Monday, November 29, 2021

ကျနော်မရေးနိုင်ခဲ့တဲ့ကိစ္စတရပ်

0 comments
ကျနော်မရေးနိုင်ခဲ့တဲ့ကိစ္စတရပ်
ရေးသူ- ဖိုးသံ(လူထု)
ဒီကိစ္စကို ကျနော် အခုတော့ ရေးလို့ရပါပြီ။
၁၉၇၈ ခုနှစ်မှာ ကျနော့်အဖေ၊ အမေနဲ့ညီ၊ သုံးယောက်စလုံး အဖမ်းခံရတုန်းက အဖေနဲ့ ဘိုညိုကို အရင်လွှတ်ပြီး အမေ့ကို နောက်ဆုံးမှ အချိန်အတော်ကြာ ချန်ပြီးလွှတ်တယ်။ အဲဒါ ဘာလို့လဲလို့ ကျနော့်ကိုမေးတာ မကြာခဏကြုံရပါတယ်။ ဆွေရင်း မိတ်ရင်းတွေထဲက မေးကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ကျနော့်မှာ ထောက်ထားစရာတွေ ရှိနေလို့ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုတော့ အမေကွယ်လွန်သွားပြီမို့ ကျနော်ရေးနိုင် သွားပါပြီ။
၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ၊ ကျနော့်ကိုလာဖမ်းတဲ့နေ့မှာပါ။ မှတ်မိသလောက် ဆိုရင် အဲဒါ တနင်္ဂနွေနေ့ကြီးပါ။ မန္တလေး ဗထူးအားကစားကွင်းမှာ မြို့မအသင်းနဲ့ ရဲအသင်း တို့ ကစားမယ့်နေ့ပါ။ ပွဲကလည်း ပွဲကောင်းဖြစ်လို့တကြောင်း၊ ကိုယ်တိုင်ကလည်း မြို့မ ဘော့လုံးအသင်းသားဟောင်း ဖြစ်ရုံမက မြို့မအသင်းကို ကမကထ ပြုသူ၊ ဦးစီးသူတွေ အားလုံးဟာ ကျနော့်မိဘများနဲ့ မကင်းသူတွေ ဖြစ်နေလို့ကတကြောင်း ကျနော်က အဲဒီ ဘော့လုံးပွဲကို သွားကြည့်ဖို့ အားခဲထားပါတယ်။ သူများတွေနဲ့ အဖော်တောင် ညှိထား ပါသေးတယ်။
နေ့လည် ၂နာရီ၊ ၃နာရီ လောက်ထင်ပါရဲ့ ကျနော်အိမ်သာတက်နေတုန်းမှာ ကျနော်တို့အိမ်မှာ ကားမောင်းတဲ့ ကိုအေးက ကျနော့်ကို အပြင်ကနေ တံခါးပုတ်ပြီး ခေါ်ပါတယ်။ ကျနော်ထွက်လာတော့ "ခင်ဗျားကို ခင်ဗျားအမေက ခေါ်နေတယ်၊ အောက်ကို ဆင်းလာခဲ့ပါတဲ့" လို့ဆိုတာနဲ့ ချက်ခြင်း သူ့နောက်က လိုက်သွားပါတယ်။ အောက်ရောက်တော့ ဧည့်ခန်းထဲမှာ အဖေရယ်-အမေရယ်၊ ရပ်ကွက်ထဲကလူကြီး ၃-၄ယောက်ရယ်၊ တခါမှမတွေ့ဖူးတဲ့ မျက်နှာထားတင်းတင်းနဲ့ လူတချို့ရယ် ထိုင်နေ ကြတာကို တွေ့ရပါတယ်။ အဖေနဲ့အမေကလည်း မျက်နှာမသာကြပါဘူး။ ဒါနဲ့ ကျနော်လည်း အခြေအနေကို ချက်ခြင်းရိပ်မိလိုက်ပါတယ်။ ကျနော်ရောက်တော့ ကျနော့်အဖေက ကျနော့်ကို- "ငါ့သားအခန်းကို နည်းနည်းရှာချင်လို့တဲ့" လို့ပြောပါတယ်။
အဖေပြောပြီးတာနဲ့ပဲ အဲဒီလူတွေ အားလုံး မတ်တပ်ထရပ် လိုက်ကြပါတယ်။ ကျနော်က နောက်ပြန်လှည့်လိုက်တာနဲ့ အားလုံးအပေါ်တက်တဲ့ လှေကားဆီ ထွက်လာကြပါတယ်။ အိမ်သားတွေပါပေါင်းရင် ၁ဝ ယေက်လောက် လူအုပ်ကြီးပါ။ လှေကားပေါ်တက်ရင်း တယောက်က ကျနော့်ကို "ပြီးရင်မေးချင်မြန်းချင်တာလေးတေရှိလို့ ကျနော်တို့နဲ့ လိုက်ရအောင် အိပ်ရာလိပ်နဲ့ အဝတ်အစားလည်း ပြင်ပါ" လို့ပြောပါတယ်။ ကျနော်နဲ့ အမေက အတူတူ တက်လာတာမို့ အမေ့ကို ပြောတဲ့သဘောလည်း ဆောင်နေပါတယ်။
