တောခိုတာမဟုတ်၊ လူထုမှီခိုတာ(ထွန်းသော်)
လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်လို့ ပိုင်းဖြတ်ရင် ဘယ်သူ့မှီခိုရမလဲဆိုတာကို ဆုံးဖြတ်ရမှာပဲ။
၁၉၄၈ တုန်းက ကျေးလက်လူထုကိုမှီခိုဖို့ ကျေးလက်ဆင်းတာဖြစ်တယ်။ တောထဲ သွားခိုဖို့မဟုတ်ဘူး။
ဒီကိစ္စကို အခုပြောရတာက ပဲခူးရိုးမတို့၊ မိုးဇပ်တောင်တို့၊ ပုပ္ပါး၊ နွယ်ခွေ၊ ခြေတော်ရာစတဲ့ တောတောင်တွေမှာ ဟိုတုန်းကလို မဟုတ်တော့ဘူး၊ တောခိုလို့မရတော့ဘူးလို့ တချို့ကပြောနေလို့ပါ။
ဟုတ်ပါတယ်၊ တောတောင် စိမ့်စမ်းတွေ မရှိတော့ပါဘူး။ လမ်းတွေ တံတားတွေကလည်း ဟိုတုန်းက မိမိ အခြေစိုက်ရာမှာရှိနေပါပြီ။
အရေးကြီးတာက စည်းရုံးထားတဲ့လူထု ရှိနေဖို့ပါ။ (၁၉၄၈)တုန်းက ဗကပမှာ ဖက်ဆစ်တော်လှန်ရေးကာလနဲ့ အဲ့ဒီနောက်ပိုင်း ပါတီတရားဝင်ကာလက စည်းရုံးထားတဲ့လူထု ရှိပါတယ်။ မြို့ပေါ်မှာရော ကျေးလက်မှာပါရှိပါတယ်။ ဒါကြောင့်ပဲ မြို့ပေါ်မှာနေမရရင် ကျေးလက်ဆင်းလိုက်ရုံပါပဲ။
၁၉၄၈-၄၉ ကော်မတီအစည်းအဝေးတွေကို မြို့ပေါ်မှာပဲလုပ်ပါတယ်။ မီးရထားလမ်း သင်္ဘောလမ်းပဲ ကျွမ်းကျင် ကြတော့ အဲ့ဒီလမ်းကြောင်းတွေပဲသုံးပြီး မြို့မှာစုစည်းရလို့ပါ။ ဧရာဝတီလမ်းကြောင်းကိုသွားမယ်ဆိုရင် လှေတစင်းဝယ် ရိက္ခာတင်ပြီး စုန်လိုက်ဆန်လိုက်လုပ်လို့ရတယ်။ လိုရာခရီးရောက်ရင် လှေကို ပံ့သကူပစ္စည်းအဖြစ် စွန်ပစ်ခဲ့တာပဲ။ မီးရထားလမ်းကြောင်းသုံးရင်တော့ လမ်းလျှောက်ရတယ်။ ဘယ်ဘူတာရောက်ပြီဆိုတာကြည့်ပြီး ခရီးသွားရတာဖြစ်တယ်။
အခရာက လူထုကိုစည်းရုံးထားဖို့ပဲ။ လူထုကိုမှီခိုနိုင်ရင် လက်နက်ရှိရှိ မရှိရှိ နေလို့ရတယ်။ နောက်ကျမှ လက်နက်ကို ရှာရင် ရတယ်။ စစ်ပညာလည်း နောက်မှ သင်လို့ရတာပဲ။
ဗမာြပည်ရဲ့ထူးခြားချက်က လက်နက်ပေါတာပဲ။ စစ်ကြီးအတွင်းက လက်ကျန်လက်နက်ရှိသလို အခုလည်း လက်နက်တွေရှိနေတာပါ။ လက်နက်က အခရာမဟုတ်၊ စည်းရုံးထားတဲ့လူထုက အခရာပဲ။
လက်နက်ရှိတိုင်းသာ လက်နက်ကိုင်တိုက်ပွဲတိုက်နိုင်တယ်ဆိုရင် ဂဠုန်ဦးစောဟာ လက်နက်ကိုင်တိုက်ပွဲ တိုက်နိုင်ခဲ့မှာပေါ့။ သူ့ကို အင်္ဂလိပ်တွေ ခိုးထုတ်ပေးတဲ့လက်နက်ကောင်းတွေ တပုံကြီးရှိနေတာပဲ။ စည်းရုံးထားတဲ့ လူထုမရှိတော့ အဲ့ဒီလက်နက်တွေက သူ့အတွက် ဝန်ထုတ်ဝန်ပိုးကြီးဖြစ်နေတယ်မဟုတ်လား။ သူလုပ်နိုင်တာကလည်း လက်နက်ကိုင်တော်လှန်ရေးမဟုတ်ပဲ လက်နက်နဲ့အကြမ်းဖက်လုပ်ကြံတာပဲ လုပ်နိုင်ခဲ့တယ်။
