Monday, November 15, 2021

ကျွန်တော်တို့ ဘာလိုခဲ့ကြသလဲ၊ ရှေ့မှာ ဘာဆက်လုပ်ကြမလဲ။

0 comments

ကျွန်တော်တို့ ဘာလိုခဲ့ကြသလဲ၊ ရှေ့မှာ ဘာဆက်လုပ်ကြမလဲ။

ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏အစီရင်ခံစာ (၂၀၀၉ ခုနှစ် မတ်လ)

ရဲဘော်တို့ နှစ် ၂၀ ခရီးမှ ကျွန်တော်တို့လိုခဲ့တာကာ အဓိကအားဖြင့် ၃ ခုရှိပါတယ်။ ဒီ ၃ ခုကလည်း တခုနဲ့တခုဆက်စပ် နေတာပါ။ ဒီ ၃ ခု မရှိခဲ့လို့ပဲ အခါအခွင့်ကောင်းကြီး ၂ ကြိမ်လောက် လက်လွတ်ခဲ့တာဖြစ်ပါတယ်။ အခါအခွင့်ကောင်း ၂ ကြိမ်ဆိုတာက... ဒေါက်တာမောင်မောင် သမ္မတသက်တမ်းမှာ တကြိမ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲနိုင်စဉ်က တကြိမ် ဖြစ်ပါတယ်။ အကျယ်တင်ပြတာ မလုပ်တော့ပါ။

 

လိုအပ်ချက် ၃ ခုဆိုတာက

(၁) ဘုံရန်သူရှိပြီး ဘုံလုပ်ငန်းစဉ်မရှိတာပါ။

(၂) ဘုံလုပ်ငန်းစဉ်ရှိနေရုံနဲ့လည်း မပြီးသေးပါ၊ တခုတည်းသောဗဟိုရှိရပါဦးမယ်။

(၃) ဗဟိုဌာနချုပ်မရှိတော့ တက်ကြွလှုပ်ရှားသူ (Activists)တွေကို စနစ်တကျစီမံခန့်ခွဲနိုင်တာမရှိနိုင်ပါ။

ဒီ ၃ ချက်ကိုတော့ အကျယ်တင်ပြပါမယ်။ ဒါမှ ရှေ့မှာဘာဆက်လုပ်ကြမလဲဆိုတာနဲ့ ဆက်စပ်မိမှာပါ။

 

အချက် ၁ ကိုရှင်းလင်းချက်။

ဘုံရန်သူ ဘယ်တုန်းကမဆို ရှိခဲ့ပါတယ်။ ၁၉၆၂ ခု မတိုင်မီကလည်းရှိခဲ့တာပါပဲ။ ဖဆပလ ဝန်ကြီးချုပ်ဦးနုပြောတဲ့ “ရောင်စုံ”ဆိုတာ အမှန်ပါပဲ။ “ရောင်စုံ”မှာကလည်း လက်နက်ကိုင်တပ် ကိုယ်စီရှိကြတယ်။ နယ်မြေရှိကြတယ်။ လူထုဆီကရန်ပုံငွေကောက်ခံပြီး ရှင်သန်ကြရတယ်ဆိုတော့ အချင်းချင်း လက်နက်ကိုင်ပဋိပက္ခတွေလည်း ရှိကြ ပါတယ်။ ကိုယ့်အချင်းချင်းရဲ့ လက်နက်ကိုင်ပဋိပက္ခ ကြီးသထက်ကြီးအောင်လည်း ရန်သူအစိုးရက မြှောက်ပေး တတ်ပါတယ်။

 

စစ်အုပ်စုရဲ့ အခု ဦးတည်ရန်သူဟာ ဗကပမဟုတ်ပါဘူး။ KNU မဟုတ်ပါဘူး။ DASSK ဦးဆောင်တဲ့ NLD ပါတီပါ။ ဒါကိုသတိပြုရပါမယ်။ NLD ကို ထိခိုက်စေတဲ့ခြေလှမ်း ဘယ်သူကမှမလှမ်းသင့်ပါဘူး။ လှမ်းလာရင် ဘယ်သူကပဲ လုပ်လုပ် ဗကပ က အတိအလင်းဆန့်ကျင်မှာပါ။ NLD ကို ကာကွယ်ရေးဟာ စစ်အုပ်စုကို ဘုံရန်သူအဖြစ် သဘောထားသူမှန်သမျှရဲ့ ဦးစားပေးတာဝန်ဖြစ်သင့်ပါတယ်။

 

အချက် ၂ ကို ရှင်းလင်းချက်။

ဗဟိုမရှိခဲ့လို့ပဲ ၁၉၈၈ တုန်းက အောင်ပွဲမရခဲ့တာပါ။ ဗိုလ်အောင်ကြီးက “ဒီမိုကရေစီဖခင်ကြီး”ဆိုပြီး ပွဲထွက်တော့ ဦးနုက အားကျမခံ “ရာသက်ပန်ဝန်ကြီးချုပ်”ဆိုပြီး ပွဲထွက်တယ်။ ပေါ်လာကာစ “မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့” အစိတ်စိတ်ကွဲသွားရတယ်။ မျိုးချစ်စစ်ဗိုလ်ဟောင်းကြီးတချို့က စိတ်ပျက်ပြီး ထိုင်သွားတယ်။ မျိုးချစ်ရဲဘော်ဟောင်း များအဖွဲ့ ပေါ်လာတာဟာ နေဝင်းစစ်အုပ်စုရဲ့ အရှိုက်အထိုးခံရတာပါ။ သိတ်ကိုတန်ဖိုးရှိပါတယ်။ ဒီအဖွဲ့ထဲပါတဲ့ တပ်မှူးကြီးတွေကိုမှီခိုပြီး တပ်မတော်တခုလုံးကို နေဝင်းစစ်အုပ်စုလက်အောက်ကနေ မိမိဘက်ပါလာအောင် ကျွန်တော်တို့ လုပ်နိုင်ရမှာဖြစ်ပါတယ်။ အခုတော့ သူ့ကိုပါအောင်မလုပ်နိုင်ပဲ ကိုယ့်အထဲကပဲ အစိတ်စိတ်ကွဲထွက်တာ ဖြစ်ကုန်တယ်။

 

ဗဟိုရှိခဲ့ရင် အားလုံးပါတဲ့ “ယာယီညွန့်ပေါင်းအစိုးရ” ဖွဲ့နိုင်ခဲ့မှာပါ။ လမ်းမပေါ်က အုံကြွနေတဲ့လူထုက ယာယီ ညွန့်ပေါင်းအစိုးရ’ ဖွဲ့နိုင်တာမဟုတ်ပါဘူး။ မိုးမဆုံးမြေမဆုံး မပြီးနိုင်မစီးနိုင် လမ်းမပေါ်မှာ “ဆန္ဒပြ”နေလို့လည်း မပြီးပါဘူး။ မဆလ အစိုးရကို အစားထိုးဖို့အစိုးရ(ယာယီအစိုးရ) တရပ်ဖွဲ့ရမှာပါ။ ဒီတာဝန်ကို ခေါင်းဆောင်တွေ ယူရမှာပါ။ ညီညွတ်တဲ့အစိုးရပေါ်ရင် လူထုက ကျေနပ်မှာပါ။

 

ဗမာပြည်နိုင်ငံရေးမှာ လူထုအုံကြွမှုကြီးတွေရှိဖူးပါတယ်။ ၁၉၃၈-၃၉ အုံကြွမှု၊ ၁၉၄၆ အုံကြွမှု စသဖြင့်ရှိဖူးတယ်။ အဲ့ဒီအုံကြွမှုတွေမှာ ဗဟိုရှိပါတယ်။ ရှိလို့လည်း ဆုတ်ရရင်လည်း ကသီလင်တမဖြစ်ဘူး။ အောင်ပွဲရရင်လည်း စနစ်တကျဖြစ်ပါတယ်။ ၁၉၄၆ အုံကြွမှုကျတော့ အနိုင်ရလိုက်တယ်။ ဖဆပလ အာဏာရလာတယ်။ ၁၉၈၈ မှာတော့ ဗဟို’ မရှိဘူး။ ဗဟိုမရှိတာထက် ဗဟိုတွေများတယ်ဆိုတာက ပိုမှန်လိမ့်မယ်ထင်ပါတယ်။ ဗဟိုတွေများလို့ တခုနဲ့တခုချေဖျက်ရင်း တစုတစည်းတည်းဗဟို မရှိတာဖြစ်သွားတယ်။

 

အခု နှစ် ၂၀ ကြာတော့ ပြည်ပမှာ ဗဟိုတွေက သိတ်ကိုများလာနေပါပြီ။ စာရင်းပြုစုလို့မရအောင်ကိုပဲ များပါတယ်။ ပါတီနံမည် ခံတာရော။ တပ်ပေါင်းစု’ နံမည်ခံတာရော၊”မီဒီယာ”အစုအဖွဲ့နံမည်ခံတာရော၊ အသံလွှင့်ဌာနကို ဗဟို ပြုတဲ့အဖွဲ့အစည်းရော စသဖြင့်မျိုးစုံပါတယ်။

 

ဟိုတုန်းက ပြည်ပမှာ သခင်အောင်ဆန်း၊ သခင်လှမြိုင်ပဲ ထွက်ရပ်ဂိုဏ်း”ရဲ့ကိုယ်စားလှယ်အဖြစ် ပြည်ပထွက်ပါတယ်။ (ဖတပလ) ဖက်ဆစ်ဆန့်ကျင်ရေးရဲ့ ပြည်ပကိုယ်စားလှယ်အဖြစ် သခင်သိန်းဖေ(မြင့်)၊ သခင်တင်ရွှေပဲရှိပါတယ်။ လက်နက်ကိုင်တိုက်ပွဲ A/S ကာလမှာ ဗကပရဲ့ကိုယ်စားလှယ်အဖြစ် သခင်ဗသိန်းတင်၊ သခင်သန်းမြိုင်တို့တတွေပဲ ရှိကြပါတယ်။ သူတို့က ပြည်တွင်းရဲ့ညွှန်ကြားချက်ကိုနာခံပြီး လုပ်ကြရတာပဲ။

 

အခုတော့ အဲ့သလိုမဟုတ်ဘူး။ပြည်တွင်းမှာ အမြစ်မရှိကြဘူး။ ပြည်ပမှာပဲ ရန်ပုံငွေရှာပြီးရပ်တည်ကြတယ်။ အဲ့ဒီတော့ စီမံကိန်းအဆိုပြုတဲ့ (Proposalနိုင်ငံရေးတွေလုပ်ကြတယ်။ (Donorအလှူရှင်ရှာတဲ့အလုပ်က အဓိကအလုပ် ဖြစ်လာတယ်။ လော်ဘီ Lobby (ထောက်ခံသူစည်းရုံးတဲ့)နိုင်ငံရေးလုပ်ကြတယ်။ ဗဟိုတွေများသလို လုပ်တဲ့အလုပ် တွေလည်းများတယ်။ နအဖ ကို ကုလသမဂ္ဂကုလားထိုင်ပေါ်ကဆွဲချရေးလုပ်ကြတယ်။ ကုလားထိုင်ပေါ်ကဆွဲချလို့ မရသေးခင်မှာ ကုလားထိုင်အလွတ်မှာဝင်ပြီး ဘယ်သူထိုင်မလဲဆိုတာ အချိန်ကုန်ခံငြင်းကြတယ်။ ဒီလိုနဲ့ အချင်းချင်း ရန်ပွဲတွေဖြစ်နေကြပါတယ်။

 

