Wednesday, December 3, 2014

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါး အမှတ်(၁၇)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါး အမှတ် (၁၇)
“မုန်း၍မဟူ”မှ ဇာတ်လိုက်များ
မေမေက အဲဒီဂျပန်တော်လှန်ရေးနီးလာတော့ စစ်ပြေးဖို့စီစဉ်တဲ့အခါ ဖေဖေက အရေးကြီးတဲ့ဓာတ်ပုံတို့၊ စာရွက်စာတမ်းတို့ (အထူးသဖြင့် မေမေဟာ ဗိုလ်ကျော်ဇောဇနီးဆိုတာသိနိုင်တဲ့ အထောက်အထားပစ္စည်းများ)အားလုံးကို မီးရှို့ဖျက်ဆီးခိုင်းပါတယ်။ မေမေဟာ ဖေဖေရဲ့ ရည်းစားစာတွေအပါအဝင် ပစ္စည်းပစ္စယအတော်များများကို မီးရှို့လိုက်ရပါတယ်။ အဲဒီထဲမှာ သူအမြတ်နိုးဆုံး၊ အနှမြောဆုံးပစ္စည်းတခု (တကယ်ကတော့ ဓာတ်ပုံတပုံ) ပါသွားခဲ့ပါတယ်။

ဖေဖေနဲ့မေမေလက်ထပ်ပြီးခါစက ဗိုလ်ရဲထွဋ်က “ခင်ဗျားကို လက်ဆောင်တခုပေးမယ်”ဆိုပြီး စာအိတ်လေးနဲ့ထည့်ထားတဲ့ဓာတ်ပုံလေးတပုံ ပေးဖူးသတဲ့။ အဲဒီဓာတ်ပုံကလေးက သူတို့ရဲဘော်သုံးကျိပ်ဝင်တွေ ဂျပန်က ဗမာပြည်ကိုပြန်ရတော့မယ်ဆိုပြီး လုပ်ရမယ့်ပတ်စပို့မှာသုံးဖို့ ရိုက်ခဲ့တဲ့ ဖေဖေ့ပုံလေးတဲ့။ ခေါင်းတုံးဆံထောက်လေးနဲ့ မျက်နှာလေးကနုနုလေးနဲ့ မေမေကအတော်ကြိုက်ခဲ့တဲ့ ဓာတ်ပုံလေးဆိုပဲ။ အဲဒီပုံကလေးကို မေမေက ကိုယ်နဲ့မကွာထားခဲ့ပေမယ့် ဖေဖေက အဲဒါတွေအားလုံးကိုမီးရှို့ခိုင်းတော့ မေမေ့မှာ မီးရှို့ရတော့တာပေါ့။ မီးရှို့ခါနီး သူက အတော် ချီတုံချတုံဖြစ်ခဲ့တယ်တဲ့။ နောက်မှ သြော် သူ့ပုံက ငါ့ရင်ထဲမှာအမြဲရှိနေတာပဲလေလို့ ကိုယ့်ကိုယ်ကိုယ်အားပေးပြီး မီးရှို့လိုက်ရဆိုပဲ။

ဂျပန်တော်လှန်ရေးပြီးတော့ ဖေဖေက အလုပ်အလွန်များလို့မေမေ့ကို သုံးဆယ်အိမ်မှာပဲဆက်ထားပါတယ်။ အဲဒီအိမ်မှာပဲ ၁၉၄၆ ခုနှစ်မှာ ကျွန်မကို မွေးပါတယ်။ ကျွန်မ ၆ လသမီးလောက်မှာ ဖေဖေ မေမြို့ပြောင်းပြီး စစ်တက္တသိုလ်တက်ရမယ် ဖြစ်လာပါတယ်။

ပထမဆုံးတခေါက်မှာတော့ ကျွန်မတို့မိသားစုသုံးဦးလုံး ပြောင်းသွားခဲ့ပါတယ်။ အဲဒီကာလတုန်း ကလည်း မေမေ့အဖေကြီးက မျက်နှာသုတ်ပဝါကြီး လည်ပင်းပတ်ပြီး“ဟိုကောင်က ထားဆိုထားခဲ့မှာ၊ သူကိုယ်က လိုက်ချင်နေတာ”လို့ဆိုပြီး မေမေ့ကို ငိုငိုပြီးရန်တွေ့သတဲ့။ အဲဒီအကြောင်းတွေကို မေမေကပြန်ပြောပြရင်း “ဟိုကောင်က ကြိတ်ကြိတ်ခေါ်နေတာတော့ သူက မသိဘဲနဲ့”လို့ ပြောပါတယ်။ မေမေက အဲသလို ကျွန်မတို့ကိုပြောပြတော့ ဖေဖေက ရှက်ပြုံးကြီး ပြုံးနေပါတယ်။

