Friday, November 12, 2021

“နိုင်ငံခြားသားကြောက်ရောဂါ (Xenophobia) ပြဿနာ” ရောဂါလက္ခဏာ

0 comments
“နိုင်ငံခြားသားကြောက်ရောဂါ (Xenophobia) ပြဿနာ” ရောဂါလက္ခဏာ(ဗကပ)
ဒီရောဂါလက္ခဏာက ရှုပ်ရှုပ်ထွေးထွေးပါ။ ကြောက်စိတ်အခြေခံလို့သာ ကြောက်တဲ့ရောဂါလို့ နာမည် ပေးရတာပါ။ ကြောက်ကန် ကန်တာ၊ ရန်လုပ်တာ၊ ကျိုးနွံတာ အဲဒီလို တခုကတခုပြောင်းပြီး သံသရာလည်နေတတ်ပါတယ်။ ရောဂါ အမြစ်မပြတ်သမျှ ဒီသံသရာလည်နေမှာပါပဲ။
ဒီရောဂါ ဘယ်လိုဗမာပြည်မှာ စရတယ်။ ရောဂါရဲ့ဖြစ်စဉ်၊ ဗမာပြည်ရဲ့ထူးခြားတဲ့ဖော်ပြချက် အသေးစိတ်လေ့လာထားမှ အမြစ်ပြတ် ကုနိုင်မှာပါ။ ရောဂါရလာပုံ ရောဂါစရတာက အရင်းရှင်နယ်ချဲ့တွေနဲ့ ထိတွေ့ရတော့မှာ ရတာပါ။ ကုန်းဘောင်မင်းဆက်အစပိုင်းမှာ အရင်းရှင်းနယ်ချဲ့နဲ့ စတွေ့ပါတယ်။ ကုလားဖြူကို မုန်းပါတယ်။ ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် ခပ်ကြမ်းကြမ်း ကိုင်ကြပါတယ်။ အလောင်းဘုရားက စပြီးလုပ်ခဲ့တာပါ။ နောက်ပိုင်းမင်းဆက်တွေလည်း ကုလားဖြူကို အပြတ်နှိမ်ခဲ့ကြပါတယ်။ နောက်ပိုင်းစစ်ရှုံးတော့မှ မာန်လျှော့ပြီး ဆက်ဆံကြတာပါ။
နဂိုက ဒီရောဂါ မရှိနိုင်ပါဘူး။ မရှိဘူးဆိုတာထက် ဒီရောဂါ နာတာရှည်စွဲကပ်မနေဘူးလို့ပြောမှ ပိုပြီးတိကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တခါတခါ လူမျိုးခြားတပ်ကြီးတွေ ရောက်လာတတ်လို့ပါ။ ဒီတပ်ကြီးတွေက ကြာကြာမနေပါ။ ပဒေသရာဇ်ချင်း လုပ်စရာရှိတာလုပ်ပြီးရင် ပြန်ပါတယ်။ ကျောက်ချပြီး နေလေ့မရှိပါ။ အာရှပဒေသရာဇ်လုပ်နည်းလို့ပြောနိုင်သလို ဥရောပနဲ့မတူတဲ့ အာရှရဲ့ထူးခြားချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အာရှနဲ့ဥရောပ မတူညီကြပုံ ပထမဆုံး ပထဝီချင်းမတူတာက စရပါမယ်။ အာရှက ဥရောပထက် လေးဆခွဲကြီးပါတယ်။ အာရှမှာက သဘာဝအတားအဆီးကြီးပါတယ်။ ဟိမဝန္တာတောင်တန်းအပါအဝင် တောင်တန်းအသွယ်သွယ် မြစ်ကြီးအသွယ်သွယ်နဲ့ သဲကန္တာရကြီးတွေ ရှိပါတယ်။ ဟိုခေတ်က ဖြတ်ကျော်လို့မရတာတွေပါ။ သဘာဝကိုက တသီးတခြားစီနေကြပေရော့ဆိုပြီး လုပ်ထားသလို ဖြစ်နေပါတယ်။ နည်းနည်းပါးပါး ဝင်ရောက်နေထိုင်ရင်လည်း များတဲ့လူမျိုးနဲ့ သွေးနှောသွားကြတာပါပဲ။
နောက်ပြီး ဒုတိယက နိုင်ငံရေးသမိုင်းချင်း မတူတာပါ။ ဥရောပမှာက ရောမအင်ပါယာကြီး ရှိခဲ့ပါတယ်။ အာရှမှာ မရှိပါ။ အာရှတတိုက်လုံး လွှမ်းသွားတဲ့အင်ပါယာ မရှိပါ။ အာရှမှာ ရောမနဲ့ခေတ်ပြိုင် ပါရှားအင်ပါယာရှိဖူးပါတယ်။ ဒါပေမဲ့ တတိုက်လုံး မလွှမ်းပါ။ ရောမအင်ပါယာက အခုအထိ ခရစ်ယာန်ဘာသာရေးကို ဥရောပတတိုက်လုံးနီးပါးလွှမ်းအောင် လုပ်သွားနိုင်ပါတယ်။ ပါရှားအင်ပါယာက မလုပ်နိုင်ရုံမက သူ့ Zoroaster ဘာသာတောင် ပျောက်သလောက်ဖြစ်နေပါပြီ။ ရောမအင်ပါယာနဲ့ နှစ်(၁ဝဝဝ) ကျော်ခြားပြီး မွန်ဂိုအင်ပါယာလည်း အာရှမှာ ပေါ်ဖူးပါတယ်။ တရုတ်ပြည်တပြည်တလုံးနဲ့ ပါရှားရော ဗမာပြည်ပါမကျန် သူ့အောက်ရောက်ဖူးပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ သူ့ရဲ့နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးသြဇာကို အဓွန့်ရှည်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ရောမအင်ပါယာကတော့ အခုအထိ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး အဓွန့်ရှည်အောင် လုပ်ခဲ့နိုင်ပါတယ်။
