Sunday, December 7, 2014

၂ဝ၁၄ ဒီဇင်ဘာ ပထမပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ ပထမပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁-(မျိုးမြင့်ချို)
(ဘုရားသေ)
Nietzche ပြောတာတွေက အများကြီးဗျ။ ခရစ်ယာန်ဝါဒအခြေပြု လူမှုတန်ဖိုးတွေ၊ ကောင်းမှုမကောင်းမှုနှုန်းစံသတ်မှတ်ချက်တွေကိုလည်း သူ အတော် မျက်စေ့စပါးမွှေးစူးပုံပဲဗျာ။ သူပြောတဲ့ ဘုရားအနိစ္စရောက်ပြီ စင်္ကြဝဠာကြီးထဲမှာ လူဟာ သူချည်းသာ ကျန်တော့တယ်ဆိုတဲ့သဘောကဘာသာရေးစံတွေပြိုကျသွားပြီ၊ စံအသစ်တွေ ဝင်လာပြီ၊ ဘုရားဟောကျမ်းဂန်တွေနဲ့ အမှန်အမှား မကောင်းအကောင်းတို မတိုင်းနဲ့တော့။ မှားလို့လည်း ကယ်မယ့်သူမရှိတော့ဘူး မှန်လို့လည်းမယ့်သူမရှိတော့ဘူး။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဆင်ခြင်တုံ ကိုယ်အမှီပြု၊ ဘယ်သူ့မှ အားမကိုးနဲ့။ အားကိုး မရှိတော့ဘူး။ ဘာသာရေးပညတ်ချက်တွေ မရှိတော့လို့လည်း လူဟာ ဘာမှအားငယ်စရာမရှိ၊ အခြောက်အမြှောက်တရားတွေကို ပယ်သတ်နိုင်သူဖြစ်သွားလို့ လူဟာ လွတ်လပ်သူဖြစ်ပြီ၊ ဒါပေမယ့် ဒီနေ့ကစပြီး လူဟာ သူပြုသမျှ ကောင်းခြင်းဆိုးခြင်း မှန်ခြင်းမှားခြင်းရဲ့ဒဏ်ကို သူ့ဘာသာသူခံရတော့မယ်။ သတ္တိတော့ရှိလို့ ပြောတဲသဘောမျိုးပဲဗျာ။ ကျနော်လည်း တကြောင်းနဲ့လာထောက်လို့ တကြောင်းစာလေးပဲပြန်ပြောတာပါ။ သူ့ဒဿနကို အပြည့်အစုံမဟုတ်တောင် တီးမိခေါက်မိရှိဖို့အထိတော့ လေ့လာရမှာပါ။ နောက်ပြီး သူ့ တခုထဲလည်း ကွက်လေ့လာလို့လည်း မဖြစ်နိုင်ပြန်ဘူး။ အလွန်ကျယ်ဝန်းနက်နဲသလောက် အဖိုးဖြတ်မရတဲ့ပညာပါ။ ဒဿနပညာဆိုတာ အလုပ်မရှိကြောင်ရေချိုးတာ မဟုတ်ပါ။ လောကတည်ဆောက်ဖို့ အမှန်တရားဆိုတာ ဘာ ဆိုတာကို ဆင်ခြင်ပြတာ တွေးခေါ်ပြတာ မြော်မြင်ပြတာပါ။ လိုချင်တာလေး ထောက်ချင်တာလေးတစ်ခုရှိတာနဲ့ တစုံလုံး သုံးမရအောင်ပြောတယ်ဆိုတာ ပြောသူရဲ့ အသိပညာရေချိန် အတိမ်အနက်မျှသာပါပဲ။