စင်ပြိုင်အစိုးရဖွဲ့တာကို ပြည်ပမှာဖြစ်စေ၊ ပြည်တွင်းမှာဖြစ်စေ လုပ်တာကို ဗကပ က မူအရ’ ဆန့်ကျင်ပါတယ်။ ဗကပ က A/s ကာလတုန်းကလည်း ဒီကိစ္စကိုမစဉ်းစားသလို ခုလည်း မစဉ်းစားပါဘူး။ တည်ရှိနေတဲ့အစိုးရရဲ့မြို့တော် ဟိုတုန်းကတော့(ရန်ကုန်) အခုတော့ ပျဉ်းမနားရှိတဲ့ အာဏာပိုင်အစိုးရကို ဖြုတ်ချပြီးမှသာ မိမိဘက်က အစားထိုး စရာအစိုးရဖွဲ့ဖို့ စဉ်းစားသင့်ပါတယ်။ တိုင်းပြည်ကတပြည် အစိုးရက ၂ ခုဖြစ်နေရင် တိုင်းပြည် နာတတ်ပါတယ်။ ဗမာပြည်လိုနေရာမျိုးမှာတော့ အစိုးရ ၂ ခုနဲ့ရပ်မှာမဟုတ်ပါဘူး။ အစိုးရတွေအများကြီးရှိလာမယ့်အလားအလာ ရှိပါတယ်။ ဂျာမဏီ။ ကိုးရီးယား။ ဗီယက်နမ်တို့မှာလို အစိုးရ ၂ ဖွဲ့ပြိုင်ပြီးရှိနေနိုင်တဲ့အနေအထား ဗမာပြည်မှာ မရှိပါဘူး။

 

A/S ကာလ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဟာ အစိုးရတွေဖွဲ့ကြပါတယ်။ “ကွန်မြူနစ်ပျက် မိုးဟိန်း”ဆိုရင် ရှမ်းပြည်ရဲ့ သမ္မတ’ ဖြစ်လိုက် ဝန်ကြီးချုပ်ဖြစ်လိုက် ကြိမ်ကြိမ်ပါပဲ။ အဲ့ဒါတွေကို ကျွန်တော်တို့က အစိုးရဖွဲ့တမ်းကစားတာလို့ပဲ သဘောထားခဲ့ပါတယ်။ ရေးကြီးခွင်ကျယ်လုပ်ပြီး ဝေဖန်တာ မလုပ်ပါဘူး။

 

အခုရေးနေတာကလည်း ပြည်တွင်းက NLD (ဗဟို)ကို ကသိကအောင့်ဖြစ်အောင်လုပ်နေကြတယ်လို့ပဲမြင်လို့

မတတ်သာပဲ‌‌ပြောတာပါ။

 

ပြည်ပမှာနေပြီး စစ်အစိုးရကိုဖွင့်ချတာနဲ့ NLD ကို ကာကွယ်တာ၊ အားပေးတာ လုပ်တဲ့အလုပ်ဟူသမျှကောင်းပါတယ်။ အားပေးပါတယ်။ အချင်းချင်းအပေးအယူရှိကြတယ်၊ ညီညီညွတ်ညွတ်ရှိကြတယ်လို့ကြားရင် အားတက်ပါတယ်။ အခုတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ အချိန်မီပြုပြင်ကြဖို့ကောင်းပါတယ်။ ပြည်တွင်းမှာ NLD အကျပ်တွေ့နေပါတယ်။ ကျွန်တော်တို့ရဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များ ထောင်နှစ်ရှည်ကျနေပါတယ်။ အဖမ်းအဆီးတွေလည်း သိတ်များ ပါတယ်။ လူထုကလည်း ထွက်ရပ်လမ်းပျောက်သလိုဖြစ်နေပါတယ်။ အဲ့ဒီလိုအချိန်မှာ ဗမာပြည်နိုင်ငံရေးကို လွတ်လွတ် လပ်လပ်လုပ်နိုင်သူတွေက အချင်းချင်းရန်ပွဲဖြစ်ပြီး အချိန်မဖြုန်းသင့်ပါဘူး။ အမြော်အမြင်ကြီးမားစေချင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲကာလ တောခိုသူအချင်းချင်း ရန်ပွဲဖြစ်နေသလို အခုလည်း ပြည်ပရောက်အချင်းချင်း ရန်ပွဲမဖြစ်သင့်ပါဘူး။

 

အခုခေတ်က ပြည်တွင်းမှာ လှုပ်ရှားတက်ကြွသူ (Activists)  ကနည်းနေပြီး ပြည်ပရောက် ကများနေတဲ့ခေတ်ပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ခေတ်ပြိုင်တိုက်ဖော်တိုက်ဖက်များကို တောင်းပန်တာပါ။ ၂၀၁၀ ကျော်ရင် ဗမာပြည်နိုင်ငံရေး အခင်းအကျင်းဟာ တဆစ်ချိုးပြောင်းလဲတော့မှာပါ။ စစ်အာဏာရှင်စနစ်က “၂၀၀၈ အခြေခံဿပဒေ”နဲ့ အထိုင်ကျသွား ပါလိမ့်မယ်။ အချိန်သိတ်မရှိတော့ပါ။

 

လွတ်လပ်ရေးတိုက်ပွဲခေတ်တုန်းက ကျွန်တော်တို့ စွန့်လွှတ်စွန့်စားလုပ်ခဲ့ရတာဟာ သိတ်မကြာပါဘူး။ လွန်ရော ကျွံရော ၅ နှစ် ၆ နှစ်ပါ။ အခု ဒီမိုကရေစီတော်လှန်ရေးကာလမှာတော့ စွန့်လွှတ်စွန့်စားလုပ်ခဲ့ရတဲ့နှစ်တွေ ဆယ်စုနဲ့ချီပြီးကြာခဲ့ ပါပြီ။ ရှေ့မှာလည်းဆက်ပြီး စွန့်လွှတ်စွန့်စားကြရဦးမှာဖြစ်လို့ အခုလိုတင်ပြတာပါ။ ဗကပ အနေနဲ့ကတော့ “အတိတ်ကို အတိတ်မှာပဲ ထားခဲ့(ချင်)တယ်”ဆိုတဲ့သဘောထားနဲ့ ဆိုရှယ်လစ်ပါတီနဲ့၊ ဖဆပလနဲ့၊ အိမ်စောင့်အစိုးရနဲ့ ကုန်ကုန် ပြောရရင် ဗိုလ်ခင်ညွန့်တို့ပါ ရန်စကားပြောတာကိုရှောင်ပါတယ်။ မိမိ တဘက်သတ်ပဲရှောင်နေတာပါ။ ပါတီဝင် အားလုံးကိုလည်း ရှောင်ကြဖို့ ညွှန်ကြားထားပါတယ်။ ဗကပကို ဆဲရေးပုတ်ခတ်တဲ့စာတွေ ကျွန်တော်တို့မဖတ်ရတာ မဟုတ်ပါဘူး။ ဖတ်ရပါတယ်။ မတုံ့ပြန်ပဲ တမင်နေတာပါ။

