Monday, November 15, 2021

စစ်အုပ်စု နံပတ်ဝမ်း ရှောင်တဲ့အလုပ်(ထွန်းသော်)

0 comments

စစ်အုပ်စု နံပတ်ဝမ်း ရှောင်တဲ့အလုပ်(ထွန်းသော်)

(၁) နံပတ်ဝမ်းရှောင်တဲ့အလုပ်က သတင်းစာရှင်းလင်းပွဲ”ပဲ။ ဗိုလ်နေဝင်း မလုပ်ခဲ့သလို ဗိုလ်စောမောင် ဗိုလ်သန်းရွှေတို့လည်း မလုပ်ဘူး။(ဗိုလ်သန်းရွှေကတော့ ရှေ့ကလူတွေလိုတောင် တောင်စဉ်ရေမရမိန့်ခွန်းရှည် မပေးဘူး)

 

(၂) ၁၉၆၂ အာဏာသိမ်းပြီးစက ဗိုလ်အောင်ကြီးက သူ့အကြံနဲ့သူ ဗိုလ်နေဝင်း “သတင်းစာရှင်းလင်းပွဲ”လုပ်ဖို့ သတင်းစာဆရာတွေကိုဖိတ်တယ်။ ဗိုလ်နေဝင်းက မတတ်သာလို့ အဲ့ဒီအစည်းအဝေးလာတယ်။ သတင်းစာဆရာတွေရဲ့ရှေ့မှာ သူ့လူတွေကို ဘာ့ကြောင့်ဆတ်ဆော့ပြီး “သတင်းစာရှင်းလင်းပွဲ”လုပ်ရတာလဲလို့ ကြိမ်းမောင်းတယ်။ နောက်တော့ ဆောင့်ကြီးအောင့်ကြီးနဲ့ စင်မြင့်ပေါ်ကသူ့နေရာမှာထိုင်တယ်။ “ခင်ဗျားတို့ ဘာမေးချင်တာလဲ”လို့ ဘုစကားပြောတော့ ဦးအုန်းခင်(ဗမာ့ခေတ်)က “ဗိုလ်နေဝင်း ခင်ဗျားတို့ဖိတ်လို့လာတာ၊ ခင်ဗျားပြောစရာရှိရင်ပြော၊ မပြောဘူးဆိုပြန်မယ်၊ အလုပ်ပျက်မခံနိုင်ဘူး”လို့ ပြန်ပြီး ဘုတောတယ်။ အဲ့ဒီတော့ နေဝင်းက မိနစ်အချို့ကြာအောင်ထိုင်နေပြီး ပြန်ထွက်သွားတယ်။

 

စစ်အုပ်စု နံပတ်ဝမ်းတိုင်း သတင်းစာရှင်းလင်းပွဲကိုရှောင်ကြပါတယ်။ တီကို ဆားနဲ့တို့သလိုဖြစ်မှာ သိပ်ကြောက် ပါတယ်။

 

(၃) ဗိုလ်ခင်ညွန့်တို့ မိုးကောင်းတုန်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဆိုတာကလည်း ရှေ့လုပ်ငန်းတင်ပြတဲ့ရှင်းလင်းပွဲ မဟုတ်၊ သူတို့ရဲ့ဦးတည်ရန်သူကို ထိုးနှက်အပုပ်ချဖို့လောက်ပဲ လုပ်တာဖြစ်တယ်။ ဗိုလ်သန်းရွှေ နံပတ်ဝမ်းဖြစ်တော့ အဲ့ဒီအလုပ်ကိုရဲ(ပုလိပ်)ဗိုလ်မှူးချုပ်ခင်ရီလောက်ကိုပဲ လုပ်စေတယ်။ တွင်း(၁)က မလုပ်တော့ဘူး။

 

(၄) သတင်းစာရှင်းလင်းပွဲလုပ်ရင် နိုင်ငံခြားသတင်းထောက်တွေပါဖိတ်ရတယ်။ ပြည်တွင်းသတင်းစာဆရာကို မီးသေပေမယ့် သူတို့ကိုတော့ မီးမသေဘူး။ မဖြေချင်တဲ့မေးခွန်းမေးလာရင် တောက်တဲ့ခွေးနင်းဖြစ်မှာကြောက်တယ်။

 

နောက်တကြောင်းက သူတို့က စစ်ရေးအမြင်သိပ်ရှိတယ်။ ရှေ့မှာ ဘာလုပ်မယ်ဆိုတာ ဘယ်တော့မှကြိုပြီးမပြောဘူး။ အလစ်အငိုက်ဖမ်းပြီးလုပ်တာပဲ။ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို ဗြုန်းစားကြီးကြေညာတာ၊ အမတ်လောင်းစာရင်း သွင်းခိုင်းတာကို ခတ်သုတ်သုတ်ပဲလုပ်ခဲ့တာကိုကြည့်ရင် ရှင်းပါတယ်။ နောင်မှာလည်း ဒီလိုပဲ လုပ်နေကြမှာပါ။

 

(၅) တချို့က လွှတ်တော်ထဲမှာ မေးခွန်းထမေးလို့ရမယ်”လို့ ထင်ကြတယ်။ မရပါဘူး။ ၂၅ နှုန်းသော စစ်ဗိုလ် အမတ်တွေက ငိုက်နေဖို့လွှတ်တော်တက်တာမဟုတ်ဘူး။ ခတ်ကြမ်းကြမ်းအမတ်စစ်ဗိုလ်နဲ့ပဲ စကားနိုင်လုရတာ ဖြစ်မှာပဲ။

 

လွှတ်တော်ရဲ့ နာယကလုပ်သူရဲ့ “တော်-တန်-တိတ်”လုပ်တာပဲခံရမှာပဲ။

 

သမ္မ ဒုသမ္မတဆိုတာက လွှတ်တော်တက်မှာမဟုတ်ပါဘူး။

 

စစ်အုပ်စုဆိုတာက မပိုင်ရင် ဘာမှမလုပ်ပါဘူး။ ပုဒ်မ(၆၃)မှာ အတိအလင်းရေးထားပါတယ်။ သမ္မတ ဒုသမ္မတ လွှတ်တော်အမတ်ဖြစ်နေရင်တောင် လွှတ်တော်ကနုတ်ထွက်ပြီးဖြစ်ရမတဲ့။

(၂၀၁၀ ဒီဇင်ဘာ ၂၀ ရက်ထုတ် အရေးတော်ပုံဂျာနယ် အတွဲ(၁)၊ အမှတ်(၂)မှ)

0 comments:

Post a Comment