အာရှက အင်ပါယာတွေ ဘယ်လောက်ပဲ ကျယ်ပြန့်တယ်ဆိုစေ တရုတ်၊ ကုလားနဲ့ ပါရှားကို တပြိုင်တည်း သိမ်းသွင်းမထားနိုင်ခဲ့ပါ။ မွန်ဂို အင်ပါယာ တရုတ်၊ ပါရှားကို သိမ်းနိုင်ပါတယ်။ ကုလားကို မရခဲ့ပါ။ နောက်ပိုင်းမှာ မွန်ဂိုမျိုးဆက်တွေဖြစ်တဲ့ မွန်ဂိုမင်းတွေ တန်ခိုးထွားတော့လည်း ကုလားပြည်ကိုတော့ ရပါတယ်။ တရုတ်ပြည်ကို မရပါဘူး။ မွန်ဂိုတွေက မူဆလင်တွေဖြစ်ကြပါတယ်။ ကုလားတပြည်လုံး မူဆလင်ဖြစ်အောင် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ရောမအင်ပါယာမျိုး အာရှမှာ မရှိခဲ့ဘူးလို့ပြောနိုင်ပါတယ်။ ဥရောပမှာ အားကြီးလာသူတိုင်းက ရောမအင်ပါယာမျိုး ထူထောင်ချင်ကြပါတယ်။ ဟစ်တလာ နာဇီအထိ ဒီလောဘရှိပါတယ်။
ဥရောပမှာ အင်ပါယာပိုင်ရှင်ဖြစ်ဖူးသူတွေကလည်း ပြွတ်သိပ်နေပါတယ်။ စပိန်၊ ပရပ်ရှား၊ ပြင်သစ်၊ ရှရှား၊ တူရကီ စသဖြင့် ရှိပါတယ်။ အင်ပါယာတွေကြားမှာနေရတဲ့ တိုင်းပြည်ကလေးတွေဟာ ဝင်ခလုတ်ထွက်ခလုတ် အတိုက်ခံရပါတယ်။ အသိမ်းခံရရင်လည်း တော်တော်နဲ့မလွတ်ပါဘူး။ သိပ်ကြာတတ်ပါတယ်။ အရှေ့ဥရောပနဲ့ ဘော်လ်ကန်နိုင်ငံငယ်တွေဟာ ရာစုနှစ်နဲ့ချီပြီး အသိမ်းခံရဖူးပါတယ်။ အခုအထိ အဲဒီ ဒုက္ခက မလွတ်သေးပါ။ ဘာသာရေးစစ်ကလည်း ဥရောပမှာ မပြတ်ခဲ့ပါ။ မူဆလင်နဲ့တိုက်လိုက်၊ ခရစ်ယာန်ချင်းတိုက်လိုက် တိုက်ကြပါတယ်။ ခရုဆိတ်စစ်ပွဲတွေ ၁၁ ရာစုကနေ ၁၃ ရာစုအထိ ရှိခဲ့ပါတယ်။ နောက်ကျတော့ ခရစ်ယာန်ချင်းတိုက်ကြပါတယ်။ အင်္ဂလိပ်နဲ့ပြင်သစ် နှစ်(၁ဝဝ) တိုက်တာလည်း ဥရောပမှာပါ။ နှစ် (၃ဝ) စစ်လည်း သူတို့ဆီမှာပါပဲ။ မင်းဆွေမင်းမျိုးတွေက ရောထွေးယှက်တင်ဖြစ်နေတော့ ထီးမွေနန်းမွေလုရင်း စစ်တိုက်ကြပါတယ်။
အာရှမှာက အဲဒါမျိုးလုံလုံး မရှိပါဘူး။ ကုလားပြည်၊ တရုတ်ပြည်ဆိုတာ ဧရာမတိုင်းပြည်ကြီးတွေ၊ ဒါပေမဲ့ သူ့မင်းဆက်နဲ့သူပါ။ ရောနှော ယှက်တင် မဖြစ်ကြပါ။ ထီးမွေနန်းမွေလုစရာ အကြောင်းမရှိပါ။ ဟိမဝန္တာခြားနေတဲ့ကျေးဇူးကြောင့် သူတို့ချင်းလည်း ဟိုတုန်းက စစ် မဖြစ်ခဲ့ဖူးပါ။ ကုလားရော တရုတ်ပါ ခရစ်မပေါ်မီခေတ်တွေကတည်းက အနောက်ဘက်ကလာမယ့်ရန်ကိုပဲ သူတို့သတိထား နေကြပါတယ်။ ဗာ့စ်ကိုဒါဂါမာ(Vasco Da Gama) ရဲ့ သင်္ဘောမရောက်မီအထိ ပင်လယ်ကလာမယ့်ရန်ကို မကြောက်ကြရပါ။ ဥရောပမှာတော့ စစ်က ပြတ်တယ်မရှိ တိုက်နေကြတာပဲ။ အဲဒီလို ဥရောပနဲ့မတူတဲ့အတွက် ဗမာပြည်ဟာ ဟိုတုန်းက အနေချောင်ခဲ့ပါတယ်။ ကိုယ်နဲ့ အင်တူအားတူ တိုင်းပြည်ချင်းလို့ပြောနိုင်တဲ့ ယိုးဒယား၊ အာသံ၊ လေ (ခပ်လွယ်လွယ် လူထုသုံးဝေါဟာရ ယိုးဒယား၊ အာသံ၊ လေဟု သုံးလိုက်ပါသည်။ ထိုခေတ်က ဗမာပြည်ဆိုတာလည်း မရှိပါ။ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝစတဲ့ တိုင်းပြည်တွေသာ ရှိပါသည်။ သူတို့ဆီမှာလည်း အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်း၊ ကချာ၊ မဏိပူရ စတာတွေသာ ရှိပါသည်) တို့နဲ့စစ်ဖြစ်ရင်လည်း နိုင်တဲ့လူက ဆင်ဖြူတို့ လက်ဆောင်ပဏ္ဏာတို့ရရင် ပြန်ပါတယ်။ တခါတလေ မင်းညီမင်းသားနဲ့ ပညာတတ်တွေ သုံ့ပန်းအဖြစ်ခေါ်လာပါတယ်။ အထက်ဗမာပြည်မှာ အဲဒီလို သုံ့ပန်းတွေ ခေါ်လာပြီးထားတဲ့ အရပ်တွေ၊ ရွာတွေရှိပါတယ်။ ပြန်တဲ့လူပြန် ကျန်တဲ့လူကျန်ပါတယ်။ လင်းဇင်း၊ ကသည်း၊ ဗရင်ဂျီတွေရပ်နဲ့ရွာနဲ့ နေကြပါတယ်။ လူမျိုးရေး ပဋိပက္ခမရှိခဲ့ပါ။ သူ့စည်းကိုယ့်စည်းနဲ့ လေးလေးစားစား နေခဲ့ပါတယ်။ ဗမာပြည်က အလေးထားဆက်ဆံရတာက ကုလား(အိန္ဒိယ) နဲ့ တရုတ်ပါ။ ဗမာပြည်က တရုတ်နဲ့ စစ်တိုက်ဖူးပေမယ့် ကုလားပြည်နဲ့ တခါမှ စစ်မတိုက်ဖူးပါ။
လူမျိုးပျောက်မှာကြောက်ခြင်း လူမျိုးပျောက်မှာစိုးတာဟာ ရောဂါရဲ့လက္ခဏာတခုပါ။ ဓနရှင်ပေါက်စ ပညာတတ်တွေ နိုင်ငံရေးဇာတ်ခုံပေါ် တက်လာကတည်းက “တို့တိုင်းပြည် တို့စာ တို့စကား” ကြွေးကြော်ပါတယ်။ လူမျိုးရေးလှုံ့ဆော်တဲ့သီချင်းတွေ ပေါ်ပါတယ်။ ပဒေသရာဇ် ခေတ်ကို “ရွှေခေတ်” လို့ တမ်းတပါတယ်။ “ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက် ပါတော့သည်။ - - ”လို့ သီချင်းရေးပါတယ်။ ဒီလိုဖြစ်တာ တို့ဗမာဘုရင် မရှိလို့ပဲ၊ ကြာရင် နစ်မွန်းတော့မယ်လို့ ရေးပါတယ်။ ဒါဟာ “တို့ဗမာဝါဒ” ပါ။ နိုင်ငံခြားသားကြောက် ရောဂါပါ။
“တို့ဗမာဝါဒ”နဲ့ လမ်းခွဲသူတွေက မာ့က်စ်ဝါဒလေ့လာသူတွေပါ။ နိုင်ငံခြားသားကြောက်ရောဂါကို ဆန့်ကျင်ပြီး လူတန်းစားချစ်ကြည်ရေးကို တင်ပြပါတယ်။ “တို့ဗမာဝါဒ” “မာ့က်စ်ဝါဒ”တိုက်ပွဲဟာ အစောကြီးကတည်းက ဖြစ်နေတာပါ။ တို့ဗမာဝါဒက လူမျိုးရေးဝါဒပါ။ ၁၉၃ဝ ကုလား ဗမာ အဓိကရုဏ်းအပြီး ပေါ်ပေါက်လာတဲ့ တို့ဗမာဝါဒကို မာ့က်စ်ဝါဒက စိန်ခေါ်လာရင်း ၁၉၃၈ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းကျတော့ လုပ်ဟန်ချင်းပါ ပြတ်ပြတ်ကွဲပါတယ်။ ဘယ်တော့မှလည်း ပြန်လည် ရင်ကြားမစေ့တော့ပါ။ လုပ်ဟန်ချင်းကွဲပုံက တို့ဗမာဝါဒက ၁၉၃၈ ကုလားဗမာအဓိကရုဏ်းမှာ ကိုယ်ထိလက်ရောက် ဝင်ပါခဲ့တယ်။ ကိုယ်တိုင်ခေါင်းဆောင်ပြီး ကုလားတွေလိုက်သတ်ပါတယ်။ ကုလားဆိုင်တွေ လုပါတယ်။ ကုလားပေမယ့် ဟိန္ဒူပါဆိုပြီး ဆိုင်တွေအလုမခံရအောင် “သံဃာသြဝါဒခံဟိန္ဒူဆိုင်” ဆိုတဲ့ဆိုင်းဘုတ်တွေ ဟိန္ဒူတွေက တင်ကြပါတယ်။ မူဆလင်နဲ့ ဘာသာရေး အဓိကရုဏ်းသမိုင်း အဲဒီကစခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာက ရန်မဖြစ်ခဲ့ပါ။ မူဆလင်ဘာသာနဲ့သာ ရန်ဘက်ဖြစ်လို့ ကုလားလူမျိုးဆန့်ကျင်ရေးမှာ ဟိန္ဒူ-မူဆလင်ခွဲပြီး ရန်လုပ်ပါတယ်။ ဘာသာရေးအဓိကရုဏ်းသဏ္ဌာန် ဖြစ်သွားပါတယ်။
အသတ်ခံရတဲ့ကုလားရော ဗမာပါအားလုံးက လမ်းသွားလမ်းလာတွေပါ။ အိမ်ထဲဝင်သတ်တာ မရှိသလောက် ရှားပါတယ်။ ဒါကြောင့် တနေ့လုပ်မှ တနေ့စားရတဲ့ဆင်းရဲသားတွေပဲ သေကြပါတယ်။ သူဌေးတွေ စားနိုင်သောက်နိုင်သူတွေက အိမ်တွေထဲ တလကိုးသီတင်း ရိက္ခာအပြည့်နဲ့ နေနိုင်ပါတယ်။ သူတို့အသတ်မခံရပါဘူး။ လူအုပ်နဲ့ဝိုင်းတာတို့ ဘာတို့ပဲခံရပါတယ်။ သူဌေးတွေကို အင်္ဂလိပ်အုပ်ချုပ်ရေး ကလည်း အကာအကွယ်ပေးပါတယ်။ မာ့က်စ်ဝါဒသမားတွေက အဝိုင်းခံရတဲ့အိမ်တွေ ဘေးလွတ်ရာသို့ပြောင်းပေးတာ လုပ်ပါတယ်။ ကုလားအရပ်ထဲ ဗမာအိမ်၊ ဗမာအရပ်ထဲရောက်နေတဲ့ ကုလားအိမ် အဲဒါတွေကို လွတ်ရာသို့ပြောင်းပေးပါတယ်။ လူမျိုးရေးခွဲပြီး မဆက်ဆံပါဘူး။ အဓိကရုဏ်းထဲမပါပါဘူး။ ဦးသိန်းဖေမြင့်ရဲ့ စာအုပ်တအုပ်မှာ စိတ်ကူးလား ကိုယ်တွေ့လားမသိနိုင်တဲ့ ကုလားအဝိုင်းခံနေရတဲ့ ဗမာအိမ်က လင်ရှိအမျိုးသမီးကြီးနဲ့ကယ်ဆယ်သူ ရှုပ်တဲ့ဇာတ်လမ်းရေးထားတာ တွေ့ဖူးကြပါလိမ့်မယ်။