 

အချက် ၃ ကို ရှင်းလင်းချက်။

တက်ကြွလှုပ်ရှားသူ တွေကိုစုဆောင်းထားပြီး အခါအခွင့်ကောင်းပေါ်တဲ့အခါ ထုတ်သုံးနိုင်ရပါမယ်။ ၁၉၈၈ မတိုင်မီကဆိုရင် မြို့ပေါ်မှာ မြေအောက်U/G အဖြစ်၊ တောထဲမှာ ပြည်သူ့လက်နက်ကိုင်အဖြစ် စုစည်းထားနိုင်ခဲ့ ပါတယ်။ တွေဆိုတာကလည်း အများအားဖြင့်ကျောင်းသားတွေပါ။ ပညာတတ်တွေပါ။ အလုပ်သမား လယ်သမား တွေပါ။ အလွှာစုံပါတယ်။ ဇာတိဒေသစုံပါတယ်။ ဒါကြောင့်ပဲ အခါအခွင့်ကောင်းပေါ်လာရင် လိုအပ်တဲ့ဒေသ၊ ကျောင်း၊ အလုပ်ရုံစက်ရုံသို့ တိုက်ရိုက်လွှတ်ပြီး တိုက်ပွဲမှာ ပါဝင်စေနိုင်ပါတယ်။

 

၁၉၈၈ မတိုင်မီကလည်း လှုပ်ရှားတက်ကြွသူတွေ အဖမ်းခံရပါတယ်။ ဒါပေမဲ့ ထောင်ချလည်း ၇ နှစ်၊ ၉ နှစ် အများဆုံး ပါ။ နှစ်စေ့အောင်လည်း နေရလေ့မရှိပါဘူး။ အကြောင်းတခုခုနဲ့ လွတ်ငြိမ်းခွင့်ပေးတတ်ပါတယ်။ ထောင်ကလွတ်လာ တော့ အစမ်းသပ်ခံပြီးတဲ့၊ ကြံ့ခိုင်တဲ့ကေဒါကောင်း ဖြစ်သွားလေ့ရှိပါတယ်။

 

၁၉၈၈ ကနေ အခုကာလမှာတော့ ထောင်ချခံရတဲ့ တွေက နှစ် ၂၀၊ အခု နှစ် ၆၀ ကျော်ဖြစ်နေပါပြီ။ သူတို့က လူထုလှုပ်ရှားမှုထဲ ပါမလာနိုင်တော့ပါဘူး။ လူထုလှုပ်ရှားမှုနဲ့ဝေးရာဆီ အပို့ခံရပါတယ်။

 

၁၉၈၈ မတိုင်မှ ဖဆပလ နဲ့ မဆလ အာဏာပိုင်သားသမီးတွေလောက်ပဲ ပြည်ပလွှတ်ပါတယ်။ သူတို့ကလည်း တက်ကြွလှုပ်ရှားသူတွေမဟုတ်ကြပါဘူး။ အခုတော့ အများကြီး ပြည်ပရောက်နေပါတယ်။ ပြည်ပရောက်ပြီးရင် လူထုလှုပ်ရှားမှုထဲ ကိုယ်တိုင်ကိုယ်ကျပါဝင်ခွင့် မရကြတော့ပါဘူး။ အဝေးက ထောက်ခံတာ အားပေးကြတာပဲ လုပ်နိုင်ပါတောါ့တယ်။

 

၁၉၈၈ မတိုင်မီက တောခိုစရာနေရာ များပါ်တယ်။ မြို့ပြင်ထွက်လိုက်ရုံပါပဲ။ အခုတော့ တောခိုစရာမရှိပါဘူး။ ပြည်ပထွက်ရတာပါ။ 

 

အကြီးဆုံးအခက်အခဲက  တွေကိုပြည်တွင်းမှာ စုစုစည်စည်း မထားနိုင်ခဲ့တာနဲ့ စနစ်တကျစီမံခန့်ခွဲ မထားနိုင်တာပါပဲ။

 

ကျွန်တော်တို့ပါတီကတော့ တာဝန်အရ ပြည်ပထွက်ခိုင်းတဲ့ပါတီဝင်ကလွဲပြီး ကျန်တဲ့ပါတီဝင်အများစုကြီးကို U/G ပဲ လုပ်ခိုင်းထားပါ်တယ်။ ဘာမှမလုပ်နိုင်ရင်လည်း မလုပ်ပဲနေပါ။ ပြည်ပမထွက်ပါနဲ့လို့ ညွှန်ကြားထားပါတယ်။ ပြည်တွင်း မှာရှိနေရင် အခါအခွင့်ကောင်းပေါ်တာနဲ့ ထုတ်ပြီးသုံးနိုင်အောင်ဖြစ်ပါတယ်။

 

နှစ် ၂၀ အတွင်းမှာ ဗကပ က၁၉၈၈ ခုနှစ် တနှစ်ထဲမှာပဲချမှတ်ထားတဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယယ်ကိုလုပ်ဆောင်ခွင့် ရခဲ့တာပါ။ ၁၉၈၉ မှာ ဗကပရဲ့လက်နက်ကိုင်တိုက်ပွဲ A/S ကျဆုံးပါတယ်။ စီမံကိန်းအားလုံး ပျက်ပါတယ်။ ၂၀ ရာစုနှစ် ကုန်သည်အထိ ကိုယ့်ကိစ္စနဲ့ကိုယ် လုံးပမ်းနေရပါတယ်။ ၂၁ ရာစု ဝင်မှပဲ ပြန်လည်လှုပ်ရှားနိုင်ပါတယ်။ ဒီမို ၂၀၀၆ ကြံဆချက်’ တင်ပြတဲ့အခါမှာတော့ လက်တွေ့နိုင်ငံရေးထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။

