Thursday, December 11, 2014

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါးအမှတ်(၁၈)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးအမှတ်(၁၈)
မေမြို့အထူးဗိုလ်သင်တန်း
၁၉၄၅ ခုနှစ် စက်တင်ဘာလ (၆)နဲ့(၇)ရက်နေ့များမှာ မြန်မာတို့ဘက်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဗြိတိသျှတို့ဘက်က လော့ဒ်လူဝီမောင့်ဘက်တန်တို့ခေါင်းဆောင်တဲ့အဖွဲ့နှစ်ဖွဲ့ သီဟိုကျွန်း (ယခု သီရီလင်္ကာနိုင်ငံ)က ကန္ဒီမြို့မှာ မျိုးချစ်ဗမာ့တပ်မတော် အနာဂတ်နဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးကြပြီး‘ကန္ဒီစာချုပ်’ကို ချုပ်ဆိုခဲ့ကြပါတယ်။

အဲဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်ဟာ တပ်သားဦးရေ (၅၂ဝဝ)နဲ့အရာရှိ (၂ဝဝ)ကို အမြဲတမ်း မြန်မာနိုင်ငံတပ်မတော် (Burma Regular Army) ထဲသို့ပူးပေါင်းထည့်သွင်းရန် ဖြစ်ပါတယ်။

အဲဒီကာလက ဗမာ့နိုင်ငံရေးနယ်ပယ် (အထူးသဖြင့် လက်ဝဲသမားများအကြား) ဘရောက်ဒါဝါဒဝင်နေစဉ်ကာလဖြစ်လို့လည်း အဲဒီစာချုပ်ကို ချုပ်ဆိုခဲ့ကြတာပါ။ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနဲ့တောင်းဆိုရယူနိုင်တယ်ဆိုတဲ့အယူအဆအောက်မှာ ဂျပန်ကိုအောင်မြင်စွာ တော်လှန်နိုင်ခဲ့ကြတဲ့ လက်နက်ကိုင်နှစ်သောင်းကျော်ရှိတဲ့ မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burma Forces PBF)ကို ဖျက်သိမ်းပေး လိုက် ကြပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အဲဒီအထဲက လူပေါင်း (၅ဝဝဝ)ကျော်ကို အမြဲတမ်း တပ်ထဲပြန်သွင်းလိုက်နိုင်ပြီး ပီပီပြင်ပြင် တပ်မတော်တရပ်ဖြစ်လာအောင် လုပ်လိုက်နိုင်တာကတော့ အရှုံးထဲကအမြတ်လို့ပဲဆိုရမှာပါ။

အဲဒီစာချုပ်အရ အသစ်ဖွင့်လိုက်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း(၃)ကို သံလျင်မှာဖွဲ့စည်းဖွင့်လှစ်ပြီး ဖေဖေက ဒုတပ်ရင်းမှူးအဖြစ်နဲ့ အဲဒီရောက်သွားပါတယ်။ တပ်ရင်းမှူးက အင်္ဂလိပ်လူမျိုး (အိုင်းရစ်လူမျိုး) ဒုဗိုလ်မှူးကြီးသန်းဒါးပါ။ စာချုပ်ပါသဘောတူညီချက်တွေအရ အသစ်ဖွဲ့လိုက်တဲ့ဗမာ့တပ်မတော်က တပ်မတော်အရာရှိတွေကို ဗြိတိသျှတပ်မှူးများက စစ်ပညာများကိုသင်ပေးဖို့အတွက် မေမြို့မှာ အထူးဗိုလ်သင်တန်းဖွင့်ခဲ့ပါတယ်။

အဲဒီ အထူးဗိုလ်သင်တန်းကို အသစ်ဖွဲ့လိုက်တဲ့တပ်ရင်းအသီးသီးက အရာရှိကြီးငယ်များ အတော်များများတက်ကြရပါတယ်။ တနှစ်လောက် သင်ရမယ့်သင်ရိုးညွှန်းတန်းကို ၃ လနဲ့အပြီး တက်ကြရတာပါ။ သင်တန်းဆရာအားလုံးဟာ အင်္ဂလိပ်လူမျိုးများဖြစ်ပြီး ဗမာ့တပ်မတော်အပေါ် တစုံတရာ မကျေမလည်ရှိမှုကြောင့်ရော (သူတို့ကိုတော်လှန်ခဲ့လို့) ဗမာတွေအပေါ် လူမျိုးအရအထင်အမြင်သေးမှုကြောင့်ရော ဆက်ဆံရေးတွေဟာ တခါတရံ တင်းမာပြင်းထန်တတ်ပါတယ်။ ဗမာတွေဘက်ကလည်း နောင်အနာဂတ် ခေတ်မီဗမာ့တပ်မတော်ကြီး ပေါ်ပေါက်လာရေးဆိုတဲ့ မြင့်မြတ်လှတဲ့ရည်ရွယ်ချက်ပန်းတိုင်အောက်မှာ ဒီဒုက္ခတွေကိုကြိတ်မှိတ်ခံပြီး စစ်ပညာတွေကို အပတ်တကုတ် သင်ယူခဲ့ကြပါတယ်။