ကုလားမုန်းတီးတာရဲ့အစ ဗမာပြည်သိမ်းတပ်က အင်္ဂလိပ်ဗိုလ်ဦးစီးတဲ့ ကုလားကြေးစားတပ်ပါ။ ကိုယ်နဲ့ရန်သူဖြစ်တဲ့ ကြေးစားစစ်သား ကုလားကို မုန်းတာဟာ သဘာဝအရဖြစ်လာတာပါ။ တကယ့် ကုလားမုန်းတီးရေးသမိုင်းရဲ့အစက အင်္ဂလိပ်-ဗမာ စစ်ပွဲသုံးပွဲက စပါတယ်။ အနာကို ဆားသိပ်ပေးလိုက်သလို အင်္ဂလိပ်က ဗမာပြည်ကို ကုလားပြည်အောက်ထိုးထည့်လိုက်တော့ ပိုပြီးနာ ပိုပြီးမုန်းပါတယ်။ အင်္ဂလိပ် ကလည်း စစ်ပွဲသုံးပွဲတိုက်ပြီး အာခံရကောင်းလားဆိုပြီး နံနှိမ်လိုက်တာပါ။ တိုင်းပြည်ပျောက်အောင် ဒဏ်ခတ်လိုက်တာပါ။ ကုလားတို့၊ တရုတ်တို့က တိုင်းပြည်ကြီးတွေပါ။ သူတို့ရဲ့ပြည်နယ်ဆိုတာက ဗမာပြည်ထက်ကြီးတာတွေ အများကြီးပါ။ သူတို့ရဲ့ ပြည်နယ်တခု ဖြစ်သွားရင် ထင်ပေါ်ဖို့ထက် မြုပ်သွားဖို့ပဲရှိပါတယ်။ ကုလားပြည်ရဲ့ ပြည်နယ်ဖြစ်တာက နှစ်(၅ဝ) ကျော်ကြာပါတယ်။
တို့ဗမာအစည်းအရုံးမှာ ကုလားကြောက်ရောဂါရှိတာ မဆန်းပါ။ နယ်ချဲ့ဆန်ကျင်ရေးကို ကုလားဆန့်ကျင်ရေးနဲ့တွဲမိတဲ့အမှားကို သူတို့ဒါကြောင့် မှားမိတာပါပဲ။ ဗမာပြည် တိမ်မြုပ်သွားတာ ဘယ်လောက်အထိ ကြာသွားသလဲဆိုရင် ဘားမား(Burma) လို့ပြောရင် ဘဟားမား(Bahama) လို့ ကမ္ဘာက နားလည်သွားကြတဲ့အထိပါ။ ဘဟားမားက ဗမာပြည်ထက် အဆ(၅ဝ) ငယ်ပြီး လူဦးရေအဆ(၁၇ဝ) နည်းပါတယ်။ ဒါပေမဲ့ သူက ထင်ပေါ်ပါတယ်။ ၁၉၃၆ ဘာလင်အိုလံပစ်ကို ဦးဇော်ဝိတ် သွားပြိုင်တော့ ကုလားအဖြစ် သွားရတာပါ။ နိုင်ငံရေးအရနာကျည်းမှု မီးတောက်ကို ဓာတ်ဆီလောင်းပေးတဲ့ စီးပွားရေး၊ လူမှုရေးနာကျည်းမှုတွေကလည်း အများကြီးပါ။ အင်္ဂလိပ်ဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုသာ ဝင်မပြိုင်ခဲ့ရင် ကုလားဓနရှင်ကို ဦးစားပေးပါတယ်။ (တရုတ်က အင်္ဂလိပ်ကိုလိုနီမဟုတ်ဘဲ ထုံးတို့ထားရုံသာရှိသေးလို့ ကုလားနဲ့စာရင် တရုတ်ကို ဦးစားမပေးပါ) ကုလားသူဌေး ‘မနှင်းဆီ’လို ဧရာဝတီကို ဝင်ပြိုင်တာမျိုးတော့ လက်မခံပါ။ ချိုးနှိမ်ပစ်ပါတယ်။ မပြိုင်ရင် နေရာပေးပါတယ်။ BOC ရဲ့ လက်ဝေခံကုလား ‘နတ်ဆင်း’ရဲ့ ရေနံကုမ္ပဏီ(NOC) ကို လက်ခံထားပါတယ်။ စတီးဘရားသားကိုမပြိုင်ရင် ‘မိုးလာ’ တို့လို ကုလား ဝါစက်တွေကို အားပေးပါတယ်။ ဗမာ ဝါစက်ကို အားမပေးပါ။ ကုလား ဝါစက်ပိုင်က ဗမာ ဝါစက်ပိုင်ကို ပြိုင်ဘက်လိုသဘောထားပြီး နှိမ်ပါတယ်။ ဗမာဝါစက်က ဂျပန်နဲ့ပဲ နည်းနည်းပါးပါးရောင်းဝယ်ရပါတယ်။ အင်္ဂလိပ်က ဗမာလက်ဝေခံကို စတီးပွဲစားအဖြစ်ပဲမွေးပါတယ်။ တောထဲဝင်ပြီး လက်လီစိတ်ရတာအပြင် လုံခြုံရေးလည်းမရှိလို့ အင်္ဂလိပ်ရော ကုလားပါ ဒီအလုပ်မျိုး မလုပ်ဝံ့ပါဘူး။ ဝါထွက်ရာဒေသတွေကလည်း မင်းလောင်းတွေ(မောင်သန့်တို့၊ ဗန္ဓကတို့) ပေါ်ရာဒေသပါ။ စပါးတွေ၊ ဝါတွေနဲ့သစ်တွေက ကျေးလက်နဲ့ တောထဲကယူရတာပါ။ အင်္ဂလိပ်နဲ့ကုလားက တပ်မပါဘဲ မသွားဝံ့ပါဘူး။ ဒါကြောင့် မြန်မာက ‘ပွဲစားကြီး’တွေပဲ ဖြစ်လေ့ရှိပါတယ်။ ရိုး (Rowe)တို့ ဝှိုက်တဝေး (Whiteway) တို့လို ကုန်တိုက်ကြီးတွေနဲ့မပြိုင်ရင် ကုလားကုန်တိုက်တွေ ရှင်သန်နိုင်ပါတယ်။ မြန်မာပိုင် ‘မြန်မာအဆွေ’ ဆိုတာကတော့ ဂျပန်ပစ္စည်း အဓိကထားရပါတယ်။ ဂျပန်ပစ္စည်းက အဲဒီတုန်းကညံ့ပါတယ်။ ဥရောပကုန်ကို မမီပါဘူး။
လက်ဝေခံကိုမွေးရာမှာ ကုလားကိုဦးစားပေးသလို ဗျူရိုကရေစီယန္တရားမှာလည်း သူတို့ကိုပဲ ဦးစားပေးပါတယ်။ မြန်မာပညာတတ်တွေ ဝင်မတိုးနိုင်တဲ့ အစိုးရဌာနတွေအများကြီးပါ။ ဗမာဓနရှင်ပေါက်စပညာတတ်က ကုလားမုန်းတီးတာ ကြောက်တာဟာ အဲဒီအခြေခံနဲ့ပါ။ အကြီးတန်းဗျူရိုကရက်တွေကို အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း ICS လို့ပဲ ခေါ်ပြီး အင်္ဂလိပ်နဲ့ကုလားကိုပဲ ရွေးပါတယ်။ မြန်မာက နောက်မှ ဝင်ရတာပါ။
မြန်မာတွေဟာ စီးပွားရေးမှာ ကြီးကြီးကျယ်ကျယ် ဝင်မပါခဲ့ရတာရဲ့အကျိုးဆက်က လွတ်လပ်ရေးရတဲ့အထိ ပါလာပါတယ်။ လွတ်လပ်ရေးခေတ်မှာလည်း ဖဆပလအစိုးရက ဒါဝတ်တို့၊ မဒါးတို့ကိုပဲ မှီခိုပါတယ်။ စီးကရက်လို၊ နိုင်လွန်လို အသစ်တည်ဆောက်ရတဲ့ နယ်ပယ်ကျမှ တရုတ်တွေ၊ မြန်မာတွေကို မှီခိုပါတယ်။ တရုတ်က အရင်းအနှီးရှိပြီး အဆက်အသွယ်ကောင်းလို့ဦးစားပေးခံရပါတယ်။ ကိုလိုနီခေတ်တုန်းက မြန်မာတွေဟာ လက်ဝေခံအရင်းရှင်လုပ်ငန်းမှာ ဝင်တိုးလို့မရပေမယ့် နိုင်ငံရေးမှာတော့ ဝင်တိုးနိုင်ပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ အလိုတော်ရိ နိုင်ငံရေးသမားတွေအဖြစ် ပါကြပါတယ်။ ကုလား တရုတ်အလိုတော်ရိနဲ့ မြန်မာအလိုတော်ရိ ပဋိပက္ခ ရှိပါတယ်။
ဒီလောက်နဲ့ ကုလားတရုတ် မုန်းတီးတဲ့(ကြောက်တဲ့)ရောဂါ မရနိုင်ပါဘူး။ မြန်မာလူထုကြီးကို အဲဒီရောဂါရစေတာက ဆူးအက်(Suez) တူးမြောင်းဆောက်ပြီးမှ ရတာပါ။ ဆူးအက်တူးမြောင်း ပေါက်သွားတော့ ဆန်တွေရောင်းကောင်းပါတယ်။ လယ်တွေ အသစ်တီ ရပါတယ်။ လယ်သမားတွေ လိုပါတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အထမ်းသမားတွေလိုပါတယ်။ ဒီနှစ်ခု(လယ်သမားနဲ့အလုပ်သမား) ကို ဖြည့်တင်း ပေးတာက အိန္ဒိယက ပြည်နယ်တွေပါ။ ကုလားတွေဟာ ဗမာပြည်ထဲ ဒလဟော ဝင်လာကြပါတယ်။ အိန္ဒိယရဲ့ ပြည်နယ်တခုဖြစ်တဲ့ ဗမာပြည်ကိုဝင်ဖို့ ဘာအတားအဆီးမှ မရှိဘူး။ ဗီဇာ(Visa) မလိုဘူး။ ဒီတော့ တံခါးမရှိ ဝင်ကြတာပါပဲ။ ဆယ်စုနှစ်တခုလောက်လည်းကြာရော ရန်ကုန်က ကုလားမြို့ ဖြစ်သွားတယ်။ မြန်မာတွေ ချောင်ကပ်ရတယ်။ မြစ်ဝကျွန်းပေါ်မှာ ကုလားလယ်သမားတွေ များလာတယ်။ စိုက်ချိန် ပျိုးချိန် ရိတ်သိမ်းချိန်မှာရောက်လာပြီး ပြန်သွားတဲ့ကုလားတွေ များလာတယ်။ သင်္ဘောကြီးကုန်တင်ကုန်ချ အလုပ်သမားကလည်း ကုလားချည်းပါပဲ။ ကုလားနဲ့မြန်မာ လယ်သမားချင်း အလုပ်သမားချင်း ပဋိပက္ခ ဖြစ်တယ်။ ချစ်တီးမြေရှင်စနစ်ပေါ်လာတော့ ပိုဆိုးသွားတယ်။ ကြွေးနဲ့ မြေသိမ်းခံရပါတယ်။ မြေတွေ ချစ်တီးလက်ရောက်ပါတယ်။ ဦးစောလို ဗမာမြေရှင်ကလည်း ကုလားမုန်းတီးရေးလှုံ့ဆော်ပါတယ်။
