Tuesday, December 9, 2014

အေပက်အကြောင်းသိကောင်းစရာများနှင့် တရုတ်ရဲ့အခန်းကဏ္ဍ။ (လှကျော်ဇော)

0 comments
အေပက်အကြောင်းသိကောင်းစရာများနှင့် တရုတ်ရဲ့အခန်းကဏ္ဍ။ (လှကျော်ဇော)
၂ဝ၁၄-နိုဝင်ဘာလထဲ ပီကင်းမှာ (၂၂)ကြိမ်မြောက် အေပက်ခေါင်းဆောင်များအစည်းအဝေးကြီး ကျင်းပခဲ့ ပါတယ်။ ခေါင်းစဉ်ကြွေးကျော်သံက“အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အနာဂါတ်ကိုပုံဖေါ်ရန်” တဲ့။ ထိပ်တန်းခေါင်းဆောင်များ စုံညီတွေ့ဆုံဆွေးနွေးတာ(၂)ရက်ဘဲရှိပေမယ့် တခြား ပတ်သက်ရာပတ်သက်ကြောင်း အစည်းအဝေးတွေ တသီတသန်းကြီးလုပ်ခဲ့ကြပြီး ကြေညာချက်တွေ သဘောတူစာချုပ်တွေလည်း အများအပြား ထွက်လာခဲ့ပါတယ်။ ဒီထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့-FTA-AP Free Trade Area
For Asia-Pacific- (အာရှ-ပစိဖိတ်ဒေသအတွက်-လွတ်လပ်စွာကုန်သွယ်ခွင့်)ဆိုတာပါဘဲ။

ဒီအကြောင်းမပြောခင်-အေပက်-သမိုင်းကို ကြည့်ရအောင်ပါ။
၁။ အေပက်ဆိုတာ-APEC-Asia-Pacific-Economic-Coperation ( အာရှ-ပစိဖိတ် စီးပွားရေး-ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့)ဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး၊ ပစိဖိတ်သမုဒ္ဒရာအနားပတ်လည် နိုင်ငံပေါင်း(၂၁)ပါဝင်ပါတယ်။ ကမ္ဘာ့အကြီးဆုံးစီးပွားရေး(၃)နိုင်ငံ(အမေရိကန်-တရုတ်-ဂျပန်) ပါဝင်ပါတယ်။ ဒါ့အပြင် ဥရောပတခြမ်းနိုင်ငံဖြစ်တဲ့ရုရှားလိုနိုင်ငံရော၊ ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်တဲ့ ပါပူအာနယူးဂီနီလိုနိုင်ငံမျိုးရော ပါဝင်တာဖြစ်လို့ ဖွံ့ဖြိုးမှုပုံစံအမျိုးမျိုး၊ အဆင့်အမျိုးမျိုး ပါဝင်နေတာတွေ့နိုင်ပါတယ်။ ဖွံ့ဖြိုးမှုအဆင့်အမျိုးမျိုး၊
ယဉ်ကျေးမှုအမျိုးစုံနဲ့ အလွန် မတူကွဲပြားခြားနားလှတဲ့နိုင်ငံတွေကို စုပေါင်းထားတဲ့အဖွဲ့အစည်းတရပ်ပါ။ တခုတည်းသောတူညီမှုကတော့ ပထဝီအနေအထားအရ ဒေသတခုတည်းဖြစ်နေမှုပါဘဲ။
ဒီဒေသဟာက ကမ္ဘာ့လူဦးရေရဲ့(၄ဝ)ရာနှုန်းနီးပါး။
ခ။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့(၄၄)ရာနှုန်း။
ဂ။ ကမ္ဘာ့ ဂျီဒီပီရဲ့(၅၅)ရာနှုန်း ရှိပါတယ်။

(၂ဝဝ၈)စီးပွားရေးကပ်ဆိုက်လာချိန်မှာ အေပက်နိုင်ငံများအနေနဲ့ တူညီတဲ့စိန်ခေါ်မှုများကို ရင်ဆိုင်လာရပါတယ်။ ဒါတွေကတော့ ယေဘုယျအားဖြင့်
၁။ အရင်းအမြစ်များဆက်လက်ရရှိရေး။
၂။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်ထိမ်းထားနိုင်ရေး။
၃။ ဘက်စုံမညီမမျှဖြစ်မှုများ(ပြည်တွင်းရော၊နိုင်ငံတကာမှာရော) ကိုကိုင်တွယ်ဖြေရှင်းရေးစတာတွေပါ။ ဒါတွေကို ဘယ်လောက် စီးပွားရေးတောင့်တင်းတဲ့နိုင်ငံဘဲဖြစ်ဖြစ် (ဥပမာ-အမေရိကန်)တနိုင်ငံထဲ ဖြေရှင်းလို့မရပါ။ ဒီနေရာမှာ တရုတ်ပြည်က ပြန်အဆိုတင်သွင်းလာတဲ့(FTA-AP)ဆိုတာပေါ်ထွက်လာတာပါ။