(ဖိတ်ရင်သွားစား မန်းဒိတ်ထားခဲ့)
ဒီတခါ သွားစားကြ။ ပြောရင် ယဉ်ယဉ်ကျေးကျေးနားထောင်ကြ။ ဘာများပြောစရာရှိလဲ မေးလာခဲ့ရင်မန်းဒိတ်ပါမလာလို့ လို့ပြောပြီး အေးအေးဆေးဆေးပြန်ခဲ့ကြဆိုတဲ့အမိန့် ချပေးလိုက်တာကောင်းမယ်လို့ တပ်ချုပ်လေးရဲ့အကြံပေးက အကြံပေးသတဲ့။
အတွင်းသတင်းလို့ပြောရအောင်လည်း ကျနော့်လို ဟိုးအပြင် အဝေးကြီးကကောင်ဆီတောင် ရောက်လာတာဆိုတော့ မခက်ဘုးလား။ နောက်ပြီး ပြောတဲ့လူကလည်း အတွင်းလူမဟုတ်ဘူး။
ထားပါတော့ ဟုတ်တယ်ဆိုတဲ့ဘက်ကတွေးကြည့်ရအောင်။ တွေ့တယ်ဆို မီဒီယာတွေမှာ ဓါတ်ပုံတွေဝေဝေဆာဆာပါမယ်။ အထူးသဖြင့် အစိုးရဝါဒဖြန့်မီဒီယာတွေမှာ အရင်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်မယ်။ ကာချုပ်ကြီးသဘောထားကြီးကြောင်း၊ စစ်အမတ်တွေမှာ ဒီမိုကရေစီရှိကြောင်းတွေ တဖွဲ့တနွဲ့ပြောကြမယ်။ အပြင်စာစောင်တွေမှာလည်း မျက်နှာဖုံးသတင်းဖြစ်လာမယ် စောင်ရေနည်းနည်းပါးပါးတက်မယ်။ ရှေ့အလားအလာ ဘာတွေဖြစ်မယ်ဆိုပြီး ခန့်မှန်းတွက်ချက်ပြကြမယ်။ ပြည်ပမီဒီယာကြီးတွေမှာပါတော့ ပြည်နိုင်ငံခေါင်းဆောင်ကြီးတွေက သာဓုခေါ်ကြမယ်။ ထောက်ခံကြောင်း ကြိုဆိုကြောင်းတွေ တခမ်းတနားပြောကြမယ်။ အဟောတဝကောင်းလေစွတွေ ဟိန်းနေအောင်လျှံထွက်လာမယ်။
တွေ့ပွဲက တပ်ချုပ်လေးအကြံပေးပြောတဲ့အတိုင်း ဟုတ်ဦးတောင် ဒေါ်စုကခုပြောလိုက်ရင် နောင်ပြောစရာမကျန်မစိုးလို့လိုလိုဘာလိုလိုအထာလေးနဲ့ ချိုထားမယ်။ခုဆို အရင်ကထက် ပိုပြီး တဘက်နဲ့တဘက် ခင်မင်ရင်းနှီးမှုတွေရလာပြီဆိုတာတော့ ပြောမှာသေချာတယ်။အမေစုသမားတွေက တွေ့လားဆိုပြီး လက်ပမ်းပေါက်ခတ်ကြ ပျော်ကြရွှင်ကြမယ်။
ဘယ်လောက်ကောင်းမလဲ တွေးကြည့်ရုံနဲ့တင် ဝမ်းသာစရာကြီး။ ကာချုပ်၊ စစ်အမတ်၊ ဒေါ်စု၊ နိုင်ငံတကာ၊ ပြည်တွင်းရှိသမျှ နတ်လူသာဓုမခေါ်တောင် ဘာမှမလုပ်ရပဲ စစ်အုပ်စု နံမည်ကောင်းထွက်မယ့်ကိန်းပဲ။ အမြတ်ချည်းပဲ။
ပွင့်ဆိုင်ဆိုတာကို မှူးဇော်ရော ရဲထွဋ်ရော မျောက်မီးခဲကိုင်မိသလို လေသံပြန်ပြင်ပုံထောက်ရင် စစ်အုပ်စုအမြီးနည်းနည်းအနင်းခံနေရသလားလို့ တွေးချင်စရာပဲ။ မတွေ့ဘူးကွာ ဘာဖြစ်လဲလို့ ယတိပြတ်မပြောပဲ ရွှေမန်းနဲ့ အလှည့်အပြောင်းအပေးအယူကျကျ ကစားကွက် လှတပတလေးများ ပလေးကြတော့မလားတောင် ထင်ချင်စရာ။ ပွင့်တော့လည်း ဟုတ်ချင်မှဟုတ်မှာပေါ့လေ။ ပွင့်တုန်းက ၁၄ ပွင့် ထည့်လိုက်တာလည်း မမေ့ကြဖို့လိုမယ်တွေးတာပဲ။

