အညွန့်ချိုးမခံရဖို့အရေးကြီးတယ်(လေးမြတ်သွင်)
(၁)
လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က တောခိုလာတဲ့ကျောင်းသားတယောက်ဆီက(တက္ကသိုလ်ဆရာတဦးက “လေထီး ဗိုလ်အုန်းမောင်လည်း သေမှာကြောက်တာပဲ”လို့ စာသင်ခန်းမှာပြောတယ်)လို့ ကြားဖူးတယ်။ “သက်ရှိသတ္တဝါတိုင်း သေမှာကြောက်တာချည်းပေါ့။ အရေးကြုံရင် အသက်စွန့်ပြီးတိုက်ကြရတာပဲ”လို့ ပြန်ပြောခဲ့တယ်။
(၂)
အခုတော့ ဒီကိစ္စကို လေးလေးနက်နက်စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ “လူတွေက ကြောက်နေကြပြီ၊ စစ်အစိုးရကို အန်မတုလေနဲ့” ဆိုတဲ့အသံတွေ ညံနေအောင်ကြားရလို့ပဲ။ ဒီအတွေးအခေါ်ဟာ “စစ်ကျွန်ဘဝမှာပဲ နေကြပေတော့” “သူတို့ပြုသမျှ နုကြပေတော့”လို့ ပြောနေတာပဲ။ ဒါဟာ လူညွန့်တုံးအောင် အညွန့်ချိုးတဲ့ အတွေးအခေါ်ပဲ။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတာပဲ။
(၃)
ကျွန်တော်တို့ လူဖြစ်စက အင်္ဂလိပ်ရဲ့ကျွန်ဖြစ်တာ နှစ်ပေါင်း(၃၀)ကျော်ပဲရှိသေးတယ်။ အင်္ဂလိပ်ကိုကြောက်တဲ့စိတ်က မွေးကတည်းကပါလာသလိုပဲ။ ငွေတိုက်စောင့်ဖို့ ကုလားစစ်သား ၃-၄ ယောက်ချီတက်လာရင် ပေတရာလမ်းပေါ်မှာ ဂွေလှိမ့်-ထွေပစ်ကစားနေတဲ့ ကလေးတွေအားလုံး “စစ်ဗာရီ” (Sepoy) ကိုဗမာမှုပြုထားတာ)တွေလာပြီလို့အော်ပြီး အိမ်ထဲပြေးဝင်ကြရတဲ့ခေတ်ပဲ။ တနေ့မှာ သူတို့က ၂ ခါ ချီတက်လာနေကြဆိုတော့ နေ့တိုင်း ၂ ခါဆက်ပြေးရတာပေါ့။
မိဘတွေကလည်း ကလေးအငိုတိတ်အောင် စစ်ဗာရီနဲ့ပဲခြောက်တယ်။ ဒေဝေါကြီးနဲ့ မခြောက်ပါဘူး။ လူမျိုးတမျိုးလုံး ကြောက်နေတဲ့အချိန်ပါ။ အချုပ်တန်းဆရာဖေရဲ့တေးထပ်ထဲကလို “ပြောရော့ဟဲ့ရာဇဝင်ပြောင်အောင်၊ စာသင်တောင် ဦးချလို့ ပလူးရ၊ ပြေးကျို့အခါခါ ခွေးသို့ပမာ၊ တွေးမိတိုင်းအရိုးနာသည်....”ဆိုတဲ့အဖြစ်မျိုးပါပဲ
ကြောက်အောင်လည်း အင်္ဂလိပ်ကလုပ်ထားတာကိုး။ ကြောက်ပေမပေါ့။ ဒါပေမယ့် အညွန့်မကျိုးခဲ့ပါဘူး။ ဒါကြောင့်လည်း အင်္ဂလိပ်ကို အန်တုဖို့လုပ်ခဲ့ကြတာပဲ။
ကျွန်တော်တို့ ဆယ်ကျော်သက်ဖြစ်လာတော့ စပြီးအန်တုပြီ။ ၁၉၃၆-၁၉၃၈(၁၃၀၀ ပြည့်အရေးတော်ပုံ)နဲ့ အန်တုခဲ့တယ်။ နောက်တော့ လက်နက်နဲ့ အန်တုခဲ့တယ်။
ဂျပန်ခေတ်ကျတော့လည်း ဒီလိုပါပဲ။ ဂျပန်ရောက်ခါစက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတာပဲ။ သူက အင်္ဂလိပ် ထက်တောင် ကြမ်းပါတယ်။ အင်္ဂလိပ်က လူတကာကို ပါးရိုက်နားရိုက်မလုပ်ဘူး။ ဒါပေမဲ့ ကျွန်စိတ်ပေါ်အောင်တော့ “သခင်”အခေါ်ခံတယ်။ ဂျပန်ကိုလည်း “မာစတာ”ခေါ်ရတာပဲ ဘာထူးလဲ။ သူက သိတ်ကြမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အညွန့်မကျိုးခဲ့ပါဘူး။ ပြန်ပြီး တော်လှန်ခဲ့တာပဲ။
(၄)ပဲရစ်တော်လှန်ရေးဆုံးရှုံးတော့ မာ့က်စ်က တော်လှန်ရေးသမားတွေကို ‘ရှုံးတာတော့ ရှုံးပြီ၊ ဒါပေမဲ့ အညွန့်ချိုးတာ မခံကြနဲ့’ဆိုတဲ့သဘော အကြံပေးစာရေးဖူးတယ်။ အညွန့်ချိုးခံရရင် ယာယီအရှုံးက ထာဝရအရှုံးဖြစ်သွားမှာစိုးလို့ သတိပေးတာပါ။
(၅)
နေဝင်းရဲ့ နောက်ဆုံးမိန့်ခွန်းက “စစ်တပ်ကသေအောင်ပဲပစ်မှာ၊ မသက်သာဘူးမှတ်’လို့ပြောခဲ့တယ်။ နဝတက သွေးချောင်းစီးလူသတ်ပွဲလုပ်တယ်။ နောက်လည်း သံဃာအထိသတ်တယ်။ အခုတော့ လူကိုထောင်ထဲထည့်ပြီး ထောင်နှစ်ရှည်ချပြီး သတ်နေတယ်။ ဒီနည်းက လူတယောက်ကို ရေရှည်စွဲပြီးသတ်ရုံမကဘူး တဆွေလုံးတမျိုးလုံးကိုပါ ဒုက္ခပေးတဲ့နည်းပဲ။
(၆)
ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အညွန့်ချိုးတော့ မခံမိပါစေနဲ့။ တနေ့မှာ ပြန်လှန်နိုင်မှာပါ။
(၂၀၁၀ နိုဝင်ဘာထုတ် အရေးတော်ပုံဂျာနယ် အတွဲ ၂၊ အမှတ် ၁ မှ)
0 comments:
Post a Comment