ပထမဆုံး ကုလားဗမာ အဓိကရုဏ်း ၁၉၃ဝ မှာ ဖြစ်တာဟာ အလုပ်သမားချင်း အဓိကရုဏ်းပါ။ မြန်မာအလုပ်သမားတွေက ကုလား အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲကိုဝင်ဖျက်သလို ဖြစ်သွားပါတယ်။ အင်္ဂလိပ်ရဲ့လှည့်ကွက်မှာ အမိခံရပြီး ကုလားနဲ့ အဓိကရုဏ်း ဖြစ်ရ တာပါ။ ဒုတိယ ကုလားဗမာအဓိကရုဏ်းက ၁၉၃၈ ကျမှပါ။ အင်္ဂလိပ်ရဲ့ သွေးခွဲနိုင်ငံရေးကြောင့်ဖြစ်ရတဲ့ အဓိကရုဏ်းပါ။ အင်္ဂလိပ်နဲ့ အလိုတော်ရိအစိုးရရဲ့လှည့်ကွက်ထဲ အမိခံရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့မူဆလင် ဘာသာရေးအဓိကရုဏ်းသဏ္ဌာန်ဟာ အဲဒီတုန်းက စခဲ့တာ ဖြစ်ပါတယ်။ အခု စစ်အစိုးရခေတ်အထိ အဲဒီရောဂါက ဒုက္ခပေးဆဲ ဖြစ်ပါတယ်။
၁၉၃၈ က ကုလား-ဗမာ ဘာသာရေးအဓိကရုဏ်းဟာ အင်္ဂလိပ်၊ ကုလား(မူဆလင်)နဲ့ မြန်မာ ဒီသုံးဦးသုံးဖလှယ်ရဲ့ကိစ္စဖြစ်ပေမယ့် အခု ခေတ်မှာတော့ သုံးဦးသုံးဖလှယ်ကိစ္စ မဟုတ်နိုင်တော့ပါ။ နိုင်ငံတကာကိစ္စအဖြစ် တက်သွားနိုင်ပါတယ်။ စစ်အုပ်စုအနေနဲ့ တနပ်စားကြံရင် အမေရိကန်ရဲ့အကွက်ထဲ ဝင်သွားနိုင်ပါတယ်။ တရုတ်-ဗမာ အဓိကရုဏ်း၊ ၁၉၃၁ တုန်းက ကုလားဗမာအဓိကရုဏ်းရဲ့ နောက်ဆက်တွဲ အဓိကရုဏ်းကလေး ခဏဖြစ်ဖူးပေမယ့် မကျယ်ပြန့်ပါ။ ကျယ်ပြန့်စရာအကြောင်းအချက် မရှိပါ။ တခြားအရှေ့တောင်အာရှ တိုင်းပြည်တွေလောက် ဗမာပြည်မှာ တရုတ်တွေ မများသေးပါ။ နည်းနည်းချင်း တစိမ့်စိမ့်ရောက်လာပြီး မြန်မာတွေနဲ့ ရောနှောသွားကြတာ များပါတယ်။ တချို့တလေက တရုတ်နာမည် ပျောက်သွားပါတယ်။ စာရေးဆရာကြီး ဦးထင်ဖတ်လို၊ ဆရာမကြီး ဒေါ်ရီကြိန်လို တရုတ်နာမည်ဆက်ရှိပြီး မြန်မာစိတ်ဓာတ် ဖြစ်သွားသူတွေလည်း ရှိပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲမှာ ပိုများပါတယ်။ လူမျိုးနှစ်ခုအကြားမှာ ဘာသာရေးနဲ့ယဉ်ကျေးမှု ကွာခြားမှု မရှိတာရယ်၊ ကုလားလိုဇာတ်စနစ် တရုတ်နဲ့မြန်မာမှာ မရှိတာရယ်ကြောင့် ရောနှောသွားတာပဲလို့ ထင်ပါတယ်။ ဒီလိုပြောလို့ တရုတ်နဲ့မြန်မာ လုံးလုံးပြဿနာမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါ။ ပြဿနာရှိပါတယ်။ ပြဿနာရဲ့ဇာစ်မြစ်က နိုင်ငံရေးပေါ် တည်ပါတယ်။
ဗမာပြည် လွတ်လပ်ရေးရတာနဲ့ တရုတ်ပြည်မှာ ကွန်မြူနစ်တွေအနိုင်ရတာ မရှေးမနှောင်းပါ။ နိုင်ငံရေးစနစ်ချင်း မတူကြပါဘူး။ စစ်ပြေး KMT တရုတ်ဖြူတပ်တွေ ဝင်လာတာတို့၊ ကိုးရီးယားစစ်တို့၊ ဗီယက်နမ်စစ်တို့ဖြစ်တာရယ်၊ အမေရိကန်ဦးဆောင်တဲ့ ဆီးတိုး(SEATO) ကွန်မြူနစ်ဆန့်ကျင်ရေး စစ်အုပ်စုဖွဲ့တာရယ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး အာဆီယံ ASEAN ပေါ်တာရယ် စတဲ့စတဲ့ကိစ္စတွေက ဗမာပြည် နိုင်ငံရေးကို ဂယက်ရိုက်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်တွင်းစစ်ကလည်း ၁၉၄၈ ကတည်းက ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့နွယ်တဲ့ တရုတ်ကြောက်ရောဂါ အစိုးရထဲမှာ အမြဲမပြတ်ရှိနေပါတယ်။ ၁၉၆၇ မှာတော့ ကွန်မြူနစ်တရုတ်ပြည် ဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းကို နေဝင်းက ဖန်တီးမိပါတယ်။ ပြဿနာ သိပ်ကြီးသွားပါတယ်။