၂။ တရုတ်ပြည်ရဲ့အနေအထား။ တရုတ်ပြည်ဟာ အေပက်အဖွဲ့စတင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့သူမဟုတ်ပါဘူး။ နောက်မှဝင်ရောက်လာသူဖြစ်ပေမယ့် ရရှိလာတဲ့အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချပြီး သူ့နိုင်ငံ အတွက်ရော၊ ကျန်အဖွဲ့ဝင်နိုင်ငံများအတွက်ရော အကျိုးရှိနိုင်တဲ့နည်းလမ်းတွေ၊ လုပ်ငန်းစဉ်ယန္တရားတွေကို လက်ဦးမှုရှိရှိ၊ တီထွင်ဖန်တီးမှုရှိရှိတင်ပြမှုတွေ လုပ်လာရာမှာ တခြားနိုင်ငံများရဲ့ထောက်ခံမှု၊ ဝိုင်းရံမှုကို ရလာပါတယ်။

တရုတ်ပြည်ရဲ့အခြေခံပေါ်လစီဟာ“ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး”ဖြစ်ပြီး၊ ဒါရဲ့အခြေခံအတွေးအခေါ်ကတော့ “ကမ္ဘာပေါ်ရှိအရင်းအမြစ်အားလုံးကို မျှမျှတတခွဲဝေသုံးစွဲရင်၊ ကမ္ဘာ့လူဦးရေစုစုပေါင်း(၆)ဘီလီယံကျော်ကို ကောင်းကောင်း ကျွေးမွေးနိုင်တယ်”ဆိုတာပါ။

ဒါ့အပြင် တရုတ်ရဲ့စီးပွားရေးအင်အားကြီးမှုအပေါ် မအီမသာဖြစ်လာပြီး တရုတ်ကိုထိမ်းချုပ်ဖို့အတွက် (အာရှ-ပစိဖိတ်ဒေသကို ပြန်လှည့်လာခြင်း)လုပ်လာတဲ့ အမေရိကန်ကိုလည်း “ပစိဖိတ်ဒေသကြီးတခုလုံးဟာ နိုင်ငံအားလုံး ဝင်ရောက် အခွင့်အလမ်းရှာနိုင်လောက်အောင်ကို ကြီးမားကျယ်ပြောပါတယ်” ဆိုတဲ့အပြောနဲ့ နှစ်သိမ့်ထားပါတယ်။ အမေရိကန်အနေအထားကလည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။

ဒီနေရာမှာ(FTA-AP)ဆိုတာပေါ်လာတာပါ။
၃။ FTA-AP-ဆိုတာဘာလဲ။
ဒီ အေပက်ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့်အတွေးအခေါ် ပေါ်နေတာကြာပါပီ။ ဒါပေမယ့် စိတ်ကူးစိတ်သန်း အဖြစ်ဘဲရှိနေတာပါ။ တခါ စီးပွားရေးကပ်ဖြစ်လာတော့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးတွေက ပိုဆိုးလာပါတယ်။ ဒါ့အပြင် ဒေသတွင်း ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်တွေ၊ နိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှုတွေစတာတွေလည်း မှိုလိုပေါက်လာပါတယ်။ ဒီလိုမျိုးစာချုပ်တွေ အေပက်ဒေသတခုထဲတွင် ၂ဝ၁၃ မှာ ၂၅၇ ခုရှိပါတယ်။ ဒါတွေဟာ တခုနဲ့တခုထပ်နေပြီး အေပက်ရဲ့အခြေခံရည်မှန်းချက်ဖြစ်တဲ့ ကုန်စည်များနဲ့ရင်းနှီးမြှပ်နှံမှုများ လွတ်လပ်စွာစီးဆင်းရေးအတွက် အဟန့်အတားတွေဖြစ်လာနေပါတယ်။