 

လက်တွေ့နိုင်ငံရေးထဲဝင်တော့မှပဲ နိုင်ငံရေးလက်တွေ့တွေကို ကျွန်တော်တို့ စတင်ရရှိပါတယ်။ ရရှိလိုက်တဲ့ နိုင်ငံရေး လက်တွေ့ကို တင်ပြပါမယ်။

 

ဗကပနဲ့ဗြောင်လက်တွဲဖို့ မဝံ့မရဲဖြစ်နေကြတယ်။ အကြောင်းအမျိုးမျိုးရှိတယ်။ အကြောင်းတခုက ဗကပကို ခြေကုန်လက်ပမ်းကျနေတဲ့ပါတီလို့ ယူဆလို့ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ခုထိ မှတ်ချက်ပေးစရာမရှိပါဘူး။ နောက်အကြောင်းတခုက ကွန်မြူနစ်နဲ့ ယှက်နွယ်ပတ်သက်နေရင် ကိုယ့်အတွက်အကျိုးမဲ့တယ်လို့ ယူဆတာဖြစ်တယ်။ အလှူရှင် Donor ရှာမရပဲဖြစ်မယ်။ တတိယနိုင်ငံ မထွက်နိုင်ပဲဖြစ်မယ်။ အဆိုပြုစီမံချက် Proposal တင်ဖို့ခက်မယ်။ ဆွဲဆောင်စည်းရုံးရေး Lobby လုပ်တဲ့အထဲမှာ ကွန်မြူနစ်တွေ ရောထွေးပါနေလို့မဖြစ်ဘူး စတဲ့စတဲ့ အကြောင်းတွေဖြစ်တယ်။ ကျွန်တော်တို့က နားလည် ခွင့်လွှတ်နိုင်တဲ့အကြောင်းတွေဖြစ်ပါတယ်။

 

ဗကပကို နိုင်ငံရေးအဆင့်နေရာ မပေးလိုသူတွေရှိနေတယ်။  ပြည်တွင်းမှာရော ပြည်ပမှာပါရှိတယ်။ အာဏာရထဲ မှာရော အာဏာမဲ့ထဲမှာပါရှိတယ်။ တချို့က တဦးချင်းအာဃာတထားသူတွေဖြစ်တယ်။ သူတို့နဲ့ပတ်သက်လို့ကတော့ နိုင်ငံရေးအဆင့်နေရာဆိုတာ သူများပေးမှရတာမဟုတ် ကိုယ့်ဘာသာလုပ်ယူရတာဖြစ်တယ်ဆိုတာကို ဗကပ  ယုံကြည် ပါတယ်။ ဒါ့ကြောင့်လည်း ပါတီထဲမှာ မူတခုချထားတယ်။ လုပ်နိုင်တာကိုပဲပြော၊ ပြောပြီးရင် ဇွဲနဲ့လုပ်ဆိုတဲ့မူ ဖြစ်တယ်။

 

ဒီမိုကရေစီတော်လှန်ရေးအတွင်းမှာ နည်းပရိယယ်လမ်းစဉ်နှစ်ရပ်တိုက်ပွဲရှိနေတယ်။ လမ်းစဉ်နှစ်ရပ်တိုက်ပွဲဟာ “ဒီပဲယင်းအရေးအခင်း”ပြီးကတည်းက ပိုပြီးထင်ရှားလာတယ်။ အရှုံးပေးရေးလမ်းစဉ်နဲ့ ပြတ်သားတဲ့တိုက်ပွဲ လမ်းစဉ် တို့ဟာ ထင်ထင်ရှားရှားကွဲထွက်လာတယ်။ အံ့ဩစရာကောင်းတာက စစ်အာဏာရှင်ရဲ့အာဏာစက်အောက်မှာ နေရသူ တွေက ပြတ်သားတဲ့လမ်းစဉ်ဘက်ကရပ်ခံသူများနေပြီး အာဏာစက်အောက်ကမဟုတ်တဲ့ပြည်ပရောက်တွေထဲမှာ အရှုံးပေးရေးလမ်းစဉ်ကအသံကျယ်နေတာပဲ။ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ’ အပေါ် ဘယ်လို သဘောထားကြမလဲဆိုတာမှာ ပြတ်ပြတ်သားသား လမ်းကွဲနေကြတာပဲ။ ဗကပ က အရှုံးပေးရေးလမ်းစဉ်ကို ပြတ်ပြတ်သားသားဆန့်ကျင်မှာပါ။ မှန်ကန်တဲ့လမ်းစဉ်ချမှတ်ပြီးရင် မှန်ကန်တဲ့ စည်းရုံးရေးလမ်းစဉ်ရှိရမှာဖြစ်ပါတယ်။

 

အခု အရေးတကြီးလိုနေတာက ကေဒါစည်းရုံးရေးဖြစ်ပါတယ်။ လူထုနဲ့အတူတိုက်ပွဲဝင်မယ့်ကေဒါ၊ အတွေးအခေါ် ကြည်လင်တဲ့ကေဒါ၊ အပျော်တမ်းမဆန်တဲ့ကေဒါစည်းရုံးရေးနဲ့ စုဆောင်းရေးဟာ သော့ချက်ဖြစ်ပါတယ်။

 

ဘာလုပ်ကြမလဲ

ရှေ့မှာ ဘာလုပ်ကြမလဲဆိုတာကိုစဉ်းစားရင် နောက်က ဘာဖြစ်ခဲ့သလဲဆိုတာကို အစချီစဉ်းစားရမှာပဲ။ ပြန်လည် ခြုံငုံ သုံးသပ်တယ်လို့ခေါ်ခေါ်၊ နိဂုံးချုပ်လုပ်တယ်လို့ပဲပြောပြော၊ နှစ် ၂၀ ခရီးမှာ ဘာဖြစ်ခဲ့သလဲ၊ ဘာတွေလိုခဲ့သလဲဆိုတာကို ပြန်လှန်သုံးသပ် သင်ခန်းစာထုတ်ရမှာပါ။ ဒီကိစ္စကို ရှေ့မှာ အတော်လေးပြောပြီးပါပြီ။

