်နေသည့် နေတိုး၏စစ်ဆင်ရေးသည်လည်း ဤသဘောမျိုးပင် ဖြစ်ပါသည်။ ၂၀ ရာစုသို့ဝင်သောအခါ ကမ္ဘာကြီးမှာ ခွဲဝေပြီးဖြစ်နေပါသည်။ နေရာလပ်မကျန်ပါ။ ထို့ကြောင့် ထိုအခါမှ စ၍ ပြန်လည်ခွဲဝေခြင်းသာပြုရပါသည်။ ၁၅ ရာစုကလို စိတ်မှန်းဖြင့် “နယ်မြေသစ်များ”ကိုခွဲဝေခြင်းမဟုတ်ပဲ ကိုလိုနီများ(ယခုဆိုလျင် ဩဇာခံနယ်မြေများ)အဖြစ် အခိုင်အမာခွဲဝေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အင်အားကြီး နိုင်ငံများအကြား ပွတ်တိုက်မှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများဖြစ်လေ့ရှိပါသည်။

 

ခွဲဝေမှုများကိုလည်ူး “ငြိမ်းချမ်းရေး” ထိန်းသိမ်းခြင်းအဖြစ် အင်အားကြီးနိုင်ငံများက ပြောလေ့ရှိပါသည်။ ယခုဆိုလျင် ယူဂိုဆလားဗီးယားကိစ္စကို ဥရောပ”တည်ငြိမ်ရေး”ဟု ပြောပါသည်။

 

ဒုတိယကမ္ဘာစစ်တိုက်နေစဉ်တွင် အမေရိကန်သမ္မတက နောင်တွင် “ကမ္ဘာ့ငြိမ်းချမ်းရေး”ကို ကမ္ဘာ့ပုလိပ်ကြီး ၄ ဦးဖြင့် ထိန်းသိမ်းရန်အကြံပြုခဲ့ဖူးပါသည်။ ဤအကြံကို ဆိုဗီယက် ဗြိတိန်တို့နှင့် ညှိနှိုင်းခဲ့ပါသည်။ ကမ္ဘာ့ပုလိပ်ကြီး ၄ ဦးမှာ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နှင့်တရုတ်ဖြစ်ပါသည်။ ဗြိတိန်မှာ နေမဝင်အင်ပါယာဘဝမှ အဆင့်အတန်းလျှောကျကာ အမေရိကန်၏ အပေါင်းအသင်းအငယ်စားလေးဖြစ်ပြုနေပါပြီ။ ထို့ကြောင့် ဗြိတိန်ကို အမေရိကန်က ပုလိပ်တဦးအဖြစ် နေရာပေးလိုပါသည်။ တရုတ်မှာ ချန်ကေရှိတ်တရုတ်ဖြစ်ပြီး အမေရိကန်လက်ဝေခံဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ပုလိပ် ၄ ဦးတွင် မိမိဘက်က ၃ ယောက်ထားရေးဖြစ်ပါသည်။

 

ချန်ကေရှိတ်တရုတ်ကို ပုလိပ်တဦးအဖြစ်ထားသည်မှာ အာရှအတွက်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အင်ဒိုချိုင်းနား (ဗီယက်နမ်)တွင် ဂျပန်လက်နက်ချသည်ကိုလက်ခံရန် တရုတ် ကေအမ်တီတပ်များကို ဝင်စေပါသည်။ ပြင်သစ်က အဆင်သင့်မဖြစ်သေးခင် ပြင်သစ်ကိုယ်စား ယာယီဝင်ရန်ဖြစ်ပါသည်။ သို့သော် ပြင်သစ်ကအဆင်သင့်ဖြစ်သော အခါတွင်ပင် ပြန်ထွက်မပေးလိုပဲဖြစ်နေ၍ အတော် တွန်းတွန်းထိုးထိုးလုပ်ရပါသည်။ ကေအမ်တီတရုတ်ကား ပုလိပ်ကျင့်ပုလိပ်ကြံအပြည့်နှင့် ပုလိပ်ဖြစ်ပါသည်။

 

ပွဲမဆူလျင် ဆူအောင်ပွဲလှန့်ပေး ပွဲဆူလျင်ဝင်ထိန်းသည်ဟုအကြောင်းပြပြီး အတွင်းသို့ဝင်၊ ဝင်ပြီးလျှင်ပြန်မထွက်ပဲ ပေကပ်နေသောအကျင့်ကား ပုလိပ်ကျင့်ဖြစ်ပါသည်။ ယခုတလော အမေရိကန်က အီရတ်၊ ယူဂိုဆလားဗီးယားတွင် လုပ်နေသည့်အချိုးမျိုး ဖြစ်ပါသည်။ လောလောလတလတ် ပွဲဆူအောင်လုပ်သည့်သာဓကတခုကို တင်ပြပါမည်။ အိန္ဒိယက နူကလီယားလက်နက်မစမ်းခင်ကလေးတွင်၊ စမ်းတော့မည့်အကြောင်း၊ တရုတ်အန္တရာယ်ကြောင့် စမ်းရ ကြောင်း စသည်ဖြင့် ခယဝပ်တွားသည့်လေသံဖြင့် အိန္ဒိယဝန်ကြီးချုပ် ဗမာ့ဂျ်ပါယီက အမေရိကန်သမ္မတ ကလင်တန် ထံသို့ လျှို့ဝှက်ရေးစာတစောင်ပို့ပါသည်။ ကလင်တန်က ထိုစာကို လျှို့ဝှက်ထားရမည့်အစား ရည်ရွယ်ချက်ရှိရှိ ချက်ချင်းပင် သတင်းစာတိုက်သို့ “ပေါက်ကြား”ပေးလိုက်ပါသည်။ သတင်းစာကလည်း ချက်ချင်းဖော်ပြသဖြင့် တကမ္ဘာလုံးကျော်ကြားသွားပါသည်။