ဒါုအပြင် စီးပွားရေးအရ ကမ္ဘာအနှံ့လက္ခဏာဆောင်လာတဲ့အခါ ကုန်သွယ်မှုသဏ္ဍန်တွေပြောင်းလာပြီး အကျိုးအမြတ်တွေ တွက်ချက်ရာမှာလည်း ရှုပ်ထွေးလာပါတယ်။ ကုန်ပစ္စည်းတခုထုတ်လုပ်ရာမှာ ဒီဇိုင်းဆွဲတဲ့အဆင့်၊ ထုတ်လုပ်တဲ့အဆင့်၊ တပ်ဆင်တဲ့အဆင့်၊ ရောင်းချတဲ့အဆင့် စတဲ့အဆင့်အသီးသီးအတွက် တနိုင်ငံထဲ မလုပ်ဆောင်တော့ဘဲ နိုင်ငံအတော်များများ ပါဝင်လာရပါတော့တယ်။ ဥပမာ iPhone ဆိုပါတော့ ဒီဇိုင်းကို အမေရိကန်က ဆွဲတယ်။ အတွင်းအစိတ်အပိုင်းများကို ဂျပန်နဲ့တောင်ကိုးရီးယားမှာ ထုတ်လုပ်တယ်။ တရုတ်မှာတပ်ဆင်တယ်။ ပြီးမှ ကမ္ဘာတဝှမ်းရောင်းချတယ်။ (ဒါကို Global-value-chain လို့ခေါ်ပါတယ်။ ကုန်သွယ်ရေး၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှပ်နှံမှု တစုံလုံးပါဝင်ပါတယ်)

ဒီတော့အကျိုးအမြတ်တွေ တွက်ချက်ရာမှာခွဲဝေရာမှာ ပြဿနာအသစ်တွေ အများကြီးပေါ်လာပါတယ်။
ဒါတွေကို နဂိုရှိရင်းစွဲ(ဒုတိယကမ္ဘာစစ်အပြီးပေါ်ထွက်လာခဲ့တဲ့“ကမ္ဘာ့ဘဏ္ဍာရေးအဆင့်အနေအထား” အခြေခံ အဆောက်အအုံဖြစ်တဲ့)“W.T.O.`လိုမျိုးက မဖြေရှင်းနိုင်တော့ပါဘူး။ ဒါတွေကို အယင်က ဖွံ့ဖြိုးပြီးနိုင်ငံများ (အမေရိကန်-ဥရောပ)က လွှမ်းမိုးထားတာပါ။ အခုစီးပွားရေးအဟုန်ပြင်းစွာနဲ့တိုးတက်လာနေတဲ့ (BRICS)လို နိုင်ငံမျိုးကရော တခြားဖွံ့ဖြိုးဆဲနိုင်ငံများကရော တရားမျှတမှုမရှိဘူးလို့ မြင်လာကြပါတယ်။ ဒါကြောင့်ဘဲ (၂)နိုင်ငံဆိုင်ရာတို့၊ ဒေသဆိုင်ရာတို့အခြေပြုပြီး လွတ်လပ်စွာကုန်သွယ်ခွင့် စာချုပ်အမျိုးမျိုး ထွက်ပေါ်လာတာပါ။
ဒီကနေ အခွန်အကောက်စည်းမျဉ်း ဥပဒေအမျိုးမျိုးပေါ်ထွက်လာပြီး၊ နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်းများအတွင်း အရှုပ်အထွေးတွေပေါ်ထွက်လာပါတယ်။ ကုန်သွယ်ရေးပဋိပက္ခတွေလည်း ပေါ်ပေါက်လာပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေလည်း ထိခိုက်လာနေပါတယ်။ ကမ္ဘာ့စီးပွားရေးဟာလည်း နလံမထူနိုင်ဘဲ အီလည်နေပါတယ်။ ဒါတွေကိုနိဂုံးချုပ်ပြီး နည်းနာသစ်တွေ ရှာလာကြပါတယ်။ ဒါတွေကြားထဲမှာ အေပက်ဒေသတွင်း အဓိကပေါ်ထွက်လာတဲ့ အမေရိကန်တင်သွင်းတဲ့ T.P.P(တရုတ်မပါ)နဲ့ တရုတ်ကလိုလားပြီး အေစီယံနိုင်ငံတွေနဲ့ဖေါ်ဆောင်ထားတဲ့ RCEP(အမေရိကန်မပါ) သဘောတူညီချက်အတွက် ဆွေးနွေးညှိနှိင်းပွဲတွေ ရှေ့မတိုးနောက်မဆုတ်တွေဖြစ်လာနေပါတယ်။ ဒီမှာတင် တရုတ်က“All inclusive-all win” ဆိုတဲ့ ကြွေး
ကြော်သံနဲ့တင်လာတဲ့ FTA-AP ဆိုတာ ပေါ်လာတာပါ။ ဒီအဆိုရဲ့ထူးခြားချက်က အရင်ရှိပြီးသား သဘောတူညီချက် စာချုပ်တွေကိုဘေးဖယ်ခြင်းမပြုဘဲ၊ အဲဒီစာချုပ်တွေကရရှိထားတဲ့ သဘောတူညီချက်တွေကိုအခြေခံပြီး ထစ်ငေါ့နေတဲ့နေရာတွေမှာ ဖက်ပေါင်းစုံတရားမျှတဖို့ အကျိုးကျေးဇူးတွေကိုမျှမျှတတဝေခွဲနိုင်ဖို့ နည်းလမ်း ပေါင်းစုံတွေကို လက်ဦးမှုရှိစွာ တီထွင်ဖန်တီးမှုရှိစွာတင်ပြတာဖြစ်လို့ အားလုံးကလက်ခံသဘောတူပြီး FTA-AP အတွက် လမ်းပြမြေပုံဆိုတဲ့သဘောတူညီချက် (၂ဝ၁၆ခုနှစ်မှာ-ဒီစာချုပ်အတွက် အခြေခံစည်းမျဉ်းများ အပြီး ရေးဆွဲရန်) ဆိုတာကို ရရှိလိုက်ပါတယ်။ ဒါဟာတရုတ်အတွက်အောင်ပွဲဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ် တရားမျှတရေးကြိုးပန်းနေကြတဲ့ ကျန်အဆင့်အသီးသီးက ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးရဲ့အောင်ပွဲလည်း ဖြစ်ပါတယ်။

