ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျှင် ပြဿနာ(၂)ခုကိုရှင်းရမယ်။ ဗကပရဲ့အမြင် ဇန်နဝါရီ ၂၂။ ၂၀၁၃။
ရှင်းရမယ့်ပြဿနာ(၂)ခု။
ဒီမိုကရေစီပြဿနာနဲ့ ပြည်ထောင်စုစနစ်ပြဿနာကို ပါဝင်ပတ်သက်သူတွေအားလုံး သဘောတူသည်အထိ ဆွေးနွေး ညှိုနှိုင်းကြရမှာဖြစ်ပါတယ်။
ပြဿနာ(၂)ခု အခြေခံချင်းမတူ။
ဒီမိုကရေစီပြဿနာက အာဏာရနဲ့အုပ်စိုးခံတွေရဲ့ပဋိပက္ခကို အခြေခံတယ်။ လွယ်လွယ်ပြောရရင် အစိုးရနဲ့ အတိုက်အခံတို့ရဲ့ပဋိပက္ခဖြစ်တယ်။ အစိုးရရော အတိုက်အခံအပါ အများအားဖြင့် ဗမာတွေချည်းဖြစ်လေ့ရှိတယ်။ ဒါ့ကြောင့် သူတို့က ဒီမိုကရေစီကိုအခြေခံပြီးပြောကြမယ်။ တိုက်စရာရှိ တိုက်ကြမယ်။ စေ့စပ်စရာရှိ စေ့စပ်ကြမယ်။
ပြည်ထောင်စုပြဿနာကျတော့ တမျိုးဖြစ်တယ်။ လူများစုအမျိုးသားများသာမက လူနည်းစုအမျိုးသားများပါ ပတ်သက်နေတဲ့ လူမျိုးရေးပြဿနာဖြစ်တယ်။ ဒီမိုကရေစီရေးနဲ့ချည်း ဖြေရှင်းလို့မရနိုင်ဘူး။ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို အဓိကထားရမယ်။ လူမျိုးရေးအခြေခံပြီး တိုက်ကြ။ စေ့စပ်နေကြတာဖြစ်တယ်။
သမိုင်းဖြစ်ပေါ်ပုံချင်းမတူတာကိုသတိပြု။
ဒီမိုကရေစီပြဿနာက လွတ်လပ်ရေးရပြီးမှပေါ်တဲ့ပြဿနာဖြစ်တယ်။ သက်တမ်း(၆၅)နှစ်ပဲရှိသေးတယ်။ ဒါ့ကြောင့် မရှုပ်ထွေးဘူး။ စာနဲ့ပေနဲ့ အထောက်အထားတွေကလည်း ခိုင်မာတယ်။
လူမျိုးရေးပြဿနာကျတော့ သမိုင်းရှည်တယ်။ ပဒေသရာဇ်ခေတ်ကစပြီး ပြောရမယ်။ ခိုင်မာတဲ့အထောက်အထား ကလည်း မရှိသလောက်ပဲ။ ရှိတာကလည်း ဆန္ဒစွဲနဲ့ တဖက်စောင်းနင်းဖြစ်တတ်တယ်။ တုတ်ထမ်းဓားထမ်းငြင်းခဲ့ရတာ ကနေ သေနတ်နဲ့စကားပြောနေရတာဖြစ်တယ်။
တန်းတူရေးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြမလဲ။ ဗမာကတပြည်၊ ကရင်ကတပြည် တန်းတူရေးလား။ (KNDO) ရဲ့ ‘ဗမာတကျပ် ကရင်တကျပ်’) SSIA, KIA တို့ရဲ့ ခွဲထွက်ပြီး သီးခြားတိုင်းပြည်ထူထောင်ချင်တာလည်း တန်းတူရေးပဲ ဖြစ်တယ်။
ဗမာ ‘တပြည်ထောင်စုစနစ်’ သမားတွေက အဲ့ဒီလိုတောင်းဆိုချက်ကို လက်ညှိုးထိုးပြပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ကြတာဖြစ်တယ်။ သူတို့က တန်းတူရေးကို ငြင်းပယ်တယ်။ ဗိုလ်နေဝင်း အာဏာသိမ်းတုန်းက အဲ့ဒီ ‘ခွဲထွက်ရေး’ကိုအကြောင်းပြပြီးသိမ်းတာပဲ။ အခု စစ်အုပ်စုကြွေးကြော်နေတဲ့ တို့တာဝန်အရေးသုံးပါးထဲက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာဟာ တပြည်ထောင်စနစ်အတွေးအခေါ်က ဆင်းသက်လာတာဖြစ်တယ်။