 

တရုတ်နှင့်အိန္ဒိယကိုရန်တိုက်ပေးပြီး ပွဲဆူအောင်လုပ်ရန်အကြံအစည်ဖြစ်ကြောင်း ရှင်းနေပါသည်။ နောက်တချက်က စစ်အေးခေတ်ပြီးကတည်းက မိမိကိုယ်ကို တဦးတည်းသောကမ္ဘာ့ပုလိပ်ကြီးဟုအထင်ရောက်နေသောအမေရိကန်က အိန္ဒိယကို အာရှတောင်ပိုင်း၏ ဒေသန္တရဗိုလ်လေးအဖြစ် သဘောမထားနိုင်၍ ချောက်တွန်းခြင်းဖြစ်နိုင်ပါသည်။

 

အမေရိကန် ၁၉၇၁ ခုနှစ်က အိန္ဒိယ ပါကစ္စတန်စစ်ပွဲကိုအကြောင်းပြပြီး လေယဉ်တင်သင်္ဘောဦးဆောင်သည့် အမှတ် ၇ ရေတပ်ကို ဘင်္ဂလားပင်လယ်အော်အတွင်းပိုင်းသို့ လွှတ်ဖူးပါသည်။

 

ကျွန်တော်တို့တိုင်းပြည်၏သမိုင်းတွင် အမြောက်တင်သင်္ဘောဖြင့် ကျူးကျော်မှုခံရဖူးသဖြင့် လေယဉ်တင်သင်္ဘော ဘင်္ဂလားပင်လယ်အော်သို့ရောက်လာခြင်းမျိုးကို မလိုလားပါ။ ပွဲဆူလာလျှင် အမေရိကန်လေယဉ်တင်သင်္ဘော မုချရောက်လာပါလိမ့်မည်။ အိန္ဒိယဖြစ်စေ တရုတ်ဖြစ်စေ နှစ်နိုင်ငံစလုံး ငြိမ်းချမ်းတည်ငြိမ်လွတ်လပ်စွာဖြင့် ဖွံ့ဖြိုး စေချင်ပါသည်။ လောကွတ်စကားပြောခြင်းမဟုတ်ပါ။ သမိုင်းသင်ဃန်းစာယူပြီး လေးနက်စွာပြောခြင်း ဖြစ်ပါသည်။

 

မွန်ဂိုတို့သည် တရုတ်ပြည်ကိုသိမ်း တရုတ်စစ်တပ်ကိုဆင့်ခေါပြီး ဗမာပြည်ကိုကျူးကျော်ချင်းဖြစ်ပါသည်။

 

အင်္ဂလိပ်တို့သည်လည်း ကုလားပြည်ကိုသိမ်း၊ ကုလားစစ်တပ်ကိုဆင့်ခေါပြီး ဗမာပြည်ကိုကျူးကျော်ခဲ့ခြင်း ဖြစ်ပါသည်။

 

ထို့ကြောင့် လူဦးရေအလွန်များသော အိမ်နီးချင်းနိုင်ငံကြီးများ လွတ်လွတ်လပ်လပ်ရှိကြပြီး ငြိမ်းချမ်းသင့်မြတ် နေစေချင်ချင်းဖြစ်ပါသည်။

 

ဒုတိယကမ္ဘာစစ်အပြီး နှစ် ၅၀ ကျော်အတွင်း တတိယကမ္ဘာစစ်မဖြစ်ခဲ့ပါ။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်မှာ ၂၁ နှစ်သာကွာပါသည်။ တတိယကမ္ဘာစစ်မဖြစ်သည်ကို “ငြိမ်းချမ်းရေးကာလ”ဟု ခေါ်မည်ဆိုက ခေါ်နိုင်ပါသည်။ သို့သော် စစ်အေးတော့ဖြစ်နေပါသည်။ 

 

ထိုသို့ နှစ်ငါးဆယ်ကျော် ငြိမ်းချမ်းရေးကိုထိန်းထားနိုင်ခြင်းမှာ ပုလိပ်များအထိန်းကောင်း၍မဟုတ်ပါ။ အကြောင်း အချက် အများအပြားရှိသော်လည်း အဓိကမှာ ကမ္ဘာ့ပြည်သူများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့်ဖြစ်ပါသည်။

 

ယခု စစ်အေးပြီးသွားပါပြီ။ ဗိုလ်ကြီး နှစ်ဗိုလ်အနက် ဗိုလ်တဗိုလ်ကျန်ရစ်ပါသည်။ တတိယကမာစစ်တိုက်နိုင်သော အင်အားရှိသူမှာ သူတို့နှစ်ဗိုလ်သာဖြစ်၍ တတိယကမ္ဘာစစ်တော်တော်နှင့်မဖြစ်နိုင်ဟု ထင်ရပါသည်။’’သို့သော် ကမ္ဘာအနှံ့ စစ်ကလေးများတော့ဖြစ်နေပါသည်။ နောင်တွင်လည်း ငြိမ်းချမ်းစရာမမြင်ပါ။ 

 