၎။ တရုတ်ဘာလို့အောင်မြင်ရသလဲ။
(က) ငွေရေးကြေးရေးအရ အရံငွေများအလျှံပယ်ရှိနေမှု။ တရုတ်ရဲ့နိုင်ငံခြားအရံငွေဟာ ဒီနှစ်အကုန်မှာ ဒေါ်လာငွေ(၄)ထရီလျံ(သန်းပေါင်း၎ သန်း)ကျော်ရှိပါတယ်။ ဒီထဲက (၃)ထရီလျံက အမေရိကန်အာမခံစာချုပ်များ ဝယ်ထားပါတယ်။ ကျန်(၁)ထရီလျံကို နေရာအသီးသီးမှာ ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံနေပါတယ်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေအတွက် ဘဏ်များဖွင့်တာ-(အာရှအတွက်
-A.I.I.B -ဘရစ်ခ-နိုင်ငံများအတွက်-B.D.B.)စတာတွေလုပ်ပါတယ်။

(၂)တရုတ်ရဲ့နည်းပရိရာယ်ကြွယ်ဝမှု၊ ဒီနေရာတွေမှာ ဒါတွေကိုတွေ့နိုင်ပါတယ်။ နဂိုရှိရင်းစွဲ ကမ္ဘာ့ဘဏ္ဍာရေး အဆောက်အအုံတွေရဲ့(ကမ္ဘာ့ဘဏ်၊ အိုင်-အမ်-အက်ဖ်)အခန်းတွေကိုလည်း မထိခိုက်ရအောင် (မိမိတို့က ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများထက် အခြေခံအဆောက်အအုံဆောက်ဖို့ connectivity အတွက်ဘဲလို့) ပြောဆိုဖြေရှင်းတာတွေ လုပ်ပါတယ်။ သဘောကတော့ လိုအပ်တဲ့အရာတွေကိုဖြည့်တာ (complementary) သာဖြစ်တယ်။ နေရာဝင်လုတာမဟုတ် လို့ဆိုလိုတာပါ။ ဒါ့အပြင်-တရုတ်ရဲ့(၂)ဖက်စလုံး(တချို့နေရာတွေမှာ
တော့ သက်ဆိုင်သူအားလုံး)အကျိုးအမြတ်ရရှိရေးဆိုတဲ့မူကိုလည်း အကောင်အထည်ဖေါ်ရာမှာ နည်းနာပေါင်းစုံ ကျင့်သုံးတာပါ။ ဥပမာ-ငွေထုတ်ချေးရာမှာ တရုတ်ကထုတ်ချေးပေးပြီး ဆောက်လုပ်ရေးကန်ထရိုက်ကိုတော့ တရုတ်ကိုဘဲပေးရပါတယ်။ နှစ်အကန့်အသတ်အလိုက် အိမ်ရှင်နိုင်ငံတွေကို ပြန်ပေးရတာတွေရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါ်ထွက်စေပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းအမျိုးအမျိုး (လျှပ်စစ်တို့စွမ်းအင်တို့ပါ) ချောမွေ့သွားတာကြောင့် ဒေသစီးပွားရေးတွေလည်း တက်လာပါတော့တယ်။

တကယ်တော့ တရုတ်က ဒီနည်းလမ်းတွေကို စမ်းသပ်ကွက်အမျိုးမျိုးမှာ (အာဖရိက-လက်တင်အမေရိက စမ်းသပ်လုပ်ဆောင်ပြီး အောင်မြင်မှုတွေရမှ တကမ္ဘာလုံးချီတဲ့သေနင်္ဂဗျူဟာတွေ ဆွဲလာတာပါ။ ဒါဟာ အရင် တရုတ်သမတတွေပြောဖူးတဲ့ သဟဇာတကျတဲ့ကမ္ဘာ (Harmonious World) တည်ဆောက်ရေးဆိုတာရဲ့ အခြေခံတရားပါ။ လက်တွေ့အရအကျိုးရှိမှုကိုလည်း မြင်သာလာပြီဖြစ်တဲ့အတွက် နိုင်ငံအတော်များများရဲ့ ထောက်ခံမှုကို ရရှိတာဖြစ်ပါတယ်။