အဲဒီနောက်တော့ သူတို့ ကျနော့်အခန်းထဲမှာ ရှာကြတော့တာပါပဲ။ နို့ပေမဲ့အလွန်ကြီး ရုပ်ပျက်ဆင်းပျက် ရှာတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာ တခုခုကို အတိအကျ သတင်းရထားလို့ ရှာတာ ဟုတ်ဟန်မတူပါဘူး။ ကျနော်နဲ့အမေက အခန်းအပြင် တံခါးဝနားမှာ ရပ်နေပါတယ်။ အဲဒီတုန်းက ကျနော့်ညီ ဘိုညိုအိမ်မှာ မရှိပါဘူး။ ခရီးသွားနေပါတယ်။ ကျနော့်အမနဲ့ နှမတို့ ရှိကြပါတယ်။ သူတို့လည်းပဲ ကျနော့်အနားမှာ ရှိကြပါတယ်။ ကျနော့်အဖေကတော့ အောက်ကဧည့်ခန်းထဲမှာ လာဖမ်းတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကို ဧည့်ခံစကားပြောနေခဲ့တယ်လို့ ယူဆရပါတယ်။ ကျနော့် အပါးမှာ ရပ်နေတဲ့ နောက်တယောက်ကတော့ လာဖမ်းတဲ့ ထောက်လှမ်းရေးကလူပါ။ အသက် ၂ဝ နဲ့ ၃ဝကြား လောက်ရှိပါမယ်။ သူ့ခါးက ပုဆိုးထဲမှာ သေနတ်အတိုတလက်ကို ထိုးထားပါတယ်။ သူတို့ လှန်လှောရှာနေတာကို ကြည့်ရင်းကျနော်က မင်မပျက် မောင်းမပျက် အမေ့နားကိုကပ်ပြီး "ကျနော်ပြေးမှဖြစ်မယ်" (I must flee) လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ အနားက ထောက်လှမ်းရေးငနဲဟာ ဘာမှ ဂရုမထားတဲ့ ဟန်နဲ့ ရှာဖွေနေတဲ့ လူတွေဆီကိုပဲ ကြည့်နေပါတယ်။ ကျနော်တို့ ပြောတာကို သူနားမလည်တာ အမှန်ပါပဲ။ ဒီတော့အမေက "သူတို့မှာသေနတ်တွေပါတယ်" (They have guns) လို့ပြန်ပြောပါတယ်။ ဒီတော့ကျနော်က "ကျနော်သိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တော့ ပြေးမှဖြစ်မယ်" (Yes, I know, But Imust flee at all cost) လို့ ထပ်ပြောလိုက်ပါတယ်။ သားအမိချင်းပြောတာဆိုတော့ ဒါလောက်ဆို လုံလောက်ပါပြီ။ ပြောလို့သာ ပြောတယ် ကျနော်နဂိုက စဉ်းစားထားတဲ့ ထွက်ပြေးတဲ့နည်းလမ်းတွေက ပိတ်နေသလောက် ဖြစ်နေပါတယ်။ ကျနော်ပြင်ထားတာက ၁၉၆၆ ခုနှစ်တုန်းက ကျနော့်ကို ဖမ်းသလို ညမှာ ဖမ်းလာခဲ့ရင်၊ ကျနော်က လက်ဦးခဲ့ရင် ဆိုတာမျိုးတွေပါ။ အခုတော့ အိမ်သာထဲရောက် နေတဲ့လူဟာ ဘယ်လိုမှ လက်မဦးနိုင်ပါဘူး။