ယူဂိုဆလားဗီးယားတွင်ဖြစ်နေသောကိစ္စသည် အစဉ်အလာတခုကို နယ်ချဲ့သမားက ထူထောင်နေခြင်းဖြစ်ပါသည်။ နောင်တွင် အကြောင်းပြချက်အမျိုးမျိုးနှင့် ကမ္ဘာတခွင်တင်ပြည်တွင်းရေး ဝင်စွက်ခြင်းများ များပြားလာနိုင်ပါသည်။

 

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေးဝါးဟူသော အကြောင်းပြချက်ဖြင့်ပင် အမေရိကန်က ဝင်စွက်နိုင်ပါသည်။

 

ကျွန်တော်တို့ အမြင်တို၍မဖြစ်ပါ။ ယာယီအကျိုးအတွက် ထာဝရအကျိုးစီးပွားကို အထိမခံနိုင်ပါ။ “ကြွက်မနိုင် ကျီမီးရှို့” သလို လုပ်၍မဖြစ်ပါ။

 

(၆)

အထက်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ ကျွန်တော်တို့အမြင်ကို အကျဉ်းရုံးတင်ပြခဲ့ပါသည်။ ပြည်တွင်းရေးနှင့် ပတ်သက်သည့်အမြင်ကို ဆက်လက်တင်ပြပါမည်။

 

တိုင်းပြည်အနေနှင့် ဖြေရှင်းရမည့်ပြဿနာကြီးများရှိနေပါသည်။ ဤပြဿနာကြီးများအားမရှင်းနိုင်လျင် တိုင်းပြည် အနေနှင့်ကွယ်ပျောက်သွားမည်မဟုတ်သော်လည်း အဆင့်အတန်းမှာမူ အလွန်အမင်း ထပ်မံနိမ့်ကြသွားပါလိမ့်မည်။ ယခုပင်လျင် အဘက်ဘက်က နိမ့်ကျနေပြီဖြစ်၍ ထပ်မံနိမ့်ကျလျင် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးမျက်နှာစာမှ ကွယ် ပျောက်သလောက်ဖြစ်သွားပါလိမ့်မည်။ ကမ္ဘာ့စံချိန် အာရှစံချိန်မပြောနှင့် အရှေ့တောင်အာရှစံချိန်အရပင် နောက်တန်း ရောက်နေပါပြီ။  တိုင်းပြည်၏အဆင့်အတန်းမှာ ဆက်လက်၍လည်း နိမ့်ကျဆဲဖြစ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာ “ဘယ်သူမပြု မိမိမှု”ဖြစ်ပါသည်။ ပြဿနာကြီးများတည်ရှိနေ၍ဖြစ်ပါသည်။ ပြဿနာကြီးများမှာ...

            (၁) နိုင်ငံရေးအကျပ်အတည်းပြဿနာ။

            (၂) စီးပွားရေးအကျပ်အတည်းပြဿနာ။

            (၃) လူမှုရေးအကျပ်အတည်းပြဿနာဟူ၍ အဓိကခွဲခြားနိုင်ပါသည်။

 

နိုင်ငံရေးအကျပ်အတည်းပြဿနာခေါင်းစီးကြီးအောက်တွင် အောက်ပါပြဿနာများရှိနေပါသည်။

-       ရွေးကောက်ပွဲနိုင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးအဆင့်နေရာမပေးလိုပဲ နိုင်ငံရေးအရဦးချိုးပစ်နေသဖြင့်ဖြစ်နေရသောနိုင်ငံရေးအကျပ်အတည်း။

-       ဒီမိုကရေစီရေး။၊ အမျိုးသားတတန်းတူရေး၊ သွေးစည်းရေးတို့ကို မှန်မှန်ကန်ကန်မဖြေရှင်းနိုင်သဖြင့် ဖြစ်နေရသော ပြည်တွင်းစစ်ပြဿနာနှင့် စစ်တိုက်သည်လည်းမဟုတ် ငြိမ်းချမ်းရေးလည်း မမည်သော ပြည်တွင်းစစ်တပိုင်းပြဿနာများ။

-       စစ်အာဏာရှင်စနစ်ကိုရုပ်သိမ်းရေးပြဿနာ စသည်တို့ဖြစ်ပါသည်။

 

စီးပွားရေးပြဿနာခေါင်းစီးကြီးအောက်တွင်........

-       စက်မှုထုတ်လုပ်ရေး ကျပြီးရင်းကျနေသည့်ပြဿနာ။

-       မြေရှင်စနစ်အကြွင်းအကျန်များကြောင့်ဖြစ်နေသည့် လယ်ယာထုတ်လုပ်မှုကျဆင်းသည့်အကျပ်အတည်း။

-       ပတ်ဝန်းကျင်ထိန်းသိမ်းမှုမလုံလောက်(တကယ်က လုံးလုံးမရှိ)ဖြစ်ရသော ထုတ်လုပ်ရေး အကျပ်အတည်း စသည်တို့ဖြစ်ပါသည်။

 

လူမှုရေးပြဿနာခေါင်းစီးကြီးအောက်တွင်....

