Sunday, November 14, 2021

စစ်၏ရည်ရွယ်ချက်မှာ စစ်ကိုသုတ်သင်ရန်ဖြစ်သည်။

0 comments

စစ်၏ရည်ရွယ်ချက်မှာ စစ်ကိုသုတ်သင်ရန်ဖြစ်သည်။ လူသားအချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်နေသော စစ်ဟူသည့်မကောင်းဆိုးဝါးကောင်ကြီးကို လူ့အဖွဲ့အစည်းတိုးတက်ဖြစ်ထွန်းလာမှုက နောက်ဆုံးတနေ့တွင် သုတ်သင် ပစ်မည်မှာသေချာသည်။ မဝေးလှသော အနာဂတ်မှာပင် သုတ်သင်ပစ်မည်မှာ သေချာသည်။ သို့ရာတွင် စစ်ကို သုတ်သင်ပစ်သောနည်းလမ်းမှာ တခုတည်းသာရှိ၏။ ၎င်းမှာ စစ်ကိုစစ်ဖြင့်ဆန့်ကျင်ခြင်း၊ တန်ပြန်တော်လှန်ရေးစစ်ကို တော်လှန်ရေးစစ်ဖြင့်ဆန့်ကျင်ချင်း၊ အမျိုးသားတန်ပြန်တော်လှန်ရေးစစ်ကို အမျိုးသားတော်လှန်ရေးစစ်ဖြင့် ဆန့်ကျင်ခြင်း၊ လူတန်းစားတန်ပြန်တော်လှန်ရေးစစ်ကို လူတန်းစားတော်လှန်ရေးစစ်ဖြင့် ဆန့်ကျင်ခြင်းတို့ပင်ဖြစ်၏။ သမိုင်းတွင်ဖြစ်ပွားခဲ့သမျှစစ်များမှာ တရားသောစစ်နှင့် မတရားသောစစ်ဟု၍  နှစ်မျိုးနှစ်စားသာရှိ၏။ ကျနော်တို့သည် တရားသောစစ်ကိုထောက်ခံပြီး မတရားသောစစ်ကို ဆန့်ကျင်၏။ တန်ပြန်တော်လှန်ရေးစစ်မှန်သမျှမှာ မတရားသော စစ်များဖြစ်၍ တော်လှန်ရေးစစ်မှန်သမျှမှာ တရားသောစစ်များဖြစ်သည်။ လူသားများစစ်ဖြစ်နေကြသည့် ခေတ်ကာလကို ကျနော်တို့ကိုယ်တိုင် အဆုံးသတ်ပစ်ရလိမ့်မည်။ ကျနော်တို့ဆင်နွှဲနေသောစစ်သည် နောက်ဆုံးပိတ် စစ်ပွဲ၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း အလျှင်းပင် ယုံမှားဖွယ်မရှိပေ။ သို့သော် ကျနော်တို့ရင်ဆိုင်နေရသောစစ်သည် အကြီးကျယ်ဆုံးနှင့်အရက်စက်ဆုံးစစ်၏ အစိတ်အပိုင်းတခုဖြစ်သည်မှာလည်း နည်းနည်းမျှ ယုံမှားဖွယ်မရှိပေ။ အကြီးကျယ်ဆုံးနှင့်အရက်စက်ဆုံး မတရားသည့်တန်ပြန်တော်လှန်ရေးစစ်ကို ကျနော်တို့ရင်ဆိုင်နေရပြီမို့ ကျနော်တို့က တရားသောစစ်အလံကို လွှင့်ထူမထားလျှင်၊ လူအများစုမှာ သေကြေပျက်စီးကြရပေတော့မည်။ လူသားတို့၏ တရားသောစစ်အလံသည် လူသားတို့ကိုကယ်တင်မည့်အလံ ဖြစ်သည်။ တရုပ်ပြည်၏ တရားသောစစ်အလံသည် တရုပ်ပြည်ကိုကယ်တင်မည့်အလံဖြစ်သည်။ လူသားအများစုနှင့် တရုပ်အမျိုးသားအများစုတို့ ဆင်နွှဲနေကြသော စစ်သည် တရားသောစစ်ဖြစ်ကြောင်း၊ လူသားတို့နှင့် တရုပ်ိပြည်ကိုကယ်တင်မည့် အမြင့်မြတ်ဆုံးနှင့် ဂုဏ်ရောင်ပြောင်သည့်အရေးတော်ပုံဖြစ်ကြောင်း၊ ကမ္ဘာ့သမိုင်းကို ခေတ်သစ်ဆီသို့ပို့ဆောင်မည့် ပေါင်းကူး တံတားကြီးလည်းဖြစ်ကြောင်းတို့ကို စိုးစဉ်းမျှယုံမှားဖွယ်မရှိပေ။ လူ့လောကကြီးသည် လူတန်းစားနိုင်ငံတော်ကို သုတ်သင်ပစ်လိုက်သောခေတ်သို့ တိုးတက်သွားသောအခါတွင် မည်သည့်စစ်မျိုးမှ ရှိတော့မည်မဟုတ်။ တန်ပြန်တော်လှန်ရေးစစ်လည်း ရှိတော့မည်မဟုတ်။ တော်လှန်ရေးစစ်လည်းရှိတော့မည်မဟုတ်။ မတရားသောစစ်လည်းရှိတော့မည်မဟုတ်။ တရားသောစစ်လည်းရှိတော့မည်မဟုတ်။ ထိုသို့သောခေတ်သည် လူသားတို့၏ ထာဝရငြိမ်းချမ်းသောခေတ် ဖြစ်ပေသည်။ တော်လှန်ရေးစစ်၏ဖြစ်ရိုးဖြစ်စဉ်တရားများကို ကျနော်တို့ စူးစမ်းလေ့လာနေခြင်းမှာ ရှိရှိသမျှစစ်များကို သုတ်သင်ဖယ်ရှားပစ်လိုသောဆန္ဒကြောင့်ဖြစ်၏။ ဤသည်ပင်လျှင် ကျနော်တို့ကွန်မြူနစ်များနှင့် သွေးစုပ်သူလူတန်းစားအားလုံးကို ခွဲခြားထားသောစည်းကြောင်းဖြစ်၏။ (မော်စီတုန်းလက်ရွေးစင်ကျမ်း အတွဲ ၁၊ ဒုတိယအုပ်၊ တရုပ်ပြည်တော်လှန်ရေးစစ်ပွဲ၏ သေနင်္ဂဗျူဟာပြဿနာများ အခန်းမှ)

0 comments:

Post a Comment