“မြေမြိုလို့လူမျိုးမပျောက် လူမြိုမှ ပျောက်မယ်” ဆိုတဲ့ ကြွေးကြော်သံပေါ်တာ အဲဒီတုန်းကပါ။ ဒီတခါ အမျိုးပျောက်မှာ စိုးကြောက်တာက ကုလားဘက်မဟုတ်ဘဲ တရုတ်ဘက် လှည့်လာပါတယ်။ (ဗကပ)လည်း “အမျိုးသားသစ္စာဖောက်” ဘွဲ့ထူး အပေးခံရပါတယ်။ နိုင်ငံ့ဂုဏ်ရည်တို့ ဘာတို့ သူများတွေကို ဖောဖောသီသီပေးနေချိန်မှာ ဗမာပြည်ကွန်မြူနစ်တွေက “အမျိုးသားသစ္စာဖောက်” ဘွဲ့ ရတာပါ။ အဲဒီဘွဲ့ကို ၁၉၈၉/၉ဝ ကျမှ ကွန်မြူနစ်တွေ ဆုံးရှုံးသွားပါတယ်။ NLD ကို ပေးလိုက်လို့ပါ။ ဒီလိုဖြစ်တာကလည်း စစ်အေးလွန်ကာက နိုင်ငံရေး အပြောင်းအလဲကြောင့်ပါပဲ။
“နိုင်ငံခြားသားကြောက်ရောဂါ” ကတော့ ပျောက်သွားတာ မဟုတ်ပါ။ အမေရိကန်ကြောက်ရောဂါ အရှိန်တက်နေဆဲမို့ တရုတ်ကြောက်ရောဂါ ငုပ်သွားတာသာ ဖြစ်ပါတယ်။ ဘယ်တော့ပြန်ပေါ်မယ် မပြောတတ်ပါ။ နိုင်ငံရေးရာသီဥတုပေါ်မူတည်ပြီး ဖြစ်တတ်တဲ့ရောဂါဖြစ်လို့ နိုင်ငံရေး ရာသီဥတုပြောင်းလဲရင် ပေါ်နိုင်ပါတယ်။
ဗမာပြည်ရဲ့ကံကောင်းမှု။ လွတ်လပ်ရေးကို တိုင်းပြည်တစည်းတလုံးတည်း အခြေအနေမှာရခဲ့လို့ ကံကောင်းပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးနိုးကြားမှုရေချိန်မြင့်တာနဲ့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုကြောင့် တိုင်းပြည် တကွဲတပြားဖြစ်မသွားပါ။ တိုင်းပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရခဲ့ပါတယ်။
အိန္ဒိယပြည်ကြီးဟာ လွတ်လပ်ရေးရတော့ ကံမကောင်းပါ။ တိုင်းပြည်နှစ်ပြည် ဖြစ်သွားပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန် တကျက်ကျက်ပါ။ နဂိုက တတိုင်းပြည်ထဲသားတွေဟာ လွတ်လပ်ရေးရတော့ အပြန်အလှန် နိုင်ငံခြားသားတွေ ဖြစ်သွားပါတယ်။ အိန္ဒိယသားက ပါကစ္စတန်သားကို နိုင်ငံခြားသားလို့သတ်မှတ်ပြီး မုန်းတီးကြောက်ရွံ့သလို ပါကစ္စတန်သားကလည်း အိန္ဒိယသားကို မုန်းတီးကြောက်ရွံ့ပါတယ်။ အစိုးရတွေကလည်း သူဖြူရင်ကိုယ်မဲ ဖြစ်ကုန်ပါတယ်။ စစ်အေးခေတ်ဆိုလည်း စစ်အေးခေတ်မို့၊ အခု စစ်အေးလွန်ခေတ်ဆိုလည်း စစ်အေးလွန်ခေတ်မို့ အင်အားကြီးသူတွေကို ကပ်ကြပါတယ်။ တဦးကိုတဦး တိုင်းပြည်ပြိုကွဲအောင် ချောက်ချကြပါတယ်။ တဦးကောင်းစားရင် မနာလိုမရှုစိမ့်ဖြစ်ပြီး ဒုက္ခရောက်နေရင် ဝါးကူပြီးထိုးပါတယ်။ နှစ်ဘက်စလုံးမှာ အဓိကရုဏ်းတွေလည်း ဖန်တီးပါတယ်။ ဒီသံသရာ ဘယ်တော့ဆုံးမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
တရုတ်ပြည် ကြည့်ပြန်တော့လည်း သူက တမျိုးပါ။ တရုတ်ပြည်မကြီးနဲ့ထိုင်ဝမ်ဆိုပြီး ကွဲနေဆဲပါ။ ကြားလူ ဝင်မွှေနိုင်ဖို့ ဟာကွက်ကြီး ဖြစ်နေပါတယ်။ အာရှငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပင် အန္တရာယ်ပေးနိုင်တဲ့ပဋိပက္ခ ဖြစ်လာပါတယ်။ အိန္ဒိယနဲ့တရုတ်ကြားမှာရှိတဲ့ ဗမာပြည်ဟာ တိုင်းပြည်တစည်းတလုံးတည်းလွတ်လပ်ရေးရခဲ့လို့ ကံကောင်းရုံမက နယ်နိမိတ်ပြဿနာလည်း ဖြေရှင်းပြီးဖြစ်နေလို့ ဒုတိယံပိ ကံကောင်းပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်တို့နဲ့က နယ်နိမိတ်ပြဿနာ အင်္ဂလိပ်က အခြေခံအားဖြင့် ရှင်းပေးထားခဲ့ပြီးဖြစ်လို့ ကြွင်းကျန်ခဲ့တဲ့သမိုင်းပြဿနာ မရှိပါ။ တရုတ်ပြည်နဲ့ကတော့ ရှိပါတယ်။ ပြဿနာ မကြီးကြီးအောင်လည်း အမေရိကန်နယ်ချဲ့သမားက သွေးထိုးပေးပါတယ်။ ဦးကျော်ငြိမ်းတို့ အလိုအရဆိုရင် ဒီပြဿနာပြေလည်ဖို့ ခက်ပါတယ်။ ဦးနုရဲ့ အမြော်အမြင်ရှိမှုကြောင့် ဒီပြဿနာပြေလည်သွားတာကို မှတ်တမ်းတင်ရပါတယ်။