-       ပညာရေးအကျပ်အတည်း။

-       ကျန်းမာရေးအကျပ်အတည်း

-       စာပေလွတ်လပ်ခွင့်မရှိသဖြင့်ပေါ်နေသော အကျပ်အတည်းပေါင်းစုံ(အမျိုးသားယဉ်ကျေးမှု ပျောက်ကွယ်စ ပြုနေခြင်း၊ စာရိတမဏ္ဍိုင်ပျက်ပြားနေခြင်း စသည်များ)

 

ဤအကျပ်အတည်းများကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ဝိုင်းဝန်းဖြေရှင်းရပါမည်။ စစ်အုပ်စုက ဂိုဏ်းဂဏစိတ်ဖြင့် “တိုင်းပြည်တိုးတက်နေသားပဲ”ဟု မျက်စေ့မှိတ်မငြင်းစေလိုပါ။ ပကတိအဖြစ်မှန်ကို အသိအမှတ်ပြုရပေမည်။ စီးပွားရေးအဆင့်နေရာမရှိလျင် နိုင်ငံရေးအဆင့်နေရာလည်းမရှိနိုင်ပါ။ နိုင်ငံရေးအကျပ်အတည်းကို အရင်ဆုံးရှင်းမှ စီးပွားရေးဖွံ့ဖြိုးစေရန် ဇောက်ချလုပ်နိုင်ပါမည်။

 

မိမိတွင် အဆင့်နေရာမရှိပါက အချုပ်အခြာအာဏာကို အထိပါးခံရတတ်ပါသည်။ အရင်းရှင်စနစ် ကမ္ဘာအနှံ့ ဖြန့်ကျက်နေသောခေတ်တွင် အမေရိကန်နယ်ချဲ့က ကမ္ဘာ့တဦးတည်းပုလိပ်ကြီးအဖြစ်ခံယူထားသောကာလတွင် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုတို့ကို လွယ်လွယ်နှင့် ထိပါးခံရတတ်ပါသည်။

 

(၇)

ဒုတိယကမ္ဘာစစ်အပြီးတွင် လွတ်လပ်သောအမျိုးသားနိုင်ငံတော်များ အစီအရီပေါ်ထွက်လာပါသည်။ ထို တိုင်းပြည်တိုင်း လောက်တွင် သမိုင်းက ခြွင်းချန်ခဲ့သောပြဿနာများ ကျန်ခဲ့ပါသည်။ အချို့ပြဿနာများမှာ ကြီးပါသည်။ နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများပါဝင်ပတ်သက်နေသည့်ပြဿနာဖြစ်ပါသည်။(ဥပမာ-ကက်ရှ်မီးယား၊ တရုတ် တောင်ပင်လယ်မှ ကျွန်းစုများ၊ အရှေ့တီမော)

 

ကျွန်တော်တို့တိုင်းပြည်မှ ပြည်တွင်းစစ်ပြဿနာကို သမိုင်းက ခြွင်းချန်ခဲ့သောပြဿနာအဖြစ်လည်း ရှုမြင်လိုက ရှုမြင်နိုင်ပါသည်။ သို့သော် အဓိကအားဖြင့် ပြည်တွင်းပြဿနာဖြစ်ပါသည်။ ပြည်တွင်းကနိုင်ငံရေးအင်အားစုများ အမြော်အမြင်ပြည့်ဝလျှင် ဖြေရှင်းနိုင်သည့်ပြဿနာဖြစ်ပါသည်။

 

ကျွန်တော်တို့တွင် သမိုင်းကခြွင်းချန်ခဲ့သော နှိုင်းယှဉ်ချက်အရ မကြီးမားသော နယ်ခြားပြဿနာအချို့ရှိပါသည်။ တရုတ်နှင့်ပြဿနာမှာ ဖြေရှင်းပြီးဖြစ်ပါသည်။ သို့သော် ထိုဖြေရှင်းပြီးပြဿနာကိုပင် ထိုင်ဝမ်ရှိ ကေအမ်တီအစိုးရက လက်မခံပါ။ သူတို့၏ ထိပ်ပိုင်းဖြတ်ထားသော ဗမာပြည်မြေပုံကို အသုံးပြုမြဲပြုနေပါသည်။ မြစ်ကြီးနားအထက် ဘက်တွင် တိတိရိရိဖြတ်ထားသောမြေပုံဖြစ်ပါသည်။ အာရှတိုက်သည် ယဉ်ကျေးမှု စောစီးစွာထွန်းကားရာဒေသ၊ ပဒေသရာဇ်နိုင်ငံတော်များ အတိအကျရှိနေသည့်ဒေသဖြစ်ပါသည်။ နယ်မြေသစ်ဒေသစိမ်းမဟုတ်ပါ။  ထိုသို့သော နေရာမျိုးတွင် အမေရိက၊ အာဖရိကတို့ကဲ့သို့ တဖြောင့်တည်းဖြစ်နေသော နယ်စပ်မျဉ်းများမရှိနိုင်ပါ။ သို့သော် ကေအမ်တီက စိတ်မှန်းဖြင့်ရမ်းပြီး ဗမာပြည်ထိပ်ပိုင်းကိုဖြတ်ယူထားပါသည်။ သူတို့၏မြေပုံကို ယခု အကျယ်အပြန့် ဖြန့်နေပါသည်။ ကျွန်တော်တို့ အမြော်အမြင်ရှိရှိဖြင့် ကန့်ကွက်တားဆီးရပါမည်။ သတိကျပ်ကျပ် ထားသင့်ပါသည်။ 

 