၃။ ကမ္ဘာ့စီးပွားရေးကပ်ကျော်နိုင်ဖို့ လမ်းစမပေါ်သေးရုံမျှမက တချို့နိုင်ငံများ(ဥပမာ-ဂျပန်) စီးပွားရေး ထပ်လျှောကျမယ့် အရိပ်အရောင်များတွေ့လာနေရမှု။ ကမ္ဘာ့အရင်းရှင်နိုင်ငံများအတွင်းက အကြပ်အတည်းများကို တရုတ်ကကြည့်မြင်ရာမှာ ပေါ်လာတဲ့အခွင့်ကောင်းတွေကို (၂)ဦး(၂)ဖက်အနိုင်ရရေးမူပေါ်က ကြည့်ပါတယ်။
(က) အေပက်အစည်းအဝေးအပြီး အမေရိကန်နဲ့ရလိုက်တဲ့သဘောတူညီမှုများရဲ့စာရင်းဘဲကြည့်ပါ။
တကယ်တော့ ကမ္ဘာ့စီးပွားရေးကပ်အဆိုက်မှာ အမေရိကန်ဒေါ်လာငွေဈေး“ဝေါ”ကနဲ ထိုးမကျသွားတာဟာ တရုတ်ရဲ့ကျေးဇူးပါ။ တရုတ်က သူဝယ်ထားတဲ့အမေရိကန်အာမခံစာချုပ်တွေကို ရရာဈေးနဲ့ရောင်းမပစ်ရုံမက ထပ်တောင်ဝယ်တာတွေ လုပ်ပါတယ်။ (ဒေါ်လာဈေးကျရင် တရုတ်အတွက်လည်း ရေတိုမှာ အကျိုးရှိပေမယ့် ရေရှည်မှာထိခိုက်မှာပါ) ၁၉၉၇ခုနှစ် အာရှစီးပွားရေးကပ်တုန်းကလည်း တရုတ်ဟာဒီလိုဘဲ (ထိုင်း၊မလေးရှား) ကူညီဘူးပါတယ်။ အမေရိကန်စာချုပ်တွေကို ဒေါ်လာ(၃)ထရီလျှံဖိုးအထိ ဆက်ဝယ်ပြီး၊ အခုတော့ အလုံးလိုက် အရင်းလိုက်ဝယ်တာမလုပ်တော့ဘဲ တခြားနေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါတယ်။ ဒါဟာအမေရိကန်တွေကို သတိပေးချက်ပေးတာပါ။ သူတို့မှာ တခြားလမ်းတွေလဲရှိတယ် ဆိုတာပါ။

တရုတ်က တဖက်ကလည်း ဒေါ်လာဈေးကို ထိန်းပေးပေမယ့် တဖက်ကလည်း ဒေါ်လာရဲ့တဖက်သတ် ကမ္ဘာ့ကုန်သွယ်ရေးမှာ အပေါ်စီးယူအမြတ်ထုတ်နေမှုကို တိုက်ဖျက်နေပါတယ်။ (၂)နိုင်ငံကြား ကုန်သွယ်ရေးတွေမှာ ကိုယ့်နိုင်ငံသုံးငွေများဘဲသုံးရန်(swap system)ကို ကျင့်သုံးလာပါတယ်။ တရုတ်ယွမ် နိုင်ငံတကာသုံးငွေဖြစ်အောင် လုပ်ရာမှာလည်း အတော်ခရီးပေါက်နေပါပြီ။ ဒါ့အပြင် သမတအိုဘာမားအတွက်က သမ္မတသက်တမ်း(၂)နှစ်ဘဲ ကျန်ပါတော့တယ်။ ပြည်တွင်းမှာလည်း ရီဗတ်ဗလင်ကင်တွေက ဆီးနိတ်ရော ကွန်ဂရက်မှာပါ အုပ်စီးထားမိပြီဖြစ်လို့ ပြည်တွင်းပေါ်လစီများမှာ သူအပေါ်စီးမရနိုင်တော့။ ရီဗတ်ဗလင်ကင်ဘွတ်ရှ် (အငယ်)ရဲ့သမိုင်းအမွေ စစ်ပွဲ(၂)ပွဲ လက်ခံရယူထားရတဲ့အိုဘာမားဟာ သူရဲ့သမိုင်းအမွေအဖြစ်တော့ ဒီမိုကရက် ကလင်တန်ရဲ့သမိုင်းအမွေလို စီးပွားရေးအရ(အနည်းဆုံးဦးမော့လာတာလေး)ထားခဲ့ချင်မှာပါ။ ဒီအတွက် တရုတ်နဲ့စီးပွားရေးတွေ ပူးပေါင်းလုပ်ဆောင်လာရတာပါ။ တရုတ်နဲ့ချုပ်ဆိုတော့မယ့် “ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်”တွေမှာဆိုရင် အရင်ကပိတ်ပင်ထားတဲ့လုပ်ငန်းတွေ ဖွင့်ပေးထားပါပြီ။ ဒီအတွက် အမေရိကန်မှာ အလုပ်အကိုင်ပေါင်း(၄)သိန်းကျော် ထွက်လာမှာပါ။ တရုတ်ကလည်း အပြန်အလှန်အားဖြင့် သူ့လုပ်ငန်းတချို့ကို ဖွင့်ပေးရပါတယ်။