 

ကျွန်တော်တို့လုပ်နိုင်တာက နိုင်ငံရေးလက်ဦးမှုပြန်ယူဖို့ပါ။

 

နိုင်ငံရေးလက်ဦးမှု ဘယ်လိုယူမလဲ။

အာဏာပိုင်တွေဖြစ်စေချင်တာကို မဖြစ်အောင်လုပ်တာဟာ လက်ဦးမှုယူနည်းတခုပါ။ ဂမ်ဘာရီနဲ့တွေ့တော့ နအဖ ပြောရေးဆိုခွင့်ရှိသူက Road Map လမ်းပြမြေပုံအဆင့် ၄ မှာ သူတို့ကို ပြည်သူလူထုကလုပ်ပိုင်ခွင့်အာဏာ (Mandateပေးလိုက်ပြီဆိုတာကို အကြိမ်ကြိမ်ပြောတယ်။ အဓိပ္ပါယ်က ၁၉၉၀ Mandate ပျက်ပြယ်သွားပြီလို့ ပြောတာပဲ။ ကျွန်တော်တို့က လက်ဦးမှုယူချင်ရင် ၁၉၉၀ Mandate အပေါ်ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြရမှာဖြစ်တယ်။ NLD ကို ကာကွယ်ရမှာဖြစ်တယ်။

 

NLD အခြေအနေ ဘယ်လိုဖြစ်နေသလဲဆိုတာကို ဦးဝင်းတင်က ပွင့်ပွင့်လင်းလင်းပြောထားပြီးပြီ။ နအဖ ကလည်း NLD ကို ပျော့ညံ့လာအောင် ကျုံးသွင်းနေတယ်။ NLD ထဲက ပဲ့ထွက်လာတဲ့ပျော့ညံ့သူတွေကို နိုင်ငံရေးစင်ထိုးပေး နေတယ်။ ပြည်ပမီဒီယာတချို့ကလည်း ကူညီပြီး အတွေးအခေါ်စင်ထိုးပေးနေတာကို ကြားနေရတယ်။ ဒီ့အပြင် ဗကပသစ္စာဖေါက်၊ NLD သစ္စာဖေါက်တွေကလည်း ပြည်တွင်းမီဒီယာမှာ NLD ကို ပြောင်ပြောင်တင်းတင်းထိုးနှက်ပြီး အညံ့ခံရေးလမ်းမှားလိုက်အောင် သွေးဆောင်နေကြတယ်။

 

ဒီအခြေအနေမှာ မိမိတို့လုပ်ရမှာက အတွေးအခေါ်လက်ဦးမှုယူဖို့ပဲ။ အတွေးအခေါ်လက်ဦးမှု ဘယ်လိုယူမလဲ။

 

ကျွန်တော်တို့အမြင်ကတော့-

            (၁) နိုင်ငံရေးအတွေးအခေါ်ပညာပေးစာတမ်းတွေကို(လျှို့ဝှက်ပြီး) ရေးဖို့နဲ့ဖြန့်ချိဖို့ ဖြစ်တယ်။ ဒီအတွေ့အကြုံကို စစ်နဲ့တော်လှန်ရေးကာလက မိမိတို့မျိုးဆက်ဟောင်းများလုပ်ခဲ့ပြီးဖြစ်တယ်။ အသစ်တီထွင်နေစရာ မလိုပါဘူး။ အခု ITခေတ်မှာ ပိုပြီးတောင် ကျယ်ကျယ်ပြန့်ပြန့် လူထုထဲရောက်အောင်ဖြန့်ချိနိုင်ပါသေးတယ်။

            (၂) ပြည်ပရောက်တက်ကြွသူတွေက အဲ့ဒီစာတမ်းတွေကို အသံလွှင့်မီဒီယာစင်မြင့်ပေါ်ရောက်အောင် ကူညီ နိုင်တယ်။ စာအုပ်စာတမ်းအမြန်ထုတ်ဝေပြီး ပြည်တွင်းတင်သွင်း ဖြန့်ချိနိုင်တယ်။

 

အတွေးအခေါ်လက်ဦးမှုကို စည်းရုံးရေးလက်ဦးမှုအဖြစ်တိုးချဲ့နိုင်ရမယ်။  လျှို့ဝှက်စာတမ်းတွေကိုလေ့လာတဲ့ လျှို့ဝှက် အစုတွေ ဖွဲ့၊ လျှို့ဝှက်ကလပ်စည်းတွေ ဖွဲ့၊ လျှို့ဝှက်သင်တန်းတွေဖွင့်ကြဖို့ဖြစ်တယ်။ (တရားဥပဒေစိုးမိုးမှုမရှိတဲ့ ကာလမှာ ဥပဒေတွင်းလုပ်ရေးကိုချည်း စိတ်ကူးယဉ်နေလို့မဖြစ်ပါဘူး)

 