(နော်ဝေဘုရင်ကြီ ဝမ်းနည်းတော်မူသလို)
နော်ဝေဘုရင်ကြီး ကျနော်တို့ဆီကကျောမွဲတွေရဲ့ဘဝတွေ ထပ်အရွှေ့ခံရတာ ဝမ်းနည်းကြောင်းပြောလို့ နင်းပြားတို့ကိုယ်စား ဝမ်းသာရသေးတယ်။
စစ်အုပ်စုကို နသားပါယားလာလုပ်တဲ့ ပြည်ပနိုင်ငံတွေကခေါင်းဆောင်ဆိုသူတွေလည်း ချိန်ဆ ဆင်ခြင်စရာဖြစ်သွားတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ကုလားလေးအိုဘားမား။
ပြည်တွင်းက ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေလည်း တွေးစရာရကြမယ်မှတ်တာပါပဲ။
သင်တန်းတွေဖွင့် ဓါတ်ပုံတွေရိုက် ကိတ်မုန့်တွေလှီး ပွဲတက်နိုင်ငံရေးတွေလုပ် ဟော်တယ်လ်ပျော်ဘဝတွေကနေ ကျောမွဲတွေဘက် လှည့်ကြည့်လိုက်ရင် မမြင်ချင့်တဆုံး အဖိနှိပ်ခံရဆုံးအဖြစ်တွေ ဘဝတွေ မတွေ့ချင်လည်းတွေ့ရမှာပါ။
ခင်ဗျားတို့လည်း ဝမ်းနည်းကြမှာပါ။
ခင်ဗျားတို့လည်း စိတ်မကောင်းဖြစ်ကြမှာပါ။
ခင်ဗျားတို့လည်း စိတ်လက်မချမ်းမသာဖြစ်ကြမှာပါ။
ခင်ဗျားတို့ သူတို့အတွက် ပြောခဲတိုက်ပေးခဲ့ရပ်ပေးခဲ့ကြပါတယ်။
ခုနေခါလည်း
အရင်ထက်ပိုထုတ်ပြောကြဖို့
အရင်ထက်ပိုတိုက်ပေးကြဖို့
အရင်ထက်ပိုထွက်ရပ်ပေးဖို့ကြ
ကျနော်တို့အသံတွေ မြှင့်ကြရအောင်
ကျနော်တို့ခြေလှမ်းတွေ တိုးကြရအောင်လား။

