Friday, December 26, 2014

၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)
(ကျော်စွာဝင်းတွေ မာပါစေ)
ခု ၄၃၆ ပြင်ရေးလက်မှတ်ထိုးလို့ ထောင်ကျသွားတဲ့ဗိုလ်လေးက ကျော်စွာဝင်းတဲ့။ ဗိုလ်နေဝင်းကို လက်စတုံးဖို့ ပထမဆုံးကြံစည်သူက ကျော်စွာမြင့်ပဲ။ အုန်းကျော်မြင့်တို့ဘာတို့က နောက်မှ။ ဗိုလ်ကျော်စွာမြင့်အကြာင်း ထုတ်ထုတ်ထည်ထည်နဲ့သာမဖတ်ဖူးတာ ဦးကြည်ဆွေရေးတဲ့အထဲ ဦးသောင်းရေးတဲ့အထဲ ဟိုလူဒီလူတွေရေးတဲ့အထဲ ထုံ့ပိုင်းထုံ့ပိုင်းလေးတွေ အစအနလေးတွေတော့ တွေ့ဖူးတာပါပဲ။ ဗိုလ်ကျော်စွာမြင့်အကြောင်း သိသူတွေ လက်လှမ်းမီသူတွေကို မေတ္တာရပ်ခံတောင်းပန်ပါတယ် ကျနော်အပါအဝင် သိလိုသူတွေအတွက်ရော သမိုင်းမှန်ကူကွက်တကွက်ကိုဖြည့်တဲ့အနေနဲ့ ရေးကြပြောကြပါခင်ဗျား။ ဖတ်ပါရစေ။
ခု ဗိုလ်ကျော်စွာဝင်းကိစ္စပေါ်လာပြီ။ စစ်တပ်ထဲမှာ ၄၃၆ လက်မှတ်မထိုးရဘူးလို့ အမိန့်ထုတ်ထားတဲ့ကြားက ဗြောင်ထွက်ထိုးတာ သူပဲရှိမယ်မှတ်တယ်။ ကျနော့်အနေနဲ့ကတော့ လူထုဘက်ကရပ်တည်လိုတဲ့သူ့ဆန္ဒနဲ့သတ္တိကို အသိအမှတ်ပြုသလို တန်ဖိုးထားလေးစားကြောင်းပြောပါတယ်။
လက်ရှိ စစ်အုပ်စုအသုံးတော်ခံ တလက်ကိုင်ဗမာ့တပ်မတော်ထဲမှာ ကျော်စွာဝင်းဟာ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကျော်စွာဝင်းတွေ အများကြီးရှိနေသေးတယ်။ ကျန်တဲ့ကျော်စွာဝင်းတွေ ဒီကျော်စွာဝင်းလို မတရားတဲ့အမိန့်အာဏာကို ပြောင်ပြောင်တင်းတင်းဖီဆန်တွန်းလှန်ကြဖို့ ကျနော်တို့စွမ်းသမျှဖေးမတာ ကူညီတာ အားပေးတာ ဝန်းရံတာတွေလုပ်ကြဖို့ပါပဲ။

ကျော်စွာဝင်းတွေ များသထက်များလေလေ ဗမာစစ်အုပ်စုတလက်ကိုင်ကြေးစားတပ်အဖြစ်ကနေ
ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အဖြစ်
ကမ္ဘာ့အလည်မှာ ထည်ထည်ဝါဝါမြင်ရဖို့နီးလေလေဖြစ်မှာပါ။
တပ်ပြုပြင်ရေး Army Reform ဆိုတာ စစ်တပ်ကစရမှာမဟုတ်ပေမယ့် စစ်တပ်ကိုပြုပြင်ရမှာဖြစ်လို့ အစပိုင်းကတည်းက လူထုနဲ့အတူစစ်တပ်ပါဖို့လိုပါတယ်။
ကျော်စွာဝင်းတွေ ပါမှဖြစ်ပါမယ်။