ကေဒါမွေးမြူ၊ ရေရှည်မြှုပ်နှံ၊ အခါအခွင့်ကောင်းစောင့်။ ဒီအလုပ်ဟာ တပွဲတိုးအလုပ် မဟုတ်ဘူး။ ဘယ်လို မြှုပ်နှံ မလဲဆိုတာကို စဉ်းစားရပါမယ်။ ဒီအလုပ်မှာလည်း စစ်နဲ့တော်လှန်ရေးမျိုးဆက်ဟောင်းတွေဆီက အတွေ့အကြုံ ယူရပါမယ်။ ခေတ်နဲ့အညီ တိုးချဲ့ကြရပါမယ်။ ပြည်တွင်းမှာလုပ်မရဘူး ဒါကြောင့်ပြည်ပထွက်ရတယ်ဆိုတဲ့လုပ်ရပ်ကို ရပ်သင့်ပါပြီ။ ပြည်တွင်းမှာ လုပ်စရာတွေမရှိတာမဟုတ်ဘူး။ တပ်မတော်ထဲမှာ မြှုပ်နှံတာ၊ ကြံ့ဖွံ့ထဲမှာမြှုပ်နှံတာနဲ့ အဆင့်ဆင့်အာဏာပိုင်အဖွဲ့တွေထဲမှာမြှုပ်နှံတာ လုပ်နိုင်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေထဲမှာလည်း မြှုပ်နှံ နိုင်တာပါပဲ။ ရေရှည်မြှုပ်နှံရမှာပါ။ ရေရှည်မှာကို မကြောက်သင့်ပါဘူး။ အခုပဲ ရေရှည်နေပါပြီ။ နှစ် ၂၀’ ကျော်ပြီ မဟုတ်ပါလား။ ရေတိုစဉ်းစားနည်းဟာမှားကြောင်း လက်တွေ့ကပြခဲ့ပါပြီ။ ၁၉၈၈ အုံကြွမှုကပေါ်ထွက်လာတဲ့ တက်ကြွလှုပ်ရှားသူကျောင်းသားတချို့နဲ့ ဗကပဆွေးနွေးတော့ “ဒီမိုက‌ရေစီ လက်နက်ကိုင်တိုက်ပွဲအောင်မြင်ပြီးရင် နိုင်ငံရေးလုပ်မှာမဟုတ်ဘူး၊ ကျောင်းပြန်တက်မယ်”လို့ ပြောကြပါတယ်။ ဗကပရဲ့ ရေရှည်ဆိုတဲ့စကားကို သူတို့ အတော်မနှစ်မြို့တာတွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ဆန္ဒဖြစ်မလာပါဘူး။ ရေရှည်နေပါတယ်။

 

ဗမာပြည်ဒီမိုကရေစီတော်လှန်ရေးမှာ ရေတိုစဉ်းစားနည်းနဲ့လုပ်လို့ မဖြစ်ပါဘူး။ မြို့ပေါ်မှာလည်း ရေတိုစဉ်းစားနည်းနဲ့ပဲ လုပ်ခဲ့ကြလို့ အာဏာရှိသူတိုူ့ရဲ့ လှည့်ဖျားမှု၊ ချောက်တွန်းမှုတွေကို တွေ့ရတာဖြစ်ပါတယ်။ ဗိုလ်စောမောင် ဗိုလ်ခင်ညွန့် တို့ရဲ့ တနပ်စားအကြံအစည်နဲ့ ရေတိုသမားတို့ ထိပ်တိုက်တွေ့ကြတော့ ရေတိုအမြင်သမားတွေ နဖူးကွဲဒူးပြဲဖြစ်ကုန်တာ ပါပဲ။ အဲ့ဒီလိုဖြစ်နေတုန်း ဗကပ က (သူများကိစ္စဖြစ်လို့) စောင်းပါးရိပ်ခြည်ပဲ ပြောခဲ့ထုတ်ပြန်ခဲ့ပါတယ်။ နအဖ စစ်အုပ်စုဟာ စိတ်ဓာတ်စစ်ဆင်ရေးသင်တန်းဆင်းတွေဖြစ်တယ်ဆိုတာကို မမေ့ကြဖို့ပါ။ Road Map ကို ဗိုလ်ခင်ညွန့် စတင်ပွဲထုတ်ခဲ့တာကို မမေ့သင့်ပါ။ ဗိုလ်သန်းရွှေက နံပတ်ဝမ်း’(ရာသက်ပန်နံပတ်ိဝမ်း)ပါ။ နောက်ကနေပဲ ကြိုးကိုင် နေမှာပါ။

 

People Power (PP) ပြည်သူစွမ်းအားလှုပ်ရှားမှု အချိန်ယူရမယ်။

ဗကပ က PP စည်းရုံးရေးလုပ်ဖို့ပြောတော့ လက်တွေ့မကျဘူး၊ လူထုက ခြေကုန်လက်ပမ်းကျနေပြီလို့ ပြောသံ ကြားရပါတယ်။ ခြေကုန်လက်ပမ်းကျတာဟာ လူထုမဟုတ်ပါ။ နိုင်ငံရေးသမားတွေပဲ ဖြစ်နိုင်ပါတယ်။ ပါတော်မူခေတ်လူထုက ခြေကုန်လက်ပမ်းကျတော့ ဝံသာနုခေတ်လူထုက အားကောင်းမောင်းသန်ဖြစ်လာခဲ့တယ်။ ဝံသာနုခေတ်ခြေကုန်တော့ ၁၃၀၀ ပြည့်က အားကောင်းမောင်းသန်ဖြစ်လာတယ်။ သူတို့ခြေကုန်တော့ နောက်တခေတ် လူထုက အားကောင်းမောင်းသန်ဖြစ်နေပြန်တာပဲ။ ၁၉၈၈ လူခုခြေကုန်ရင် ၂၁ ရာစုလူထုက အားကောင်းမောင်းသန် ဖြစ်မှာပါ။

သမိုင်းဆိုတာ အဟောင်းကိုအစ်နဲ့ အစားထိုးစမြဲ။ ဒါ့ကြောင့် အခါအခွင့်ကောင်းစောင့်ဖို့ ဗကပက တင်ပြတာပါ။

 