(စစ်ခွေးအစစ်)
ကျနော် ဘယ်သူ့ကိုမှစစ်ခွေးလို့မခေါ်ဖူးပါ။ ဒါပေမယ့် ခုတော့ (စစ်ခွေးလို့အခေါ်ခံရတာကြိုက်တယ် ကျနော် စစ်ခွေးစစ်စစ်ကြီးပါ)ဆိုပြီး ပြောသူ ၂ဦး ရှိလာပါပြီ။ အဦးဆုံး ဒီဟောင်သံစပေးသူက နေဝင်းမြေးပါ။ ကိုယ်မကြိုက်ပေမယ့် သူက အဲ့ဒီခေါ်မှကြိုက်တယ်ဆို မလွဲသာပဲခေါ်ပေးရမှာပါပဲ။ ခု ခွေးနောက်လိုက်တဦး ပေါ်လာပြီ။ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။ ဗြောင်ပြော ဗြောင်ကြေညာ ဗြောင်ရပ်တည်ချက်ပြောတာပဲ။တိတ်တိတ်ပုန်းလက်နက်ချသလိုနဲ့ ဒီမိုကရေစီရေးတိုက်ပွဲထဲကလူတွေကို သရော်မော်ကားလုပ်တဲ့လူမျိုးထက်စာရင် တော်သေးတယ်။ တော်တယ်ဆိုပေမယ့် စစ်ခွေးဆိုလို့ ပြောစရာကပေါ်တယ်။ ဒီလိုဗျာ....
ကျနော်တို့တပ်မှာ မိုင်းရှာစစ်ခွေးတွေရှိတယ်။ ကျနော်တို့ကတော့ စစ်ခွေးပျက်တွေလို့ခေါ်တယ်။ သူတို့အတွက် ရိက္ခာ ဆေးဝါးစတာတွေလည်း ရာရှင်အနေနဲ့ရှိတယ်။ ဒါပေမယ့် ခွေးတွေက သင်တန်းဆင်းပြီး တပ်ရောက်ကတည်းက ဘာလေ့ကျင့်မှုမှမရှိ၊ ဘာမွမ်းမံသင်တန်းမှ မတက်ရ၊ ဘာရှေ့တန်းမှမရောက်ဖူး၊ ယမ်းနံ့ဆိုတာ မေ့တောင်မေ့လောက်ပြီ။
အိပ်တော့လူပျိုလိုင်းက ကုတင်ကြိုကုတင်ကြားဖိနပ်ချွတ်မှာ ဂုံနီအိပ်အခင်းတောင် မရှိဘူး။ စားတော့လူပျိုလိုင်းက ထမင်းကျန်ဟင်းကျန်နဲ့ အိမ်ထောင်သည်လိုင်းက စွန့်ပစ်စားကြွင်းစားကျန်။ မလုံတဲ့အိမ်သာတွေအေက်မှာ ဒီကောင်တွေလည်း အရပ်ထဲကခွေးဝဲစားတွေနဲ့ နင်လားငါလား လုယက်ကိုက်ခဲမန်တွေဖီလို့။ တခါတလေ အိမ်သာ မတက်တတ်သေးတဲ့ကလေးတွေ လမ်းပေါ်အီအီးပါနေရင် ကလေး ပြီးတဲ့အထိတောင် မစောင့်နိုင်ဘူး။ အတင် ဖင်အောက်ဝင် နှိုက်တော့တာပဲ။
သနားဖို့လည်းကောင်း ရွံဖို့လည်းကောင်းပဲ။ သနားဖို့က ဘာလို့ကောင်းလဲဆိုတော့ သူတို့အတွက်အပတ်စဉ်ရတဲ့ ခွေးရိက္ခာကို တပ်မှူးနဲ့အရာရှိတွေ တပ်ခွဲတပ်ကြပ်ကြီးတွေက စားပစ်တာကိုး။ စစ်ခွေးလိုမနေဖူးတဲ့ စစ်ခွေးတွေပေါ့ဗျာ။ ခွေးစာလေး မသာဓာရေစာတောင် စစ်ဗိုလ်ဆိုးတွေ စားခွက်အနှိုက်ခံရလို့ သူတို့ခမျာ ချီးပုံတိုးလိုလိုး အမှိုက်ပုံဆွလိုဆွနဲ့ ဘဝပျက်ရတာပဲ။ နောက်ဆုံးတော့ ခွေးဝဲစားတွေအဖြစ်နဲ့ ခွေးရာအသွင်းမခံရတဲ့ဘဝတွေနဲ့ ခွေးသေ သေရတော့တာပါပဲ။
တင်ဖေ ရှေ့တန်းကပြန်လာချိန် မူးကလည်း မူးနေလို့ကတော့ဟောင်ကောင်သားဆိုပြီး ဘာပြောကောင်းမလဲ။ အားကစားလက်လွှဲတုတ်ကြီးနဲ့ ထိပ်ထုသတ်လို့ သေချင်းဆိုးနဲ့သေရတာချည်းပဲ ကောင်လောက်ရှိတယ်။

(တကိုယ်တော်ဒေါက်တာကြီး)
ဒါက်တာအောင်ခင်ဆင့် တကိုယ်တော်ဆန္ဒပြမယ်ဆိုတဲ့အပေါ် ထောက်ခံတဲ့ဘက်က အသံမထွက်ဘူး။ မလုပ်ပါနဲ့ပြောသူတွေပဲရှိတယ်။
ပြောသူတိုင်းကလည်း ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အစဉ်အလာရှိသူတွေချည်းပဲ။
အနိမ့်ဆုံးအဆင့် ဒီမိုကရေစီအရေခြုံ အရပ်သားအယောင်ဆောင် စစ်တပိုင်းအာဏာရှင်အစိုးရ မျက်နှာဖုံးကိုခွာချဖို့ ကာကယံမြောက်ပါဝင်နေသူတွေပဲ။
ကျနော့်အမြင်ပြောရရင် ဒေါက်တာအောင်ခင်ဆင့်အနေနဲ့ ဗမာ့ပညာရေး၊ ကျောင်းသားအရေး၊ ကျောင်းသားသမဂ္ဂအရေးတွေမှာ တကယ်ပါဝင်လုပ်ဆောင်ဖို့ရည်ရွယ်ဆန္ဒရှိရင် NNER နဲ့တွဲလုပ်တာ ပိုအကျိုးများမှာပဲ။
ခုက နိုင်ငံရေးစတန့်ထွင်တာလား တကယ်လား အလံရှူးလား အရူးထတာလားဆိုပြီး လူအများအမြင်မှာပြောစရာအပြင် တင့်တောင့်တင့်တယ်လည်း မရှိဘူးထင်တယ်။