ဒါကလည်း “နိုင်ငံတော်လက်ဝါးကြီးအုပ်စနစ်”ကိုတိုက်နေတဲ့တရုတ်အတွက် အကျိုးရှိပါတယ်။
ဒါ့အပြင် အိုဘာမားအတွက် အလွန်မျက်နှာရမယ့် သဘောတူညီချက်ကတော့ (ရှေ့မတိုးနောက်မဆုတ်ဖြစ်နေရတဲ့) “ရာသီဥတုအပြာင်းအလဲ”ဆိုင်ရာ သဘောတူညီမှုပါ။

တရုတ်က ပြန်ရလိုက်တာကတော့“စစ်ရေးဆိုင်ရာသဘောတူညီမှု”တွေပါ။ စစ်ရေးလေ့ကျင့်မှုအချိန်ဇယားတွေကို အပြန်အလှန်ဖလှယ်ဖို့၊ အထူးသဖြင့် ရေကြောင်းနဲ့ရေကြောင်းလမ်းကြောင်းများအန္တရာယ်ကင်းရေး (ဒါဟာ တရုတ်ကျေညာခဲ့တဲ့ A.D.I.Z ကို သွယ်ဝိုက်စွာအသိအမှတ်ပြုလိုက်ရတာ) အရေးပေါ်တယ်လီဖုံးလိုင်းတွေ ထားဖို့ (Crisis Management Mechanism) တွေ ပါဝင်ပါတယ်။

(ခ) ဂျပန်နဲ့ရတဲ့သဘောတူညီမှုများ။ ဂျပန်က နောက်ဆုံးထွက်လာတဲ့စာရင်းများအရ ဂျပန်ရဲ့စီးပွားရေးဟာ ထပ်ကျမယ့်လက္ခဏာတွေ ပေါ်နေပါပြီ။ ဒါကြောင့် တရုတ်နဲ့ဆက်ဆံရေးမှာ တင်းတင်းမာမာသဘောထားတဲ့ “အာဘေး”ဟာ တစုံတရာ လိုက်လျှောမှုတွေလုပ်လာရပြီး၊ အချက်(၄)ချက်ပါ သဘောတူစာချုပ်ကို လက်မှတ် ထီုးလိုက်ရပါတယ်။ အဲဒီအထဲမှာ ဂျပန်နဲ့တရုတ်အကြားတည်ရှိနေတဲ့ နယ်မြေအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆိုတာ ပါပါတယ်။ အရေးပေါ် ဖြေရှင်းရေးတွေလည်း ပါပါတယ်။ ဒါတွေဟာတရုတ်ကမြတ်လိုက်တာပါ။ (“ဂျပန်က ကျွန်းတွေကိစ္စဆွေးနွေးစရာမလိုဘူး” သဘောကသူတို့ပိုင်ပြီးသားလို့ တသမတ်ထဲပြောခဲ့တာပါ) တရုတ်ဖက်က ဒီကျွန်းတွေကို မိမိတို့က ပြန်ယူဖို့ပြောနေတာမဟုတ်။ ဂျပန်အနေနဲ့“ပိုင်ဆိုင်မှုအငြင်းပွားမှုတွေ” ရှိတာကိုလက်ခံဖို့နဲ့ ဒီကျွန်းတွေပေါ်နဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာ (၂)နိုင်ငံလုံးအကျိုးရှိနိုင်မယ့်ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလုပ်ဆောင်ကြဖို့သာဖြစ်တယ်”လို့ဆိုပါတယ်။ (ဂျပန်လည်း သိပ်မျက်နှာမပျက်အောင်ပေါ့)

(ဂ) ဒီလိုအေပက်နိုင်ငံများအတွင်း ကြီး(၂)ကြီးဖြစ်တဲ့ အမေရိကန်နဲ့ဂျပန်တို့ တရုတ်နဲ့ပြေလည်သွားတော့ (အတိုင်းအတာတခုဘဲလို့ ဆိုအုံးတော့) ကျန်နိုင်ငံငယ်များဖြစ်တဲ့(ဗီယက်နမ်-ဖိလစ်ပိုင်) အနေနဲ့ကလည်း ပြေလည်လိုက်လာရတော့ တောင်တရုတ်ပင်လယ်ကိစ္စတွေငြိမ်ကျလာပါတယ်။