အဲဒီနောက်မှာ ကျနော့်အခန်းထဲက သိမ်းယူတဲ့ စာအုပ်တွေနဲ့အတူ ကျနော့်ကို အောက်ထပ်ကို ခေါ်သွားပါတယ်။ ခုနက ဧည့်ခန်းဆီ ပြန်ခေါ်သွားတာ ဖြစ်ပါတယ်။ အဆင်းမှာ ကျနော်က အမေ့နားကပ်ပြီး ကျနော်တို့တိုက်ရဲ့ တောင်ဘက်က တံခါးပေါက်ကို ဖွင့်ထားပေးဖို့ ပြောလိုက်ပါတယ်။ ကျနော်တို့ အိမ်က ဂ၄လမ်းနဲ့ ၃၃လမ်းထောင့်မှာဆိုတော့ နှစ်မျက်နှာရှိတဲ့ အဆောက်အဦလိုဖြစ် နေပါတယ်။ အနောက်ဖက်မျက်နှာမှာ အဓိက တံခါးပေါက်ကြီးဖြစ်ပြီး တောင်ဖက်မျက်နှာစာမှာတော့ တံခါးပေါက် သေးသေးတခုနဲ့ ကားဂိုဒေါင် ရှိပါတယ်။ အဲဒီအချိန်က အဲဒီတခါးပေါက်ဟာ အဝင်အထွက် မရှိသလောက် နီးပါးမို့ ဘာဂျာတံခါးကို အမြဲလိုလို ကြေးဝါသော့ခလောက်ကြီးတလုံးနဲ့ ခတ်ထားပါတယ်။ နောက်ပြီး အဲဒီသော့ဟာ အမေ့ဆီမှာပဲ ရှိပါတယ်။
အောက်ပြန်ရောက်တော့ သူတို့က နဂိုနေရာတွေမှာ ပြန်ဝင်ထိုင်ကြပြီး ကျနော့်ကို ဧည့်ခန်းအဝင် တံခါးပေါက်မှာ ထိုင်စေပါတယ်။ ခုနက ထောက်လှမ်းရေးက လူက ကျနော့်ဘေးမှာ ကပ်လျက်ထိုင်ပါတယ်။ အခန်းလယ်မှာတော့ ရပ်ကွက်လူကြီးတွေဟာ ကျနော့် အခန်းထဲက သိမ်းလာတဲ့ပစ္စည်းတွေ (အများအားဖြင့်စာအုပ်တွေ) ကို စာရင်းပြု နေပါတယ်။ ကျန်တဲ့လူတွေကတော့ ထိုင်ကြည့်နေ ကြပါတယ်။ စာအုပ်တွေထဲမှာ မော်စီတုန်း လက်ရွေးစင်ကျမ်းတွေ ပါပါတယ်။
ဒီနေရာမှာ အခန်းဖွဲ့စည်းပုံကို နည်းနည်းပြောဖို့လိုပါတယ်။ ကျနော်တို့ အိမ်အပေါ်ကို တက်တဲ့ လှေကားဟာ အဖေ့အလုပ်ခန်းထဲမှာ ရှိပါတယ်။ အဖေ့အလုပ်ခန်းနဲ့ ဧည့်ခန်းက ကပ်လျက်၊ ဆက်လျက်ပါ။ အကြားမှာ နံရံတခုနဲ့ တံခါးပေါက်တခု ရှိပါတယ်။ အဖေ့ အလုပ်ခန်းရဲ့ တဖက်မှာက အခန်းငယ်တခုရှိပြီး နောက်ဖေးပေါက်က အဲဒီအခန်းကနေ ထွက်ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဖေ အလုပ်လုပ်တဲ့ စာပွဲပတ်လည်မှာ စာအုပ်တွေ ထည့်ထားတဲ့ လူတရပ်ကျော်မြင့် မှန်ဘီဒိုကြီးတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်နဲ့ အဲဒီ ထောက်လှမ်းရေးကလူ ထိုင်နေတဲ့ နေရာကနေကြည့်ရင် အဖေ့အလုပ်စာပွဲကိုလည်း မမြင်ရ၊ တဖက်ခန်းကို ကူးတဲ့တံခါးကိုလည်း မမြင်ရပါဘူး။ အဲဒီတဖက်ခန်းမှာ အပြင်ထွက်ဖို့ တံခါးဖွင့်ထားတယ် ဆိုတာကတော့ ပိုမဖြစ်နိုင်ပါဘူး။
အပေါ်က ဆင်းလာကြတော့ အမေက နောက်ကနည်းနည်းချန် လိုက်လာပါတယ်။ နောက်ပြီးမှ စာအုပ်ဘီဒိုကြီးတွေနောက် ဝင်လိုက်ပြီး ဘာဂျာတံခါးသော့ကို သွားဖွင့် လိုက်တာပါ။ အဲဒီနောက်မှာ သူက ဧည့်ခန်းဆီကို ပြန်လာပြီး ကျနော့်ကို ခေါင်းတချက် ငြိတ်ပြ လိုက်ပါတယ်။ ဖွင့်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြီးမှ သူဟာ ဧည့်ခန်းထဲက သူ့နဂို နေရာမှာ ဝင်ထိုင်နေပါတယ်။