(ဒေါ်ခင်ဝင်းကိုမှန်တဲ့ကျည်)
လမ်းချော်အောင် လုပ်နေတာတွေ သိသာလာတယ်။ လက်ပန်းတောင်းအရေးဟာ လူတင်ပါလို့နွားကျားကိုက်တာပါ။ ဦးပိုင်(လက်ဝါးကြီးအုပ် စစ်အရင်းရှင်ကြီး)ပါလို့ ဝမ်ပေါင် လာတာပါ။
စစ်အုပ်စုအကျိုးစီးပွားမို့ ခုလောက် မိုက်မိုက်မဲမဲ ကျားကုပ်ကျားခဲကာကွယ်တာပါ။ ဝမ်ပေါင်ဆိုတာလည်း တရုပ်အရင်းရှင်များရဲ့ဓနဥစ္စာနဲ့အကျိုးစီးပွားပါ။ သာမန်တရုတ်တွေဟာ ဝမ်ပေါင်ရဲ့အခစားအလုပ်သမားတွေပါ။
တရုတ်ပြည်က အခြေခံလူတန်းစားကျောမွဲ တရုတ်ပြည်သူတွေဟာလည်း လက်ပန်းတောင်းပြည်သူတွေလို “နင်းပြား”တွေပါ။ ကျနော်တို့ ခင်ဗျားတို့လို အဖိနှိပ်ခံတွေပါ။ တရုတ်ပြုပြင်ပြောင်းလဲရေးမှာ အကျိုးစီးပွားဖြစ်ထွန်းကြ၊ အကြီးအကျယ် ခံစားသုံးဆောင်ခွင့်ရကြသူတွေထဲမှာ တရုတ်လယ်သမားဆင်းရဲသားတွေ မပါပါ။
ကွန်မြူနစ်တဖြစ်လဲ အရင်းရှင်ကြီးများ၊ တရုတ်အစိုးရနဲ့ အမြီးစားဘက်ခေါင်းစားဘက် ဓနရှင်ကြီးများ ခရိုနီကြီးများသာကြီးပွားကုန်ကြတာပါ။ ဝမ်ပေါင်ဟာ အဲ့ဒါတွေထဲကတခုပါ။ တရုတ်တောင်သူတွေထဲမှာလည်း လက်ပန်းတောင်းပြည်သူတွေလို လယ်သိမ်းယာသိမ်းမြေသိမ်း ဘဝသိမ်း အသိမ်းခံရသူတွေ မနည်းလှပါ။ ကျနော်တို့အနေနဲ့ စစ်အုပ်စုလက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို၊ စစ်ဗျူရိုကရေစီယန္တယားကို၊ စစ်အစိုးရကို ဖြိုချဖျက်ဆီးဖယ်ရှားရင်း တရုပ်ခရိုနီဝမ်ပေါင်ကိုလည်း နိုင်ငံတကာစံနှုန်းနဲ့အညီရင်းနှီးမျြုပ်နှံတဲ့ နိုင်ငံခြားကုမ္ဗဏီမဖြစ်မချင်း တိုက်ပွဲဝင်အရေးဆိုရမှာပါ။
တိုက်ရမှာက လက်သည်ရင်း စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား စတာတွေအားလုံးကို ကိုယ်စားပြုထားတဲ့ “လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်“နဲ့ “တရုတ် ဖိနှိပ်သူအစိုးရရဲ့ခရိုနီဝမ်ပေါင်”ဖြစ်ပါတယ်။ ဗမာပြည်မှာနေကြတဲ့တရုတ်လူမျိုးတွေနဲ့ တရုတ်ပြည်ကအဖိနှိပ်ခံ ဘဝတူတရုတ်လူမျိုးတွေကို”မဟုတ်ပါ။
လက်ပန်းတောင်း ဝမ်ပေါင်ကြေးနီစီမံကိန်းအကြောင်းပြုပြီး တရုတ်လူမျိုးဆန့်ကျင်ရေးလှိုင်းကြီး သိသိသာသာထိုးတင်နေတာ ကောင်းတဲ့လက္ခဏာနဲ့ သွေးရိုးသားရိုးကိစ္စလို့မမြင်ပါ။ ပြည်တွင်းနေ တရုတ်အမျိုးသားတွေဘက်ကို အကြမ်းဖက်မြားဦးလှည့်မယ်ဆို လုယက်သတ်ဖြတ် သွေးထွက်သံယိုမှုတွေ၊ စိတ်လက်မချမ်းမြေ့စရာပဋိပက္ခတွေ၊ ပြည်သူ့အကျိုးစီးပွားပျက်တာတွေပဲ အဖတ်တင်ပြီး စစ်အုပ်စုကတော့ အမြတ်ထွက်ပြီးရင်း ထွက်မှာပါ။
လက်ပန်းတောင်းနဲ့မြစ်ဆုံဟာ အချိန်မရွေး မီးပွားချပေးပြီး ထပေါက်ခိုင်းလို့ရတဲ့ ယမ်းပုံကြီးတွေပါ။ စစ်အုပ်စု “မွှေး”ခဲ့တဲ့ မွှေးထားတဲ့ “မီး”တွေပါ။
ကျနော်တို့ “တည်”ပြီး “တိုက်”ရမှာက စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ပါ။
ဒေါ်ခင်ဝင်းနဖူးတည့်တည့် ပစ်ထဲ့လိုက်တဲ့ကျည်ဖူးဟာ ဦးပိုင်ပြောင်းကထွက်တာတာပါ။ ရဲတွေကို “သေနတ်မောင်းခလုပ် ဖြုတ်လိုက်”အမိန့်ပေးနိုင်တဲ့အာဏာဟာ စစ်အုပ်စုလက်ထဲမှာပါ။ သေနတ်ဟာ သူတို့ဆီမှာပါ။