အခါအခွင့်ကောင်း ဘယ်တော့ပေါ်မလဲ။

စိတ်ဆန္ဒနဲ့မဆိုင်ပါ။ မဆလခေတ်ပဲကြည့်ပါ။ ဆန္ဒအရပြောရလျှင် ၁၉၆၂ ဇူလိုင်စိတ်ဓာတ်ဟာ နှစ်ပတ်လည်နေ့တိုင်းမှာ ပြန်ပေါ်လာမယ်လို့ ဗကပက ထင်ခဲ့တာပဲ။ ဒါပေမဲ့ မဆလက “အ‌ခြေခံဥပဒေ”နဲ့ အထိုင်ကျသွားတဲ့ ၁၉၇၄ ကျမှ “၆၂ ခု ဇူလိုင်စိတ်ဓာတ်” ပြန်လည်နိုးထလာတာပဲ။ ၇၄၊ ၇၅၊ ၇၆ မှာ ပြန်လည်နိုးထလာပေမယ့် အောင်ပွဲမရဘူး။ ၁၉၈၈ ကျမှပဲ အောင်ပွဲရတာပါ။ ၁၉၆၂ ကနေ ၁၉၈၈ အထိ ၂၆ နှစ် စောင့်ခဲ့ရတာပါ။ အခုလည်း အခါအခွင့်ကောင်းစောင့်ဖို့ စိတ်ရှည် ရပါမယ်။ ပြင်ဆင်သင့်တာတွေပြင်ဆင်ရင်း စောင့်ရမှာပါ။

 

ဘာတွေပြင်ဆင်မလဲ။ 

လူထုကိုပြင်ရမယ်။ PP စည်းရုံးရေးလုပ်ရမယ်။ ဒါကို အကျယ်ပြောပြီးသားပါ။ အခုကစပြီးလုပ်ရမှာက နိုင်ငံတော် စစ်တပ်ကို ထိုးဖေါက်စည်းရုံးရေးနဲ့ပြင်ဆင်ရပါမယ်။ နေဝင်း အရှိုက်ထိသွားတာက မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ပေါ်လာတာပါ။ စပေါ်တုန်းက ၁၅ ယောက်၊ နောက် ၈၅ ယောက်ပါလာတယ်။ အားလုံးက စစ်တပ်ထဲမှာဩဇာရှိတဲ့ အငြိမ်းစားစစ်ဗိုလ်ကြီးတွေဖြစ်တယ်။

 

အခုလုပ်ရမှာက တာဝန်ထမ်းဆောင်ဆဲ မျိုးချစ်ပြည်ချစ်ရဲဘော်များပေါ်လာဖို့ ဖြစ်တယ်။ ကမ္ဘာ့အခြေအနေ ဗမာ့အခြေအနေအရပေါ်လာနိုင်တယ်လို့တွက်ပါတယ်။ လမ်းမပေါ် လူထုရောက်နေမှ အဲ့ဒီလူထုကို နှိမ်နင်းဖို့ ထွက်လာတဲ့စစ်တပ်ကို စည်းရုံးဖို့ဆိုရင် နောက်ကျသွားပါပြီ။ မလွယ်တော့ပါဘူး။ အဲ့ဒါကြောင့် ခုလို အေးဆေးနေတဲ့ အခြေအနေကစပြီး စည်းရုံးဖို့လိုပါတယ်။ စစ်ကျောင်းတွေထဲမှာ၊ စစ်တပ်တွေထဲမှာ ကေဒါမြှုပ်နှံရပါမယ်။ တပ်မတော်ကို စစ်အုပ်စုတလက်ကိုင်ဘဝက လွတ်မြောက်အောင်လုပ်နိုင်မှ အောင်ပွဲရမှာပါ။

 

ကျောင်းတွေမှာ ဗကသ(အမြုတေ)တွေ လျှို့ဝှက်ဖွဲ့ရမယ်။ ဗြောင်လုပ်လို့မရပါဘူး။ အလုပ်ရုံစက်ရုံတွေမှာလည်း အလုပ်သမားသမဂ္ဂ(အမြုတေ)လျှို့ဝှက်ဖွဲ့ရမယ်။ စည်းရုံးရေးသဏ္ဌန်အားလုံးဟာ U/G ဖြစ်တယ်။ အမြုတေက စပြီး ဖွဲ့ရမှာပါ။

 

ရဲဘော်တို့ လူထုအုံကြွမှုက အချိန်မရွှေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်လုံးကျွတ်အထွေထွေအုံကြွမှုကြီးဖြစ်အောင်တော့ စောင့်ရလိမ့်မယ်။ ပြင်ဆင်တာမပြည့်စုံသေးရင် ပြည်လုံးကျွတ်အထွေထွေအုံကြွမှုကြီး မဖြစ်နိုင်ဘူး။

လူထုအုံကြွမှုထဲက ပေါ်ထွက်လာတဲ့ တက်ကြွတဲ့အင်အားစုတွေကို(ပြည်တွင်းမှာ)စုဆောင်းထားဖို့လည်းလိုတယ်။ ပြည်တွင်းမှာ ရေရှည်မြှုပ်နှံထားနိုင်မှ အရေးကြုံရင်ထုတ်သုံးနိုင်မှာဖြစ်တယ်။

ဒီတခါအစီရင်ခံရတာ သိတ်ပြီးအကန့်အသတ်ရှိတယ်။ U/G ကိစ္စကို လူသိရှင်ကြားပြောလို့မဖြစ်ဘူး။ ဒါပေမဲ့ မပြောပဲနေလို့လည်းမဖြစ်လို့ ပြောနိုင်တာကိုပြောလိုက်ပါတယ်။ တိုးချဲ့စဉ်းစားဖို့ပါ။

၂၀၀၈ အခြေခံဥပဒေကို (ကိုယ့်အကြောင်းနဲ့ကိုယ်) လက်မခံနိုင်တဲ့အင်အားစုတွေများပါ်တယ်။ သူတို့ကိုလည်း သင့်တော်စွာစည်းရုံးရမှာပါ။

“၂၀၁၀”မှာ ဗမာပြည်ရဲ့နိုင်ငံရေးအခင်းအကျင်းဟာ အသစ်ဖြစ်လာမှာသေချာတယ်။ “ကမ္ဘာ့စီးပွားပျက်ကပ်”နဲ့လည်း တိုက်ဆိုင်နေတယ်။ မမျှော်လင့်တာတွေအများကြီးဖြစ်နိုင်တယ်။ ဒါကြောင့် ဗဟိုနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့။

၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက်။

၂၀၀၉ မတ်လ ၁ ရက်

 

0 comments:

Post a Comment