‘တန်းတူရေး’ကို ဘယ်လိုဘယ်ပုံ ‘အဓိပ္ပာယ်ဖွင့်မလဲ’ဆိုတာက အဓိကညှိုနှိုင်းရပါမယ်။ ဖြေရှင်းရပါမယ်။ အလွန် လက်ဝင်မယ့်ကိစ္စပါ။ အစည်းအဝေးတခုတည်း တထိုင်တည်းဖြေရှင်းလို့ မဖြစ်နိုင်ပါဘူး။ ‘ဒုတိယပင်လုံ’ဆိုပြီး အားလုံးကစုကာ တထိုင်တည်းရှင်းကြရင် ပြဿနာသစ်တွေပဲတိုးလာမှာပါ။ တုတ်ထမ်း ဓားထမ်း သေနတ်ထမ်း ငြင်းကြရမယ့်အဖြစ် ကျဆင်းသွားမှာပါပဲ။ အဲ့ဒီလိုဖြစ်ရင် တိုင်းပြည် ဂျောက်(ချောက်)ထဲမကျအောင် စစ်တပ်က ဝင် ‘ကယ်’တယ်လုပ်ဦးမှာပါ။
တနပ်စားဖြေရှင်းရင် ရလာဒ်မကောင်းဘူး။
နဝတ/နအဖ က ‘ဗကပ ခွဲထွက်တွေ’နဲ့ တနပ်စားဖြေရှင်းခဲ့တယ်။ ဗကပနဲ့ အပြတ်လမ်းခွဲရင်ပြီးရောဆိုပြီး လုပ်ခဲ့တယ်။ အပစ်အခတ်ရပ်စဲထားမယ်။ ပိုနေမြဲကျားနေမြဲနေကြ။ ကိုယ့်နယ်နဲ့ ကိုယ့်တပ်နဲ့နေ၊ စီးပွားရေး ကြိုက်သလိုလုပ်ဆိုပြီး လုပ်တော့ ခေါင်းဆောင်တွေ ကုဋေကြွယ်သူဌေးဖြစ်ကြတယ်။ တရုတ်သူဌေးတွေဝင်လာတယ်။ အင်္ဂလိပ်နယ်မြေသစ် တိုးချဲ့သူတွေလို လုပ်ကြတယ်။
တနပ်စားပေါ်လစီရဲ့ဒုက္ခ။
စစ်ရပ်စဲရေးအရင်လုပ်၊ နောက်မှ နိုင်ငံရေးဆွေးနွေးဆိုတဲ့တနပ်စားပေါ်လစီက အခု ဒုက္ခပေါ်နေတာပါ။ BGF စီမံကိန်းကို နအဖကလုပ်တာဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ပုဒ်မ (၃၃၈)နဲ့ (၃၃၉)ကို အကော င်အထည်ဖော်တာပဲ။ ဒါပေမဲ့ အားလုံးလောက်က လက်မခံကြဘူး။ အတိုက်အခိုက်ပြန်ဖြစ်မယ့်အခြေဆိုက်လို့ ဗိုလ်သန်းရွှေနောက်ဆုတ်တာပါ။
အဲ့ဒီလိုနဲ့ နိုင်ငံရေးဆွေးနွေးဖို့တာဝန်က ဗိုလ်(ဦး)သိန်းစိန်ခေါင်းပေါ်ရောက်လာတယ်။ ကာ/လုံရဲ့တာဝန်ဖြစ်လာတယ်။
ဒါကြောင့်ပဲ သမ္မတအဖွဲ့သားတွေက ‘သံလွင်ခက်’ကိုင်ပြီး လူမျိုးစုလက်နက်ကိုင်တွေကို ချဉ်းကပ်တယ်။ ကရင်သင်တိုင်း ဝတ်သင့်ရင်ဝတ်တယ်။ ကာချုပ်ကိုယ်တိုင် KNU ခေါင်းဆောင်ကို ဖက်လှဲတကင်းလုပ်တယ်။ ကရင်အဖွဲ့တွေကလည်း ပဲ့ထွက်ပြီးရင်းပဲ့ထွက်နေတယ်။ နိုင်ငံရေးပြဿနာဖြေရှင်းတာထက် စီးပွားရေး အကွက်အကွင်းဝေမျှတာပဲလုပ်တယ်။
တချိန်တည်းမှာ KIA ကို ဘက်စုံထိုးစစ် ဆင်တယ်။ သမ္မတရဲ့အမိန့်ကိုအာခံပြီး ကာချုပ်ကလုပ်တာ မဟုတ်ပါဘူး။ တာဝန်ခွဲပြီး လူမျိုးစုလက်နက်ကိုင်တွေကို နှိမ်နင်းနေတာပါ။