အိန္ဒိယ ဘင်္ဂလားဒေ့ရှ်တို့နှင့်နယ်ခြားမျဉ်းမှာ အခြေခံအားဖြင့် သတ်မှတ်ပြီးဖြစ်သည်ဟု ယူဆရပါသည်။ ချစ်ကြည် အေးချမ်းစွာ ဖြေရှင်းနိုင်သည့်ကိစ္စလည်း ဖြစ်ပါသည်။ ငြိမ်းချမ်းနေလျှင် နှစ်နိုင်ငံ၏နယ်စပ်များ အလွယ်တကူ ပြီးပြေအောင်ဖြေရှင်းနိုင်ပါသည်။ ပြဿနာဖြစ်နေသည်မှာ ထိုင်းနှင့်ဖြစ်ပါသည်။ ပြဿနာကို နှစ်နိုင်မှ အုပ်စိုးသူများက မကြီး ကြီးအောင်ချဲ့နေကြပါသည်။ ပြည်သူများဒေါသမြားဦးကို မိမိအပေါ်မရောက်စေဘဲ တဘက်သို့လှည့်ပေး လိုကြပါသည်။ ဗမာပြည်တွင် ပြည်တွင်းပြဿနာရှိသလို ထိုင်းတွင်လည်းစီးပွားရေးကျဆင်းသည့် ပြဿနာ၊ IMF ၏ ဆေးခါးကြီးကုထုံးတို့ကြောင့် ပြည်တွင်းပြဿနာတက်နေပါသည်။ နှစ်နိုင်ငံမှပြည်သူများသည် အုပ်စိုးသူများအပေါ် ဒေါသူပုန်ထနေပါသည်။ ထိုဒေါသကို မြားဦးလှည့်သွားစေရန် နယ်ခြားကိစ္စကို မလိုအပ်ပဲ ပုံကြီးချဲ့နေကြခြင်း ဖြစ်ပါသည်။ သမိုင်းမှပုဂ္ဂိုလ်များကိုပင် အသုံးပြု၍ ဒေါသကိုဆွပေးနေကြပါသည်။ ဗမာပြည်မှ ဘုရင့်နောင်ရုပ်တုကို တဘက်သားမခံချင်အောင် နယ်စပ်တွင် တည်ဆောက်ပါသည်။ ထိုင်းကလည်း ဗြနရာဇ်၏ရုပ်တုဖြင့်တုံ့ပြန်သည်ဟု သတင်းတရပ်ကဆိုပါသည်။

 

ဤသို့လုပ်နေခြင်းသည် နှစ်နိုင်ငံအတွက်၊ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးမရှိပါ။ အမြော်အမြင်မရှိသည့် လုပ်ရပ် ဖြစ်ပါသည်။ ပွဲဆူစေလိုသည့် နယ်ချဲ့သမားများကိုသာ အကျိုးပြုပါလိမ့်မည်။

 

ဥရောပနယ်ချဲ့သမား(လက်ဟောင်း)များသည် နှစ်နိုင်ငံကြားနယ်မြေများအတွက် သမိုင်းစဉ်ဆက်ပြဿနာတက်ကာ စစ်ပွဲများ တခြိမ်းခြိမ်းတိုက်ခဲ့ပါသည်။(ဥပမာ ပြင်သစ် ဂျာမန်နယ်ခြားရှိ အယ်လ်စေ့နှင့် လော်ရိမ်းနယ်ပြဿနာ၊ ပြင်သစ်အီတလီနယ်ခြားရှိ ဆာဗွိုင်းနယ်ပြဿနာ) ယခုမူ နယ်ခြားဒေသပြဿနာများကို ပြည်ဖုံးကားချကာ ဥရောပသမဂ္ဂလုပ်နေကြပါပြီ။

 

ကျွန်တော်တို့ သတိပြုသင့်သည့်အချက်မှာ အင်္ဂလိပ်သည် အမေရိကန်ကိုမှီခိုပြီး လူတွင်ကျယ်လုပ်နေပါသည်။ စူးအက်တူးမြောင်းရှေ့ဘက်သို့ တိုးဝင်နေပါသည်။ အင်္ဂလိပ်မှာ အင်ပါယာအရှင်ဟောင်းဖြစ်၍ အိန္ဒိယ ဗမာပြည်တို့တွင် လူမှုရေးအခြေခံ ကြီးကြီးမားမားရှိပါသည်။

 

(၈)

နိင်ငံရေးပြဿနာများကိုသာ တင်ပြလိုရင်းဖြစ်သော်လည်း ဆက်စပ်စဉ်းစားရန်လိုသည့် နိုင်ငံတကာ့စီးပွားရေးကိစ္စ ကိုလည်း အနည်းငယ်တင်ပြပါမည်။

 

မျက်မှောက်ခေတ်တွင် ၁၉ ရာစု ၂၀ ရာစုမှ နယ်ချဲ့ကျူးကျော်မှုမျိုးကို မမျှော်လင့်နိုင်ပါ။ ကိုလိုနီစနစ်ဟောင်းကို မည်သည့်နယ်ချဲ့သမားကမှ ပြန်လည်လုပ်ရန်စိတ်ကူးကြပုံမပေါ်ပါ။ သူတို့လုပ်နေပုံမှာ စီးပွားရေးအရချုပ်ကိုင်ခြင်း ဖြစ်ပါသည်။ သာဓကပြပါမည်။ ငွေကြေးဈေးကစားသူများ(နိုင်ငံရေးအရ သူတို့သည် နယ်ချဲ့အဝန်းအဝိုင်းကပင် ဖြစ်သည်)က “ကျား” အမည်ခံများကိုး “ကျားနာ”ဖြစ်စေရန် လုပ်လိုက်သည်။ IMF ဝင်ကယ်သည်။ (IMF မှာ အမေရိကန်ဩဇာခံ ဂျီဆဲဗင်န်းနိုင်များ၏ အသုံးတော်ခံဖြစ်သည်။ ကုလသမဂ္ဂကိုပေးရန်ရှိသည့်အမေရိကန်သည် IMF အတွက်ဆိုလျှင် မြန်မြန်ပေးသည်) IMF က ဝင်ကယ်ပြီဆိုလျှင် အကယ်ခံတိုင်းပြည်၏ အခြေခံလူတန်းစားများ ဒုက္ခရောက်သည်။ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ၊ နယ်ချဲ့ကုမ္ပဏီကြီးများအတွက် အကွက်ကောင်းဖွင့်ပေးသည်။ အချုပ်အခြာအာဏာအထိပါးခံရသည်။ လူမှုမငြိမ်သက်မှုများဖြစ်သည်။