ဒီအကြောင်းအရာတွေကိုတော့ ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်ရေးတဲ့ ‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်’ စာအုပ်မှာ အပြည့်အစုံတွေ့နိုင် ပါတယ်။ ၁၉၇ဝ ခုနှစ်များမှာ ဒီစာအုပ်ထွက်လာတာပါ။ အဲဒီစာအုပ်ထွက်လာတော့ စာရေးသူဗိုလ်မှူးကြီးတင်မောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး လူကိုယ်တိုင် ဖေဖေဆီလာပို့ပါတယ်။ ကျွန်မတို့က အဲဒီတုန်းက စမ်းချောင်းဆီဆုံလမ်း အိမ်ကလေးမှာပါ။ ဗိုလ်မှူးကြီးတင်မောင်ကိုယ်တိုင် လည်း အဲဒီတုန်းက ပင်စင်ယူပြီး တောင်ကြီးမှာ နေနေပါတယ်။

အဲဒီစာအုပ်ကို ကျွန်မတို့မောင်နှမတတွေဖတ်ကြပြီးတော့ ဖေဖေကို တောင်မေးမြောက်မေးတွေ မေးကြည့်ကြပါတယ်။ ဖေဖေလည်း အဲဒီစာအုပ်ကို အရင်ဦးဆုံးဖတ်သူဖြစ်လို့ တချို့ရှေးဖြစ်ဟောင်းအကြောင်းအရာတွေလည်း သတိရနေပြီး စိတ်လိုလက်ရ အဲဒီကာလက အဖြစ်အပျက်များကို ပြန်ပြောပြဖူးပါတယ်။

ဖေဖေက သူတို့ဂျပန်မှာ သင်ခဲ့ရတဲ့စစ်ပညာဟာ အလွန်နိမ့်တယ်တဲ့။ တပ်ခွဲမှူး တပ်စုမှူးအဆင့်လောက်ပဲ သင်ပေးတာ။ ကိုယ်က ဘာတပ်မှမရှိတော့ အောက်ခြေလုပ်ငန်းတွေနဲ့လူစုပြီး တပ်ဖွဲ့နိုင်ရေးအတွက်ရည်ရွယ်ပြီး သင်ကြားပေးခဲ့ကြတာတဲ့။ ဒီအင်္ဂလိပ်တွေဖွင့်တဲ့ အထူးဗိုလ်သင်တန်းမှာတော့ တပ်ရင်းအဆင့်ဖြစ်လို့ သဘောတရားအခြေခံကအစအဆင့်မြင့်ကြောင်း စတာတွေကို ဖေဖေကပြောပြပါတယ်။
ဖေဖေတို့က အဲဒီအချိန်က ဂျပန်တော်လှန်ရေးအတွင်း လက်တွေ့တိုက်ပွဲတွေ အတော်များများတိုက်ထားရလို့ လက်တွေ့အတွေ့အကြုံတွေ အတော်ရှိနေကြပြီး ဒီသင်တန်းက သဘောတရားလက်နက်တွေတပ်ဆင်ပေးလိုက်တဲ့အခါ လူတွေဟာ အတွေးအခေါ်အရပွင့်ထွက်သွားပြီး ရရှိချက် အလွန်ကောင်းခဲ့ကြတယ်လို့လည်း ပြောပြပါတယ်။