ဒီလိုလုပ်နည်းကလည်း အသစ်အဆန်းမဟုတ်ဘူး။ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လုပ်ခဲ့တဲ့နည်းပဲ။ ‘ဦးတည်ရန်သူကို စုစည်းပြီးထိုးနှက်-တခြားသာမန်ရန်သူကိုဆွဲထား’ဆိုတဲ့လုပ်နည်းပါ။
‘သံလွင်ခက်’ကို ကိုင်ထားသူတွေက ကာလုံ ‘၁၁ ဦးကောင်စီ’မှာ မပါတာကိုသတိပြုပါ။ တခါတရံမှာ
ကာလုံကောင်စီဝင် တချို့က ကာချုပ်ရဲ့ခွင့်ပြုချက်နဲ့ပါလာလေ့ရှိပေမယ့် သူတို့နဲ့ဆိုင်တာကိုပဲပြောလေ့ရှိပါတယ်။ သံလွင်ခက်ကို သမ္မတအဖွဲ့ကဝန်ကြီးကပဲ စကားတွေအများကြီးပြောလေ့ရှိတယ်။ ‘တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်ရပါတယ်ဘုရာ့’ဆိုတာမျိုး ပြောတတ်တယ်။ ‘ဦးပိုင်’ကို ပိုကြောက်ရပါတယ်လို့တော့ မပြောပါဘူး။
‘မြစ်ဆုံကိစ္စ’မှာ ဦးပိုင်ရဲ့အကျိုးစီးပွားမပါဘူး။ ဒါပေမဲ့ လက်ပန်းတောင်းကိစ္စမှာကျတော့ အဓိကအခန်းကပါတယ်။ ဒါကြောင့် အကြမ်းပတမ်းဖြေရှင်းတယ်။
စစ်အေးခေတ်နဲ့ စစ်အေးလွန်ခေတ် တရုတ်ရဲ့ ဗမာပြည်ပေါ်လစီမတူဘူး။ တရုတ်က စစ်အေးလွန်ခေတ်မှာ သူ့နယ်စပ်မှာ ငြိမ်းချမ်းတည်ငြိမ်စေချင်တာ ဖျပ်ဖျပ်လူး။ KIA နဲ့တိုက်နေတာကို ပြီးပြတ်စေချင်တယ်။ တဘက်ကလည်း ဗြောင်ဝင်ပြီး စွက်ဖက်လို့မဖြစ်ဘူး။ ကုလသမဂ္ဂတွင်း/ချုပ်တို့၊ အမေရိကန်နိုင်ငံခြားရေးဌာနတို့ ဝင်ပြောနေတာကို ကျေနပ်နေတာပဲ။ ဓာတ်ငွေ့ပိုက်လိုင်းက လည်ပတ်တော့မှာ။ ငြိမ်းချမ်းတည်ငြိမ်တဲ့ပတ်ဝန်းကျင် သူ့နယ်စပ်မှာဖြစ်စေချင်တယ်။
တရုတ်-ဗမာနယ်စပ်ကလူမျိုးစုတွေက ‘လူမျိုးက တမျိုး၊ တိုင်းပြည်က ၂ ပြည်’ဖြစ်နေတာပဲ။ ဟိုဘက်ကမီးပွား ဒီဘက်ပြန့်လာမှာကိုစိုးရိမ်မပေါ့။
ဗကပရဲ့ တခါက ရဲဘော်မိတ်ဆွေတွေလှုပ်ရှားလာတယ်။
သူတို့က လူ ‘အ’တွေမဟုတ်ဘူး။KIA ကို နမူနာပြလုပ်နေတာကို ရိပ်မိတယ်။ အပစ်အခတ်ရပ်စဲထားပြီး နိုင်ငံရေးစကားမပြောပဲနေတဲ့ပေါ်လစီ၊ ၂၀၀၈ အခြေခံဥပဒေအောက်ဆွဲသွင်းနေတဲ့ပေါ်လစီ၊ ‘လွှတ်တော်’ထဲကျမှ နိုင်ငံရေးစကားပြောကြဆိုတဲ့လုပ်နည်းက ဘာသဘောလဲဆိုတာကိုသိကြတယ်။ ဒါကြောင့် လှုပ်ရှားလာတာပဲ။
စစ်မှန်တဲ့ တန်းတူသွေးစည်းတဲ့ပြည်ထောင်စုဖြစ်ဖို့။
တပြည်ထောင်အနှစ်သာရကို ပြည်ထောင်စုဆိုင်းဘုတ်ချိတ်ပြီး လှည့်စားထားတာကိုဖွင့်ချရလိမ့်မယ်။ ၁၉၄၇ လိုတောင် မလိမ့်တပတ်လုပ်မထားတဲ့အခြေခံဥပဒေ ၂ ခု (၁၉၇၄ နဲ့ ၂၀၀၈)ကို အားလုံးကထိုးထွင်းပြီးမြင်အောင် ဗမာအတိုက်အခံ တွေက ရှင်းပြရမယ့်တာဝန်ရှိတယ်။ နှာစေးနေလို့မဖြစ်ဘူး။
0 comments:
Post a Comment