 

IMF ကယ်သည်ဆိုသည်မှာ တင်းကျပ်သည့်စည်းကမ်းချက်များဖြင့် ငွေထုတ်ချေးခြင်းဖြစ်သည်။ ထိုအခါ ထွက်သွားသောငွေများ ပြန်ဝင်လာသည်။ စည်းကမ်းချက်အသစ်များအရ ပြန်ဝင်ခြင်းဖြစ်၍ အရင်းအနှီးတင်ပို့သူများ အတွက် အကျိုးအလွန်ရှိသည်။ အကယ်ခံတိုင်းပြည်၏ အခြေခံစီးပွားရေးလုပ်ငန်းများကို ဈေးပေါပေါနှင့် အချောင် နှိုက်သည်။

 

ဤကား မျက်မှောက်ခေတ နယ်ချဲ့စနစ်၏ အထွက်ခတ် အဝင်ခတ် နှစ်ဘက်သွားလွှ စီးပွားရေးအကွက်ဖြစ်သည်။ တိုက်ရိုက် ကိုလိုနီလုပ်ရသည်ထက် တွက်ခြေကိုက်သည်။

 

တိုက်ရိုက်ကိုလိုနီလုပ်လျှင် အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုများကို နှိမ်နေရသည်နှင့် စီးပွားရေးတွက်ခြေ မကိုက် လှပေ။ ဗီယက်နမ်တွင် ပြင်သစ် အမေရိကန်တို့ကြုံသလို နဖူးကွဲဒူးပြဲဖြစ်မည်။ မျက်မှောက်ခေတ် နယ်ချဲ့စနစ်မှာ စီးပွားရေးအရနယ်ချဲ့ခြင်းဖြစ်သည်။ မိမိ၏ အမျိုးသားစီးပွားရေးအခြေမခိုင်လျှင် ဒုက္ခလှလှကြီးတွေ့မည်။ အမှီအခို မကင်းသော စီးပွားရေးဖြစ်နေလျှင် အချုပ်အခြာအာဏာဆိုသည်မှာ အမည်ခံသာဖြစ်တော့မည်။ လွတ်လပ်စွာ အမှီခို ကင်းစွာ နိုင်ငံရေးဆုံးဖြတ်မှုရှိမည်မဟုတ်။ နယ်ချဲ့ ဧရာမကုမ္ပဏီးကြီး၊ ဧရာမကော်ပိုရေးရှင်းကြီးများ၏အလိုကျသာ အမြဲတမ်းလုပ်ရတော့မည်။(မလေးရှားအစိုးရက ယူဂိုဆလားဗီးယားကိစ္စတွင် နေတိုးဘက်မှ ဘက်လိုက်ခဲ့ရသည်ကို ကြည့်ပါ။ မူဆလင်မ်ချင်းဖြစ်၍ဟု အကြောင်းပြ၏။ အခြားမူဆလင်မ်တိုင်းပြည်များက သူ့လို မလုပ်ကြပါ။ ပြည်တွင်း စီးပွားရေး နိုင်ငံရေးအကျပ်အတည်းကြီးသဖြင့် အမေရိကန်အပါအဝင် နယ်ချဲ့နိုင်ငံများကို နိုင်ငံရေးအရ လာဘ်ထိုးရ ခြင်းဖြစ်နိုင်သည်။ သူက IMF ကိုတော့ လက်မခံပါ) 

 

အမေရိကန်၏စီးပွားရေးအင်အားသည် သူမတူအောင်ကြီးမားပါသည်။ ဒုတိယကမ္ဘာစစ်ပြီးစကဆိုလျှင် တကမ္ဘာလုံး စီးပွားရေးထုတ်လုပ်မှု၏ ၃၅ ရာခိုင်နှုန်းပင်ရှိပါသည်။ ယခုကျသွားသည်ဆိုသော်လည်း GDPမှာ တကမ္ဘာလုံး၏ ၁/၄ ရှိနေပါသည်။ သူ၏စီးပွားရေးဩဇာဖြင့် နိုင်ငံရေးဩဇာရယူနေခြင်းဖြစ်ပါသည်။

 

ကျွန်တော်တို့တိုင်းပြည်၏ အမျိုးသားစီးပွားရေးအခြေခံ မခိုင်လှ၊ ယိုင်နဲ့နဲ့ဖြစ်နေပါသည်။ LDC ဖြစ်ရသည်မှာ ဂျပန်က အကြံပေး၍လုပ်ရသည်၊ တကယ်က အခြေအနေက ဒီလောက်မဆိုးလှပါ”ဟု ယခုတက်နေသော စစ်ခေါင်းဆောင်များ မရဲတရဲပြောသံကြားရပါသည်။ သူတို့ပြောသည့်အတိုင်းမှန်ပါက စီးပွားရေးမလွတ်လပ်လျှင် နိုင်ငံရေးလွတ်လပ်မှုပါ ထိပါးခံရသည့် သာဓကတခုဖြစ်၏။