(ဃ) ဒါ့အပြင် တရုတ်ဟာ အေပက်နိုင်ငံများအကြား စီးပွားရေးအရအင်အားကြီးတွေဖြစ်တဲ့ တောင်ကိုးရီးယားနဲ့ သြစတျေးလျတို့နဲ့ လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူစာချုပ်တွေ အဆုံးသတ်ချုပ်ဆိုဖို့ နောက်ဆုံးညှိုနှိုင်းရေး အစည်းအဝေးတွေရဲ့ဆုံးဖြတ်ချက်တွေ ကြေငြာလိုက်နိုင်ပါတယ်။ (အချိန်ဇယားအတိအကျနဲ့ ထွက်လာနိုင်တာပါ)

၎။ ရုရှားနဲ့ အရင်ဆိုဗိယက်ယူနီယံ(အလယ်အာရှ)နိုင်ငံများနဲ့ဆက်ဆံရေး အလွန်ကောင်းမွန်တာလည်း ပါပါတယ်။ ယူကရိန်းကိစ္စမှာ တရုတ်က အမြတ်အများကြီးထွက်တယ်လို့ အနောက်စာနယ်ဇင်းတွေက ရေးပါတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ အမေရိကန်နဲ့ဥရောပနိုင်ငံတွေက ရုရှားကိုပိတ်ဆို့ရေးတွေလုပ်တော့ တရုတ်ကအဲဒီနေရာတွေမှာဝင်ပြီး ကုန်တွေလည်းရောင်း၊ ရင်းနှီးမြှုနှံမှုတွေလည်း လုပ်နဲ့။ ဒါ့အပြင် နှစ်တွေချီပြီး ဈေးစကားတွေပြောနေရတဲ့ စွမ်းအင်ဆိုင်ရာစာချုပ်တွေလည်း အားလုံးချုပ်ဆိုပြီးသွားပါတယ်။ ဒီတခါမှာလည်း အေပက်နိုင်ငံချည်းမကဘဲ“ရှံဟဲပူးပေါင်းစာချုပ်”ပါ နိုင်ငံတွေကိုပါ ဖိတ်ကြားပါဝင်စေတာကြောင့် အလယ်ပိုင်းအာရှ နိုင်ငံတွေပါလာပါတယ်။ ဆိုဗီယက်ယူနီယံဟောင်းမှာ ပါဝင်ခဲ့တဲ့နိုင်ငံတွေပါ။ သူတို့မှာ စီးပွားရေးအပြင် တခြား အကြပ်အတည်းတွေ(အကြမ်းဖက်ဝါဒ)လည်း ရှိပါတယ်။ အခု တရုတ်က လက်ဦးမှုယူပြီးတင်ပြနေတဲ့ (၂၁)ရာစု ပိုးလမ်းမသစ်(ကုန်းတွင်းပိုင်းရော၊ရေကြောင်းလမ်းပါ) တည်ဆောက်ရေးကို သူတို့က အလွန်စိတ်ဝင်စား
နေတာပါ။ တရုတ်က သူလည်းရင်ဆိုင်နေရတဲ့“အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒ”အန္တရာယ်တိုက်ဖျက်နိုင်ရေး အတွက် ဒေသတခုလုံးစီးပွားရေး တက်လာရေးအတွက် ရည်ရွယ်တာပါ။

တရုတ်ကဘဲရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်မှာဖြစ်တဲ့အတွက် သူတို့တတွေရဲ့ထောက်ခံမှုကို ရတာပါ။ ဒါတွေကြောင့် တရုတ်က ဒီပွဲမှာအောင်မြင်မှုတွေ ရလိုက်တာပါ။ တရုတ်ရဲ့“ကမ္ဘာ့ကုန်သွယ်ရေးနဲ့ဘဏ္ဍာရေးစနစ်” တရားမျှတရေး ကြိုးပမ်းမှုတွေဟာ တစုံတရာအပေါ်စီးရတဲ့လက္ခဏာတွေပေါ်လာနေတယ်လို့ ထင်မြင်မိပါတယ်။

