Tuesday, December 16, 2014

၁၉၃၈ ဒီဇင်ဘာ အရေးတော်ပုံ (အောင်မြင့်ဦး-ဆီက)

0 comments
၁၉၃၈ ဒီဇင်ဘာ အရေးတော်ပုံ
...တက္ကသိုလ်ကျောင်းသားဘဝတွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်များ လက်တွဲပါဝင်သော ၁၃၀၀ပြည့်အရေးတော်ပုံခေါ် ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးနှင့် တွေ့ကြုံရသည်။ လွတ်လပ်ရေးတိုက်ပွဲတွင် အင်အားအရှိန်အဟုန်မြင့်မားသောလူထုလှုပ်ရှားမှုကြီး ဖြစ်ပေသည်။

ထို့နောက် ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးကြေငြာပြီးနောက် ဒီမိုကရေစီတော်လှန်ရေး...
သမိုင်းဝင်ကြီးကျယ်သောအဖြစ်အပျက်ကြီးများ (ဝါ) အရေးတော်ပုံများသည် စာပေ၊အနုပညာတို့၏ ရေးဖွဲ့စရာအကြောင်းအရာနှင့် ပုံသဏာန်တို့ကိုပါ ရိုက်ခတ်သည်။

သမိုင်းပြောင်းလဲခြင်းတို့သည် စာပေအနုပညာပြောင်းလဲခြင်းတို့ကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ခေတ်ပြိုင်အဖြစ်အပျက် သမိုင်းဝင်လှုပ်ရှားမှုများကို သရုပ်ဖော်သောအနုပညာသည် နိုးကြားလာတတ်ပေသည်။ ခေတ်ပြိုင်ဗေဒ။

၁၃၀၀ပြည့်အရေးတော်ပုံပြီးသောအခါ ယင်း၏ပဲ့တင်သံသည် ကျွန်တော်တို့ရင်ထဲ၌ သိမ့်သိမ့်တုန်ကျန်ရစ်ခဲ့ပါသည်။ သပိတ်စခန်း၌ လယ်သမား၊ အလုပ်သမားများနှင့် ပြည်သူတို့က ကြည်ဖြူစွာလှူဒါန်းသောထမင်းထုပ်အတူစားခဲ့ရသော အတွေ့အကြုံမှရရှိသည့်ခံစားမှုဖြင့် "လောကအမွန်" သံချိုကဗျာကို ရေးဖွဲ့မိသည်။ (အိုးဝေ-၁၉၃၉)

၁၃၀၀ပြည့်အရေးတော်ပုံမြင်ကွင်းများမှာ စွဲလန်း စွန်းထင်းကျန်ရစ်လျက်ရှိသည်။
သို့နှင့် "ဒီဇင်ဘာ အရေးတော်ပုံ" အမည်ဖြင့် ကဗျာဖွဲ့သီမိသည်။ ဒီဇင်ဘာလရောက်လာလျှင် ရင်ထဲကလှုပ်ရှားလာကာ ရေးလိုက်ခြင်းဖြစ်သည်။ ရေးသူအမည်ပင် မဖော်ပြမိ။ ၁၉၄၉။

၁၉၃၈ ဒီဇင်ဘာ အရေးတော်ပုံ

တသွေ့သွေ့လျှင်
ဟောင်းမြေ့ရွက်ရော်၊ လွင့်ကြွေသော်လျှင်
မြေပေါ်ပြေးလွှား၊ ရှပ်တိုက်သွားက
ဆောင်းနားအဝင်၊ လွမ်းဖွယ်ဆင်သည်
ဒီဇင်ဘာအရေးတော်ပုံ။

တရွေ့ရွေ့လျှင်
နွမ်းသွေ့ကျောမဲ၊ ချွေးရွှဲရွှဲနှင့်
စုတ်ပြဲဖာရာ၊ ဗလဖွာနှင့်
ချီကာတက်လေ၊ ရေနံမြေမှ
အထွေထွေလုပ်သမား၊ ကျောင်းသားများကို
ဟန့်တားရိုက်နှက်၊ အရင်းဘက်မှ
နှိပ်စက်ပြုအင်၊ လွမ်းဖွဲ့ဆင်သည်
ဒီဇင်ဘာအရေးတော်ပုံ။

ယင်းကဗျာသည် ၁၃၀၀ပြည့်အရေးတော်ပုံ ယေဘုယျပုံကားချပ် ဖြစ်သည်။ အသေးစိပ်ဆင်ယင်မှုတော့ မပါပေ။ အနုအလှများလည်း သိပ်မပါပေ။.....
-------------ဒဂုန်တာရာ။ ကုက္ကိုပင်သက်သေ။ မိုးဝေမဂ္ဂဇင်း၊ အမှတ် ၁၅၆ (ဇန်နဝါရီ ၁၉၈၁) မှ

ကို Aungmyint Oo ဆီကနေ ကူးယူဖော်ပြတာပါ။

0 comments:

Post a Comment