စစ်အေးလွန်ခေတ်အထိ ဒီပြဿနာ ပါမလာတာက တတိယ ကံကောင်းခြင်းပါ။
စတုတ္ထ ကံကောင်းခြင်းကတော့ အင်္ဂလိပ်က ၁၈၂၄ - ၅၂ - ၈၅ စစ်ပွဲတွေရဲ့နောက်ပိုင်း ခေါ်လာပြီး နေရာချပေးခဲ့တဲ့ ကုလားအမျိုးသားတွေကို ၁၉၄၂ မှာ ဂျပန်ထိုးစစ်ကြောင့် ခွာစစ်ဆင်ရတော့ တပါတည်း ခေါ်ပြေးသွားလို့ပါ။ ကုလားတွေ သိန်းသန်းချီပြီး ပြေးကြတာပါ။ ပြေးစရာ မရှိသူပဲ ကျန်ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ နောက်ပိုင်းမှာဖြစ်တဲ့ “ကုလားဗမာအဓိကရုဏ်း”ဆိုတာတွေက စစ်အစိုးရ တမင်ဖန်တီးတဲ့ ကိုယ့်ပြည်တွင်းသား(ပြေးစရာမရှိသူ) မူဆလင်တွေကို ရန်ရှာတာသက်သက် ဖြစ်ပါတယ်။ အဓိကရုဏ်းလို့တောင် ခေါ်လို့မရပါဘူး။ ၁၉၆၇ တရုတ်ဗမာ အဓိကရုဏ်းလောက်လည်း မကျယ်ပြန့်ပါ။ နေဝင်းစစ်အစိုးရကိုယ်တိုင် ပေါ်လစီချပြီး သတင်းစာထဲကနေလှုံ့ဆော်လို့ တရုတ်ဗမာအဓိကရုဏ်းက ကျယ်ပြန့်ပါတယ်။ အခု စစ်အစိုးရခေတ်မှာလည်း “ကုလားဗမာ အဓိကရုဏ်း”ဆိုတာဖြစ်အောင် ဖန်တီးနေပေမယ့် မကျယ်ပြန့်ပါ။ နိုင်ငံခြားကလာသူတွေမဟုတ်တဲ့ ဗမာပြည်မှာ ဗမာရှင်ဘုရင်တွေ လက်ထက်ကတည်းကနေခဲ့တဲ့ ‘မူဆလင်’ တွေကို ဆွဲထုတ်ပြီး နှိပ်စက်တာဟာ အလွန်အမြော်အမြင်မဲ့ပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။
နေဝင်းက တရုတ်ဗမာအဓိကရုဏ်း ဖန်တီးတာနဲ့တောင် မတူပါဘူး။ နေဝင်းလုပ်ခဲ့တာက ၁၉၆၇ မှာပါ။ “စစ်အေးခေတ်” ဖြစ်ပါတယ်။ စူပါ ပါဝါတခုကိုဆန့်ကျင်ဖို့ တခုကိုခိုလို့ရတဲ့ခေတ်ပါ။ အခု “စစ်အေးလွန်ခေတ်” ပါ။ အမေရိကန် အကဲစမ်းနေချိန်ပါ။ အိုစမာဘင်လာဒင်ကို နှိမ်ဖို့ဆိုပြီး စစ်အင်အားစုစည်းတာ သိပ်များပါတယ်။ သတ္တဝါနဲ့လက်နက် မမျှပါ။ဘင်လာဒင်ကိုနှိမ်ဖို့ ဒီလောက်မလိုပါ။ တခြားရည်ရွယ်ချက်တွေရှိတာ သေချာပါတယ်။ (ဖိလစ်ပိုင်မှာ အမေရိကန်တပ် ရောက်နေပါပြီ) လန်ဒန်ထုတ် ဂျိန်း (Jane) စာစောင်က ဘင်လာဒင်ရဲ့ အဆက်အသွယ်တွေ ဗမာပြည်မှာရှိတယ်လို့ ရေးပါတယ်။ ဟုတ်မဟုတ် အတည်မပြုနိုင်ပါဘူး။ စစ်အစိုးရကိုအခဲမကြေတဲ့ မူဆလင်တစုတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဘဏ္ဏာရေးမှီခိုချင်တာ အဓိကပါ။ ဒါကို ပုံကြီးချဲ့ပြီးရေးတာပဲ ဖြစ်ပါလိမ့်မယ်။ အိုစမာဘင်လာဒင်ကိုသာ ဒဏ်မခတ်ပါနဲ့၊ တပါတည်း ဗမာပြည်စစ်အစိုးရကိုပါ ဒဏ်ခတ်လိုက်ပါ။ မူးယစ်ဆေးဝါးဂိုဏ်းတွေလည်း အပြတ်ရှင်းပေးခဲ့ပါဆိုတဲ့လေသံ ကြားရပါတယ်။ ဒါက မူဆလင်တွေဆီက မဟုတ်ပါဘူး။ တထောင့်က လေသံပါ။ ကြွတ်မနိုင်ကျီမီးရှို့ခိုင်းတဲ့ပေါ်လစီလုပ်လို့ မဖြစ်ပါဘူး။ ကံကောင်းခဲ့တဲ့ ဗမာပြည် ကံမဆိုးပါစေနဲ့။ (ဗမာပြည်ကွန်မြူနစ်ပါတီဆောင်းပါးများထဲမှ)

0 comments:

Post a Comment