နောက်ပိုင်း ပြောင်းရွှေ့တာတွေကျတော့ ကျွန်မအဘိုးက ကျွန်မကိုမထည့်နိုင်ဘူး။ ထားခဲ့ရမယ်လို့ ဆိုလာပါတယ်။ အဘိုးသဘောကတော့ ကျွန်မကိုဆွဲထားရင် မေမေကလိုက်သွားမှာမဟုတ်ဘဲ၊ ကလေးနဲ့နေခဲ့မှာလို့ တွက်ချက်ပြီးဆွဲတာပါ။ ဒါပေမယ့် မေမေက နို့တောင် မပြတ်သေးတဲ့ သမီးကျွန်မကိုထားခဲ့ပြီး ဖေဖေ့နောက် ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။

မေမေက ဖေဖေ့နောက်လိုက်လို့သာ လိုက်တာ။ ဖေဖေက စည်းကမ်းအင်မတန်ကြီးတာ။ မုန့်ပဲသရေစာ သူလည်းမစားတတ်၊ စားတာလည်း မကြိုက်။ အပျော်အပါးအလည်အပတ်လည်း ဝါသနာမပါနဲ့ မေမေ့ခမျာ အတော်အောင့်အီးသည်းညည်းခံရရှာတယ်။ ဂျာနယ်ကျော် မမလေးရဲ့ “မုန်း၍မဟူ”ဝတ္ထုထွက်လာတော့ အဲဒီထဲက အဓိကဇာတ်ကောင်များဖြစ်တဲ့ “ဦးမင်းဟန်နဲ့ဝေဝေ”တို့ဟာ ဖေဖေနဲ့မေမေတို့လိုပဲလို့ ကျွန်မအဒေါ် ဒေါ်ကျင်မြက ကျွန်မတို့ကိုပြောပြဖူးပါတယ်။

မေမေ အဲဒီအခေါက် မေမြို့မှာနေစဉ်က တနေ့ နေ့လယ် ဖေဖေရုံးသွားနေတုန်း လမ်းလျှောက်ရောင်းတဲ့ မုန့်လက်ဆောင်းသည်ကြီး ခေါ်ပြီး မုန့်လက်ဆောင်း ဝယ်သောက်ပါတယ်။ ဖြစ်ချင်တော့ ဖေဖေကလည်း အဲဒီနေ့မှာပဲ နေ့ခင်းကြီး အိမ်ပြန်လာပါတယ်။ မေမေက မုန့်လက်ဆောင်းသည်ကြီးရဲ့ဗန်းကို ချခိုင်းပြီး အကျအနကို ထိုင်သောက်နေတာ။ တခါတည်း မိတာပဲ။ ဖေဖေက ဘာမှမပြောပေမယ့် ဒါမျိုးမကြိုက်မှန်းသိနေတော့ မေမေက နောင်ဘယ်တော့မှ ဝယ်မစားတော့ဘူးတဲ့။

တခါလည်း ရုပ်ရှင်သိပ်ကြည့်ချင်လွန်းလို့ မေမေက ဖေဖေ့ကို ရုပ်ရှင်လိုက်ပြဖို့ပြောတာနဲ့ ဖေဖေနဲ့မေမေ ရုပ်ရှင်သွားကြည့်ကြပါသတဲ့။ ကျွန်မကို ကလေးထိန်း ကလေးမလေးနဲ့ထားခဲ့တာ။ ကျွန်မကလည်း အဲဒီနေ့မှ ဘာဖြစ်တယ်မသိ၊ မရပ်မနား အရမ်းငိုတော့ ကလေးမလေးကလည်း လန့်လန့်နဲ့ ကျွန်မချီပြီး အိမ်ရှေ့က ရုပ်ရှင်ရုံကိုလိုက်လာသတဲ့။ မေမေက ရုပ်ရှင်ကြည့်ချင်လွန်းလို့သာ ကြည့်နေပေမယ့် အိမ်မှာကလေးထားခဲ့ရလို့စိတ်က မဖြောင့်ဘူးတဲ့။ စိတ်ထဲမှာ ကလေးငိုသံချည်းပဲကြားနေလို့ ဖေဖေကို မကြာခဏ လက်တို့ပြီး ကလေးငိုသံကြားတယ်၊ အိမ်ပြန်ချင်တယ်လို့ချည်း ပြောနေမိတာတဲ့။ နောက်စိတ်ထဲ မသင်္ကာလို့ နောက်ဘက်မှာရှိတဲ့ ရုံတံခါးပေါက်ကိုလှည့်ကြည့်တော့ ဆွယ်တာအင်္ကျီအနီလေးဝတ်ပြီး ငိုနေတဲ့ကျွန်မကို အထိန်းကလေးမလေး ချီထားတာတွေ့လိုက်ရဆိုပဲ။
အဲဒီကတည်းကစလို့ မေမေလည်း ဖေဖေ့ကို ရုပ်ရှင်ကြည့်ချင်တယ်လို့ မပူဆာရဲတော့ဘူးတဲ့။