 

ပြည်တွင်းနိုင်ငံရေး တည်ငြိမ်လျှင်၊ ပြည်တွင်းငြိမ်းချမ်းရေးရှိလျှင် အခြေခံ အမျိုးသားစီးပွား တောင့်တင်းစေရန် ဝိုင်းဝန်းကြိုးပမ်းနိုင်ပါလိမ့်မည်။ တောင့်တင်းသည် အမျိုးသားစီးပွားရေးအခြေခံကို ပြည်ပအရင်းအနှီးဖြင့် ပေါင်းစပ် ပေးခြင်းဖြင့်သာ ကိုလိုနီစနစ်သစ်၏ထိုးနှက်မှုကို ကြံ့ကြံ့ခံနိုင်လိမ့်မည်ဖြစ်ပါသည်။

 

(၉)

နယ်ချဲ့ဆန့်ကျင်ရေးတာဝန်သည် ဗမာပြည်အတွက် အမှန်ပင်တည်ရှိနေပါသည်။ ကမ္ဘာကြီးသည်လည်း မတည်ငြိမ် သေးပါ။ နိုင်ငံတကာမှအပြောင်းအလဲများသည်လည်း မြန်ဆန်ပါသည်။ ဤအခြေအနေတွင် နိုင်ငံတိုင်းသည် မိတ်ဟောင်းဆွေဟောင်းများဖြင့်ချစ်ကြည်ရေးကြံ့ခိုင်စေရန်နှင့် မိတ်ဆွေသစ်ရှာခြင်းများ လုပ်နေကြပါသည်။ ကျွန်တော်တို့တိုင်းပြည်မှာမူကား နိုင်ငံရေးအကျပ်အတည်းရှိနေ၍ သူတို့လို မလုပ်နိုင်ပါ။ နိုင်ငံတကာလှုပ်ရှားမှုတွင် အမြန်ပါဝင်နိုင်စေရန် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပစ်ရပါမည်။ သို့မှသာ မိတ်ဟောင်းများနှင့်ချစ်ကြည်ရေး ကြံ့ခိုင်စေခြင်းနှင့် မိတ်သစ်များရှာဖွေခြင်းပြုနိုင်ပါမည်။ ပြည်သူများ၏ထောက်ခံမှုကိုလည်း ရနိုင်ပါမည်။

 

နယ်ချဲ့နိုင်ငံအစိုးရများ၏ ဝိုင်းပယ်ခြင်းကို အစိုးရိမ်လွန်ကာ ကြောက်လန့်စရာမလိုပါ။ ထိုနိုင်ငံများမှ ပြည်သူများ၏ စာနာထောက်ခံမှုကိုကားရရှိရန် အားထုတ်ရပါမည်။ ပြည်သူများသည် နလဗိန်းတုံးများမဟုတ်ပါ။ သာမန်စဉ်းစားဉာဏ် ပြည့်ဝသူများဖြစ်၍ တရားမျှတမှုကို ထောက်ခံကြမည်ဖြစ်ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးလုပ်မည်ဆိုလျှင် တမျိုးသား လုံးကို စည်းရုံးနိုင်ရပါမည်။ အလွန်ကြီးလေးသောတန်ဖိုးကို ပေးဆပ်ရသည့်တိုက်ပွဲဖြစ်၍ အဆုံးစွန်စွန့်လွှတ်ဝံ့သော သတ္တိကိုမွေးမြူပေးရပါမည်။ ဗီယက်နမ်ပြည်သူများ ပေးဆပ်ခဲ့ရသည့်တန်ဖိုးကို လေ့လာကြည့်လျှင် မည်မျှ တန်ဖိုး ကြီးကြောင်း သိနိုင်ပါသည်။ စစ်အစိုးရလုပ်သလို ခြိမ်းခြောက်ချော့မြှူပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတက်ခိုင်းသည်နှင့်မတူပါ။ နယ်ချဲ့ဆန့်ကျင်ရေးအစစ်အမှန်လုပ်မည်ဆိုက စည်းရုံး နိုင်သမျှသောအင်အား ကို စည်းရုံးရပါသည်။ မိမိအားဆန့်ကျင်သူကိုပင် စည်းရုံးရပါသည်။ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရန် ဦးစောကိုပင် သွားပြီး စည်းရုံးပါသည်။ ဟင်္သတဦးမြ ပျော်ဘွယ်ဦးမြတို့သည် ဖဆပလ နှင့် လက်တွဲမဖြုတ်ခဲ့ပါ။ ယခုမူ စစ်အစိုးရသည် သူ့ကို ဆန့်ကျင်သူမှန်သမျှကို နယ်ချဲ့လက်ဝေခံ/လက်ပါးစေဟု ပါးစပ်အနားမပေးပဲ ဆဲရေးနေပါသည်။ ဤသည်မှာ စစ်အစိုးရ၌ အမြော်အမြင်မရှိခြင်းကိုပြပါသည်။

 