ဒီ အေပက်ညီလာခံနဲ့ တဆက်တည်ကျင်းပခဲ့တဲ့ဂျီ-၂ဝ (နိုဝင်ဘာ၁၅-၁၆ ရက်နေ့များမှာ-သြစတြေးလျ- ဘရစ်ဘိန်းမှာ)ရဲ့ အကြောင်းလည်း အကျဉ်းချုပ်ပြီး ပြောပါအုံးမယ်။ တရုတ်အနေနဲ့ အေပက်မှာရခဲ့တဲ့ အောင်မြင်မှုတွေကို ဆက်ပြီးခိုင်မာအောင်လုပ်နိုင်တာတွေ့ရလို့ပါ။ ကမ္ဘာ့ရှေ့တန်းအရောက်ဆုံးနိုင်ငံများနဲ့ အလျှင်အမြန်စီးပွားတိုးတက်လာနေတဲ့နိုင်ငံ (စုစုပေါင်း(၁၉)နီုင်ငံနဲ့ အီးယူအပါ) စီးပွားရေးအင်အားကြီး(၂ဝ) ပါဝင်ပြီး နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ပွဲပါ။
ဒီ-ဂျီ(၂ဝ)ဟာ--
(က) ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံ။
(ခ) ကမ္ဘာ့ဂျီဒီပီရဲ့ (၈၅)ရာခိုင်နှုံး။
(ဂ) ကမ္ဘာ့ကုန်သွယ်ရေးရဲ့(၈ဝ)ရာခိုင်နှုန်းရှိပါတယ်။
ဒီိပွဲမှာ တရုတ်ရဲ့အာမခံချက်များက
၁။ နောင်(၅)နှစ်အတွင်း သွင်းကုန်တန်ဖိုးပေါင်း ဒေါ်လာ(၁ဝ)ထရီလျှံဝယ်ယူရန်။ နိုင်ငံခြားမှာရင်းနှီးမြှုပ်နှံမှု ဒေါ်လာ(၅ဝဝ)ဘီလီယံ ပြုရန်။
၂။ ကမ္ဘာတဝှမ်း အခြေခံအဆောက်အအုံကွန်ယက် တည်ဆောက်ရေးမှာ ဂျီ(၂ဝ)နိုင်ငံများကိုကူညီရန်၊ ရံပုံငွေများ(ဥပမာ-ပိုးလမ်းမရံပုံငွေ)ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်များ(ဥပမာ A.I.I.B)ဖွင့်လှစ်သွားမယ်။ ဆိုတာတွေ
ပါပါတယ်။

တရုတ်က ပြောနိုင်အားရှိလာတာကလည်း သူ့ရဲ့စီးပွားရေးပုံစံကို ထွက်ကုန်အားပြုတဲ့ပုံစံကနေ ပြည်တွင်းဝယ်အား မြှုင့်တင်တဲ့ပုံစံပြောင်းရာမှာ အောင်မြင်မှုတွေရလာတော့ သုံးနိုင်စွဲနိုင်တဲ့တရုတ်ဈေးကွက်ကြီးဟာ သရေယိုစရာကြီး ဖြစ်လာပါတယ်။ (တရုတ်တွေအတွက် ဗီဇာလျှောက်ရတာ အလွန်လွယ်ကူလာတာတွေကို ကြည့်ပါ)
တရုတ်အနေနဲ့ တခြားကျွဲကူးရေပါရရှိချက်တွေလည်း ရှိပါသေးတယ်။ တရုတ်ပြည်မှာ အခုတလော ပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့”လာဘ်ယူလာဘ်စားတိုက်ဖျက်ရေး”လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့သဘောတူညီချက်တွေပါ။ တရုတ်ပြည်က လာဘ်စားထားတဲ့အရာရှိကြီးတွေ အများဆုံးပြေးခိုလှုံတဲ့ အမေရိကန်၊ ကနေဒါ၊ သြစတျေးလျတို့နဲ့ရာဇဝတ်သားလဲလှယ်ရေးတို့၊ သူတို့နဲ့ပါသွားတဲ့ဥစ္စာပစ္စည်းများ ပြန်ရရေးသဘောတူညီချက်တွေ ရလိုက်တာပါ။

အမြတ်ဆုံးကတော့ ၂ဝ၁၆ ခုနှစ်-ဂျီ(၂ဝ)အစည်းအဝေးကျင်းပခွင့်ကို သြစတျေးလျက ဂျပန်ကိုကျော်ပြီး တရုတ်ကိုပေးလိုက်ခြင်းပါ။
၂ဝ၁၄-ဒီဇင်ဘာ-၃-ရက်။
ကိုးကားစာရင်း။
၂ဝ၁၄ခုနှစ်-အောက်တိုဘာနောက်ဆုံးပတ်နဲ့နိုဝင်ဘာတလလုံးထုတ်ဝေခဲ့၊ထုတ်လွှင့်
ခဲ့တဲ့အောက်ပါစာစောင်များ၊သတင်းဌာနများကအချက်အလက်များရယူပါတယ်။
China Daily.
Beijing Review.
CCTV—Dialogue

CCTV-World Insight.

0 comments:

Post a Comment