အဲဒီကာလတုန်းက သင်တန်းတက်ကြတဲ့ အရာရှိတွေအားလုံးနီးပါးဟာ လူပျိုလူလွတ်တွေဖြစ်ပြီး၊ တချို့အိမ်ထောင်သည်တွေကလည်း မိသားစုတွေကို ခေါ်မလာကြပါဘူး။ အိမ်ထောင်နဲ့လာသူတွေဟာ အနည်းစုပဲဖြစ်ပါတယ်။ မေမေက တပ်ထဲလိုက်မနေဘဲ မြို့ထဲကအရပ်ထဲမှာ အိမ်ငှားနေတာပါ။ ဒါကြောင့် ဖေဖေတို့ မေမေတို့အိမ်ဟာ ရုံးပိတ်ရက်တွေမှာ အဲဒီသင်တန်းတက်ကြရတဲ့ တပ်ထဲမှာပဲစုနေကြရတဲ့ စစ်ဗိုလ်တွေရဲ့ စခန်းချရာနေရာ ဖြစ်နေပါတော့တယ်။

ရုံးပိတ်ရက်တွေမှာ အဲဒီလူတွေ ဖေဖေတို့အိမ်ရောက်လာကြပြီး စားကြသောက်ကြ ရုပ်ရှင်သွားကြည့်ကြနဲ့ တရုန်းရုန်းနဲ့အလွန်စည်ကား ခဲ့ပါတယ်။ ကျွန်မကလည်း လူမရွေး၊ မျက်နှာမရွေး ဘယ်သူချီချီ ခေါ်လို့ချီလို့ရလို့ ကလေးလာချီကြ၊ စကြနဲ့ တချို့လည်း အိမ်အလွမ်းပြေလည်း လာကြဆိုပဲ။ လူပျိုစစ်ဗိုလ်တွေကတော့ ကျွန်မကမြင်ရင် လက်တကမ်းကမ်းနဲ့ ချီခိုင်းတတ်လွန်းလို့ ရှိုးတွေမိုးတွေနဲ့လာရင် ကျွန်မမမြင်အောင် ရှောင်ကြဆိုပဲ။

ဖေဖေကသာ မျက်နှာတင်းတင်းနေတတ်ပေမယ့် မေမေကတော့ အားလုံးနဲ့ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနေတတ်လေတော့ သူတို့တတွေလည်း မေမေတို့အိမ်ကို စားအိမ်သောက်အိမ်လို သဘောထားကြပြီးရဲရဲတင်းတင်းပဲ ဝင်ရောက်စားသောက်ကြပါတယ်။ မေမေက အဲဒီကာလက ဖေဖေ့ဗိုလ်မှူးလစာ တလ ၇ဝဝ (ခုနစ်ရာ)ကျပ်ဟာ နည်းနည်းမှ မစုနိုင်ဘူး။ တလဝင်ငွေ တလကုန်တာပဲလို့ပြောပါတယ်။ အဲဒီကာလက အင်္ဂလိပ်ပြန်လာပြီဖြစ်လို့ ငွေဈေးလည်း ဂျပန်ခေတ်လိုမဟုတ်ဘဲ အတော်အသုံးခံတဲ့ခေတ်ပါ။

အဲဒီအချိန်က ချစ်ဒုက္ခရောက်နေသူနှစ်ဦးဖြစ်တဲ့ ဗိုလ်တင်မောင် (နောင် ဗိုလ်မှူးကြီး တင်မောင်၊ စာရေးဆရာ မြတ်ထန်)နဲ့ဗိုလ်လှဖေ (လူထု ဒေါ်အမာရဲ့ညီမ ဒေါ်တင်တင်ရဲ့ခင်ပွန်း)တို့ မေမေကို ပုဏ္ဏတိုင်ထားပြီး တနေ့တမျိုး မရိုးရအောင်လာပြောဆိုကြတဲ့ ချစ်သောက အကြောင်းတွေကိုတော့ ဖေဖေက သူ့စာအုပ်ထဲမှာရေးထားတာ တွေ့ဖူးပါတယ်။ မေမေကလည်း အဲဒီအကြောင်းတွေ ပြောပြတတ်ပြီး လက်သည်းကိုက်ပြီး ငိုင်ပြီးထိုင်နေတတ်ကြတဲ့ သူတို့ရဲ့ပုံတွေကိုလည်း လုပ်ပြတတ်ပါတယ်။
၂ဝ-၆-၂ဝ၁ဝ

0 comments:

Post a Comment