“ယခင်က ဖက်ဆစ်ဆန့်ကျင်ရေးကို တပ်မတော်က ရှေ့ဆောင်ခဲ့သကဲ့သို့  မျက်မှောက်ခေတနယ်ချဲ့ဆန့်ကျင်ရေး ကိုလည်း တပ်မတော်မှ ရှေ့ဆောင်မည်”ဟူသော အပြောမျိုးကြားရပါသည်။ ဖက်ဆစ်တော်လှန်ရေးကို တပ်မတော်က ရှေ့ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း လူတိုင်းသိပါသည်။ ဗိုလ်အောင်ဆန်း (ဖဆပလ) ခေါင်းဆောင်ဖြစ်ခြင်းမှာ ကိုအောင်ဆန်းဘဝ၊ သခင်အောင်ဆန်းဘဝ၊ ရဲဘော်အောင်ဆန်းဘဝ၊ နောက်ဆုံး ဗိုလ်အောင်ဆန်းဘဝဖြင့် သူထမ်းဆောင်ခဲ့သောတာဝန်များနှင့် သူ၏အစဉ်အလာအရ ခေါင်းဆောင်ဖြစ်လာခြင်းဖြစ်ပါသည်။ ဖဆပလ ခေါင်းဆောင်လုပ်မည်ကြံသောအခါတွင်လည်း တပ်မှထွက်ခဲ့ပါသည်။ ထိုသတ္တိမျိုး လက်ရှိစစ်ခေါင်းဆောင်များ မွေးသင့်ပါသည်။ ထိုင်းမှစစ်ဗိုလ်များလုပ်သလောက်မျှ မလုပ်နိုင်လျှင် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကို မမျှော်မှန်းသင့်ပါ။

 

(၁၀)

၂၁ ရာစု နိုင်ငံရေးအမြော်အမြင်အဆိုပြုချက်ကို ပြည်သူ့အာဏာစာတည်းအဖွဲ့အနေဖြင့် တင်ပြခြင်းဖြစ်ပါသည်။ ကြိုက်သည်ကိုယူ မကြိုက်သည်ကို ပယ်ကြရန်ဖြစ်ပါသည်။ တိုင်းချစ်ပြည်ချစ်နိုင်ငံရေးအင်အားစုများ၏ ပြန်လည် အဆိုပြုချက်များ ဖြည့်စွက်ချက်များကို ကြိုဆိုပါသည်။

 

တကမ္ဘာလုံးရှိ နိုင်ငံအလတ်၊ အငယ်များမှ GDPများနှင့်နှိုင်းစာလျှင် ဗမာပြည်၏ GDP မှာ ပြောပလောက်အောင် မရှိပါ။ ဤသည်မှာ ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု၊ ကုန်သွယ်မှုထဲမှ တစတစ ပျောက်ကွယ်တော့မည့်အန္တရာယ်ကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ အာရှစီးပွားရေးအကျပ်အတည်းတွင် ဗမာပြည်အကျမနာလှပါဟုပြောခြင်းသည် မိုက်မဲမှုတမျိုး ဖြစ်ပါသည်။ လှေကားအောက်ဆုံးထစ်မှကျသူသည် ထိပ်အဆင့် အလယ်အဆင့်မှကျသူလောက် အကျမနာနိုင်ပါ။ လူမှုရေးတည်ငြိမ်သည်ဟုပြောနည်းမှာလည်း ထပ်ဆင့်မိုက်မဲမှုဖြစ်ပါသည်။ ဂျပန်ဖက်ဆစ်ခေတ်က လူမှုရေး တည်ငြိမ်မှုမျိုးကြုံဖူးလျှင် ထိုတည်ငြိမ်မှုမျိုးကို တည်ငြိမ်နေခြင်းဟုပြောပါလိမ့်မည်။ ဂျပန်ကင်းစောင့်စစ်သားတွေ့လျှင် လူတိုင်းက ခါးကို ဂျပန်ပုံစံကျအောင်ညွှတ်ပြီး အလေးပြုရပါသည်။ မညွှတ်လျှင် ပါးရိုက်ပါသည်။ ဂျပန်စစ်သား စစ်ဗိုလ် လမ်းမှာတွေ့လျှင်လည်း အလေးပြုရပါသည်။ ထိုစဉ်က လူထုဆန္ဒပြပွဲမရှိပါ။ ဂျပန်ကို ဦးညွှတ်ရပါသည်။ ယခုခေတ်တွင် နဝတ နအ‌ဖ ဗိုလ်ချုပ်များကို လက်အုပ်ချီကြိုဆိုရသလိုမျိုးဖြစ်ပါသည်။ ထို “တည်ငြိမ်မှု”က တမျိုးသားလုံး ကြိတ်မှိတ်စုဆောင်းထားသည့်ဒေါသကို အခွင့်ကြုံသောအခါ အပြင်းအထန် ပေါက်ကွဲစေပါလိမ့်မည်။

 

ကျွန်တော်တို့၏ဆန္ဒမှာ ၂၀ ရာစုနှစ်မှ နိုင်ငံရေးမတည်ငြိမ်မှုနှင့်ပြည်တွင်းစစ်ကို “၂၁ ရာစုသို့သယ်ဆောင်မသွားရေး” ဖြစ်ပါသည်။ သို့သော် ဆန္ဒသည် ဆန္ဒစွဲသက်သက်သာဖြစ်သွားတတ်ပါသည်။ ထိုသို့မဖြစ်ရန် ဤနိုင်ငံရေး အမြော်အမြင်ကို အဆိုပြုတင်ပြရခြင်းဖြစ်ပါကြောင်း။

စာတည်းအဖွဲ့။ ပြည်သူ့အာဏာ

0 comments:

Post a Comment