ကျနော်က ကျနော့်နှမကို အစာအိမ်ဆေးသောက်ဖို့ ဆေးနဲ့ရေတခွက် သွားယူခိုင်း လိုက်ပါတယ်။ ဒါကို အားလုံးကမြင်သိကြ ပါတယ်။ သူက အပေါ်ထပ်ကိုတက်သွားပါတယ်။ ခဏကြာလို့ ကျနော့်နှမက မလာတော့ ကျနော်က "ဒီကောင်မလေးကလည်း ကြာ လိုက်တာ" လို့ အားလုံးကြားအောင် ညည်းပြီး သူ့နောက်လိုက်ဖို့ ဟန်ပြုလိုက်ပါတယ်။ ဘေးက ထောက်လှမ်းရေးဟာ ဝေးဝေးသွားမယ် မထင်လို့ထင်ပါရဲ့ သူ့နေရာကပဲ ထိုင်ကြည့်နေပါတယ်။ ကျနော် မှန်ဘီဒိုကြီးတွေ နောက်ကွေ့ဝင်လိုက်တာဟာ ဘာဖြစ်နိုင် တယ် ဆိုတာ သူဘယ်လိုမှ တွက်မိဟန်မတူပါဘူး။ ကျနော်က အဲဒီ နောက်ဖေးပေါက်ကနေ တစွတ်ထဲ ထွက်ပြေးသွားတာက ကျနော့်ဘဝတခုလုံး အပြောင်းလဲကြီး ပြောင်းလဲသွား တော့တာပါပဲ။
ကျနော် အရှေ့မြောက် အခြေခံဒေသကိုရောက်တော့ မန္တလေးမြေအောက်လုပ်ငန်းက လာတဲ့ လူနဲ့တွေ့ပါတယ်။ ကျနော်နဲ့ လုပ်ဖော်လုပ်ဖက်ဟောင်း၊ သူငယ်ချင်းဟောင်းပါ။ သူ့ကို ပါတီဗဟိုကနေ တချို့လုပ်ငန်းတွေ မှာလိုက်ရာမှာ ကျနော်ကတဆင့် မှာခိုင်းပါတယ်။ ဒီအခါမှာ သူကလည်း မန္တလေးမှာကျန်ခဲ့၊ ဖြစ်ပျက်ခဲ့တာတွေပြောပြရင်း ကျနော့်အတွက် အင်မတန်စိုးရိမ်ခဲ့ကြကြောင်း ပြောပြပါတယ်။ ကျနော်ကလည်း ကျနော်ဘယ်လိုလွတ်ထွက် လာတယ်ဆိုတာတွေ သူ့ကိုပြောပြပါတယ်။ လူရင်းတွေမို့ပါ။ အမေ့ကြောင့် လွတ်လာပုံကို လည်း ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မန္တလေးယူဂျီတခုလုံးနီးပါး အဖမ်းခံ ရတော့ ဒီလူလည်း ပါသွားပါတယ်။ သူကအကုန်ဖော်၊ အကုန်ဖောက်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ ကျနော့်အမေပါဝင်တဲ့အခန်းကို သိသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ အမေ့ကို စစ်အစိုးရက ညှိုးစရာ ကိစ္စတခုတိုးသွားတာပါပဲ။
ဒီဖြစ်စဉ်တခုလုံးမှာ ကျနော်၊ ကျနော့်မိဖ၊ ကျနော့်အမနဲ့နှမ၊ လာဖမ်းတဲ့လူတွေ- ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ၊ တဦးစီ-တဦးစီမှာ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်နေကြမယ်ဆိုတာ ပြန်စဉ်းစားလိုက်ရင် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းမှာပါ။ စာဖွဲ့ရင် စာတအုပ်များ ရမလားပါ။ ကျနော်အတိအကျ သိတာကတော့ ကျနော်တဦးတည်း ရင်ထဲကခံစားချက်ကို သာပါပဲ။ ပြောရရင် အဲဒီအချိန်က ကျနော့် ခေါင်းထဲမှာ အလုပ်သဘော စဉ်းစားနည်းက လွှမ်းမိုးနေပါတယ်။ ဆိုလိုတာ ဘယ်လို လွတ်အောင်ထွက်ရမလဲ၊ ဘယ်သူ့ဆီက ဘာသတင်းပေါက်သလဲ၊ သူတို့ ဘာတွေသိထား သလဲ စတာတွေပါပဲ။ တခြားဘာမှ တွေးမနေနိုင်ပါဘူး။
ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတု ဂုန္တောအနန္တော ဆိုတာပါပဲ။
ဖိုးသံ(လူထု)

0 comments:

Post a Comment