(ကြားဖေါက်။ ။ ဗိုလ်အောင်ဆန်းတို့ လုပ်ကြံခံရဖို့ဖြစ်စေတဲ့ ဦးစောသေနတ်ပစ်ခံရတဲ့ကိစ္စကို လက်သည်တွေကလည်း ရေးတယ်။ သိလိုက်သူတွေကလည်း ရေးနေတယ်။ မကြာသေးမီကတော့ ထူးထူးဆန်းဆန်း ‘မြလှိုင်ရဲ့ မသေမီ ဖွင့်ဟ ဝန်ခံချက်’ ကို ဖတ်လိုက်ရတယ်။ သူက ဗိုလ်အောင်ကြီး အိမ်မှာ၊ ရန်ကုန်ဘဆွေက ဗိုလ်နေဝင်းအိမ်မှာ သေနတ်ပစ်လေ့ကျင့်ရသတဲ့။ မသေရုံပဲပစ်နိုင်အောင် လေ့ကျင့်ရတာလို့ဆိုတယ်။ ဒါကြောင့် ဦးစောကို မသေစေပဲ ဒဏ်ရာရရုံပဲ ပစ်ခဲ့ရတယ်ဆိုပဲ။ ဒါမှ ဦးစောကအထင်မှားပြီး ဗိုလ်အောင်ဆန်းကိုလုပ်ကြံမှာ-ဆိုတာသိလို့ဆိုပဲ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးရဲ့ “ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်”ခေါ်ရမလား၊ “ကျားနဲ့တောဝက် ရန်စောင်နေရင် တောဝက်ကိုပစ်၊ တောဝက်က သွေးရူးသွေးတမ်းနဲ့ ရှေ့ကကျားကိုပက်လိမ့်မယ်”ဆိုတဲ့ မုဆိုးပရိယာယ်လို့ပြောရမလား မသိပါဘူး။ ဒုတိယ ပရိယာယ်နဲ့တော့ နီးစပ်တယ်ထင်ပါတယ်။ဒီသတင်းက အတည်ပြုဖို့ခက်ပါတယ်။ အင်္ဂလိပ်လို ရေးထားတယ်။ ခင်ဗျားတို့ စာအုပ်ထုတ်ပါလားဆိုတော့ မထုတ်ဘူး)
၁၉၄၈ တုန်းက ‘ဖဆပလ’ သစ္စာခံတပ်တွေဖြစ်တဲ့ ကရင်၊ ကချင်၊ ဂေါ်ရခါးတပ်တွေပဲသုံးပြီးတိုက်တော့ လူတွေသတ်၊ ရွာတွေမီးရှို့စတဲ့ဟာတွေ အရမ်းကာရော လုပ်တယ်။ အဲ့သလိုလုပ်တော့ ယောက်ကျားမှန်သမျှ ဗကပတပ်ထဲ ရောက်လာကြတယ်။ ရက်ပိုင်းအတွင်း ထောင်ဂဏန်းရှိတဲ့တပ်ကြီး ဖြစ်လာတယ်။ မိုးဇပ်တောင်ရိပ်ခိုပြီး တပ်တွေ ဖွဲ့ရတယ်။ နယ်မြေခွဲပြီး လှုပ်ရှားစေတယ်။ အဲ့ဒီလိုနဲ့ပဲ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ မြင်းခြံ၊ ပခုက္ကူ၊ မင်းဘူး စသည်ဖြင့် ပျောက်ကျားတပ်တွေ၊ ပြောက်ကျားအခြေခံဒေသတွေ ပြန့်သွားတာပဲ။
လူထုထောက်ခံမှုရှိရင် တောမီးလိုပြန့်သွားမှာပဲ။ နိုင်ငံရေး၊ စစ်ရေး၊ မြေယာလမ်းစဉ်မှန်နေဖို့ပဲလိုတယ်။ လမ်းစဉ် မှားရင်တော့ တဖြုတ်ဖြုတ် တရွေ့ရွေ့နဲ့ ကျုံ့သွားမှာပါ။ လူထုအခြေခံရှိနေလို့ကတော့ ဟောကနဲဒိုင်းကနဲ မပြိုပါဘူး။
မှီခိုတာမှားရင်တော့ အကျမြန်တတ်ပါတယ်။ မယုံမရှိနဲ့။ ၁၉၈၉ ဗကပ အကျနာတာကိုပဲကြည့်ပါ။
အဓိကပြောချင်တာက-
+ လူထုကိုမှီခိုပါ။
+ လူထုရဲ့ထောက်ခံမှုကို လမ်းစဉ်မှန်မှန်နဲ့တိုးချဲ့ပါ။ လှေခွက်ချည်းကျန် အလံမလှဲစတမ်း-ဆိုတာ ကြားရတာ ကောင်းပါတယ်။ ဒါပေမဲ့ လှေခွက်ချည်းကျန်ရင် လက်နက်ကိုင်တော်လှန်ရေး မနိုင် နိုင်ပါဘူး။ လှေခွက်ချည်း ကျန်စေတဲ့လမ်းစဉ်ကို စစ်ဆေးဖို့လိုပါလိမ့်မယ်။
(၂၀၁၁ ခုနှစ်ထုတ် အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၆)မှ
0 comments:
Post a Comment