(ကျော်စွာမြင့်နဲ့ကျော်စွာဝင်း)
ခု ၄၃၆ ပြင်ရေးလက်မှတ်ထိုးလို့ ထောင်ကျသွားတဲ့ဗိုလ်လေးက ကျော်စွာဝင်းတဲ့။ ဗိုလ်နေဝင်းကို လက်စတုံးဖို့ ပထမဆုံးကြံစည်သူက ကျော်စွာမြင့်ပဲ။ အုန်းကျော်မြင့်တို့ဘာတို့က နောက်မှ။ ဗိုလ်ကျော်စွာမြင့်အကြာင်း ထုတ်ထုတ်ထည်ထည်နဲ့သာမဖတ်ဖူးတာ ဦးကြည်ဆွေရေးတဲ့အထဲ ဦးသောင်းရေးတဲ့အထဲ ဟိုလူဒီလူတွေရေးတဲ့အထဲ ထုံ့ပိုင်းထုံ့ပိုင်းလေးတွေ အစအနလေးတွေတော့ တွေ့ဖူးတာပါပဲ။ ဗိုလ်ကျော်စွာမြင့်အကြောင်း သိသူတွေ လက်လှမ်းမီသူတွေကို မေတ္တာရပ်ခံတောင်းပန်ပါတယ် ကျနော်အပါအဝင် သိလိုသူတွေအတွက်ရော သမိုင်းမှန်ကူကွက်တကွက်ကိုဖြည့်တဲ့အနေနဲ့ ရေးကြပြောကြပါခင်ဗျား။ ဖတ်ပါရစေ။
ခု ဗိုလ်ကျော်စွာဝင်းကိစ္စပေါ်လာပြီ။ စစ်တပ်ထဲမှာ ၄၃၆ လက်မှတ်မထိုးရဘူးလို့ အမိန့်ထုတ်ထားတဲ့ကြားက ဗြောင်ထွက်ထိုးတာ သူပဲရှိမယ်မှတ်တယ်။ ကျနော့်အနေနဲ့ကတော့ လူထုဘက်ကရပ်တည်လိုတဲ့သူ့ဆန္ဒနဲ့သတ္တိကို အသိအမှတ်ပြုသလို တန်ဖိုးထားလေးစားကြောင်းပြောပါတယ်။
လက်ရှိ စစ်အုပ်စုအသုံးတော်ခံ တလက်ကိုင်ဗမာ့တပ်မတော်ထဲမှာ ကျော်စွာဝင်းဟာ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကျော်စွာဝင်းတွေ အများကြီးရှိနေသေးတယ်။ ကျန်တဲ့ကျော်စွာဝင်းတွေ ဒီကျော်စွာဝင်းလို မတရားတဲ့အမိန့်အာဏာကို ပြောင်ပြောင်တင်းတင်းဖီဆန်တွန်းလှန်ကြဖို့ ကျနော်တို့စွမ်းသမျှဖေးမတာ ကူညီတာ အားပေးတာ ဝန်းရံတာတွေလုပ်ကြဖို့ပါပဲ။
ကျော်စွာဝင်းတွေ များသထက်များလေလေ ဗမာစစ်အုပ်စုတလက်ကိုင်ကြေးစားတပ်အဖြစ်ကနေ
ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အဖြစ်
ကမ္ဘာ့အလည်မှာ ထည်ထည်ဝါဝါမြင်ရဖို့နီးလေလေဖြစ်မှာပါ။
တပ်ပြုပြင်ရေး Army Reform ဆိုတာ စစ်တပ်ကစရမှာမဟုတ်ပေမယ့် စစ်တပ်ကိုပြုပြင်ရမှာဖြစ်လို့ အစပိုင်းကတည်းက လူထုနဲ့အတူစစ်တပ်ပါဖို့လိုပါတယ်။

ကျော်စွာဝင်းတွေ ပါမှဖြစ်ပါမယ်။

0 comments:

Post a Comment