ဒီ အင်္ဂလိပ်သင်တန်းဆရာတွေဟာ (အထူးသဖြင့် သင်တန်းမှူးမေဂျာဟတ်ဖိုဒ်)သဘာတရားအခြေခံတွေ အတော် ကျေညက်ကြပြီး သင်ကြားပေးတော့လည်း အလွန်စနစ်ကျတယ်လို့ ဖေဖေကဆိုပါတယ်။ Very Professional လို့ပြောပါတယ်။ ဥပမာ ဟတ်ဖိုဒ်သင်ကြား ပို့ချပေးခဲ့တဲ့ Appreciation of Situation ဆိုရင် ဘာကိစ္စလုပ်လုပ် အလွန်အသုံးဝင်ခဲ့ပြီး အဲဒီနောက်ပိုင်းတိုက်ပွဲတွေမှာ ဖေဖေက အဲဒီ သဘောတရားကို စနစ်တကျ လက်ရှိအခြေအနေတွေနဲ့ကိုက်ညီစွာအသုံးချခဲ့လို့ အကျအဆုံးရော ဆုံးရှုံးမှုနဲ့နစ်နာချက်တွေပါ နည်းပါး ခဲ့ရတယ်လို့ဆိုပါတယ်။
ဖေဖေက သူတိုက်ပွဲတပွဲ၊ ကိစ္စတခုအတွက် သေနင်္ဂဗျူဟာဆွဲပြီဆိုရင် ရန်-ငါအခြေအနေအချိုးအစား အားကောင်းချက် အားနည်းချက်များ အားလုံးပြည့်စုံလုံလောက်အောင် ဘက်စုံထောက်လှမ်းရေးလုပ်ငန်းကို အလျင်ဦးဆုံး ရေပက်မဝင်အောင်လုပ်ဆောင်ပြီးမှ စီမံကိန်းဆွဲတာတဲ့။ ဖြစ်နိုင်ချေအားလုံးကိုထည့်သွင်းစဉ်းစားပြီးမှ ရေးဆွဲတဲ့စီမံကိန်းများဖြစ်လို့ အဖုအထစ်မရှိလှကြောင်း ကျွန်မတို့ကို ဖေဖေက ပြောပြဖူးပါတယ်။

အဲဒီသင်တန်းတက်တော့ ဖေဖေတို့တတွေဟာ ဂျပန်တော်လှန်ရေးအတွင်း ထင်ရှားကျော်ကြားတဲ့တပ်မှူးကြီးများ ဖြစ်ပြီးနေကြပေမယ့် သင်တန်းသားများအဖြစ် တစုတဝေးတည်း ပြန်ဆုံကြရတဲ့အခါ ငယ်စိတ်တွေပေါက်ပြီး တပျော်တပါးကြီး ပျော်ကြရွှင်ကြ နောက်ကြ ပြောင်ကြနဲ့ ငယ်မူတွေပြန်ခဲ့ကြဆိုပဲ။

တနေ့ သူတို့တတွေကို အင်္ဂလိပ်သင်တန်းမှူးက မနက်ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ်ပြေးခိုင်းတာ မြို့ပြင်က ဘုန်းကြီးကျောင်းတကျောင်းထဲ ရောက်သွားကြသတဲ့။ သူတို့လူကြီးတချို့ ဘုန်းကြီးကျောင်းပေါ်တက်ပြီး ဘုန်းကြီးကိုဝတ်ချ ကန်တော့တော့ ဘုန်းကြီးက သူတို့ နာမည်တွေလည်းသိထားတော့ အကျိုးအကြောင်းတွေ မေးတော့တာပေါ့။ မေးရင်းမြန်းရင်းက ဘုန်းကြီးက သြော် ဒကာကြီးတို့မလည်း အိုးတွေအိမ်တွေ ခွဲထားပစ်ထားခဲ့ရတာ သားတွေသမီးတွေကို သတိရကြမှာပဲလို့ဆိုသတဲ့။ ဒီတော့ ဖေဖေတို့အုပ်မှာခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်လက်ျာကြီးက ကလေးတွေလည်းသတိရတာပါပဲ။ ဒါပေမယ့်  ဒကာမကြီးကိုတော့ ပိုသတိရမိတာပေါ့ဘုရားလို့ ခပ်တည်တည်နဲ့ ပြန်လျှောက်သတဲ့။ ဘုန်းကြီးခမျာ အတော်ကြီးကသိကအောက်ဖြစ်သွားဆိုပဲ။

ဖေဖေက အစ်ကိုကြီး ဗိုလ်လက်ျာဟာ အဲသလို နောက်တီးနောက်တောက်တွေလည်း လုပ်တတ်တယ်လို့ပြောပြဖူးပါတယ်။
၁-၇-၂ဝ၁ဝ

0 comments:

Post a Comment