(လုပ်ကြွေးစုံကော်)
သိန်းစိန်လက်ထက် ဖွဲ့ခဲ့သမျှကော်မရှင်တိုင်းဟာ စစ်အုပ်စုကိုအလုပ်အကြွေးပြုဖို့၊ ကာကွယ်ဖို့၊ မှန်ကြောင်းထူထောင်ပေးဖို့နဲ့အနည်းဆုံး ဖာထေးပေးဖို့တွေချည်းပါပဲ။ ခုလည်း လက်ပန်းတောင်းနဲ့ဒေါ်ခင်ဝင်းကိစ္စ ဖွဲ့ဦးမယ်ထင်ပါတယ်။
အသုံးတော်ခံမယ့်သူများလည်း ဖင်တကြွကြွဖြစ်နေကြမယ်ထင်ပါတယ်။
နဖူးတည့်တည့်မှန် ဦးခေါင်းပွင့်ပြီး ဦးနှောက်တွေပါထွက်ကုန်တာဆိုတော့ “ရာဘာကျည်”လုပ်မရဘူးတော့ မှတ်တာပဲ။ နောက်ပြီး ရဲတွေ “အလေ့အကျင့်ကလည်း ရှိနေပြီ”မဟုတ်လား။ ဒီမိုကရေစီနည်းကျကျ သတ်တတ်ဖြတ်တတ်နေပြီမဟုတ်လား။
မီးသင်္ကန်းအကပ်ခံရရှာတဲ့ ကိုယ်တော်တွေတုန်းကတော့ မီးခိုးဗုံးလို့ပြောတာပဲ။ မီးတောက်ကြီးတွေမဟုတ်ဘူး မီးပွားလေးတွေလို့ပြောတာပဲ။

(ပဋိပက္ခတဲ့လား)

လက်ပန်းတောင်းမှာဖြစ်တာမှ ပဋိပက္ခမဟုတ်ဘူး
တပြည်လုံးမှာဖြစ်ခဲ့တာတွေ
ဖြစ်နေတာတွေ
တခုမှ
ပဋိပက္ခတွေမဟုတ်ဘူး

ရည်ရွယ်ချက်ရှိရှိ
ခြေလှမ်းရှိရှိ
အစီအစဉ်ရှိရှိ
လက်ဦးမှုရှိရှိ
လုပ်ကြံသတ်ဖြတ်တဲ့
နိုင်ငံတော် အကြမ်းဖက်မှု State Terrorism တွေချည်းပဲ
လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု Crime Against Humanity တွေချည်းပဲ
လူထုဟာ နိုင်ငံတော်အကြမ်းဖက်ခံသားကောင် Victims of State Terrorism တွေပဲ
လူထုဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်ဒဏ်ခံသားကောင် Crime Against Humanity တွေပဲ

(ခေတ်တိုင်းရဲ့အမျိုးသားရေး)

သေသော်မှတည့်၊ သြော်...ကောင်း၏လည်း
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငန်းလည်း
ဆြာ ရက်ဂျီနယ်ဂရက်ဒေါက် ထွက်သွားလည်း
အမျိုး ဘာသာ ပညာလည်း
ပြည်တွင်းဖြစ်ကို အားပေးပါလည်း

ဟုမ္မရူး
ဒိုင်အာခီ
တွဲရေးခွဲရေး
အကြွင်းမဲ့လွတ်လပ်ရေး
ဖက်ဆစ်တော်လှန်ရေး
လုံးဝလွတ်လပ်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
စစ်အစိုးရဆန့်ကျင်ရေး
စစ်အာရှင်ဆန့်ကျင်ရေး
စစ်ဗျူရိုကရေစီယန္တယားဆန့်ကျင်ရေးတို့မှသည်

အမျိုးသားရေးဟာ
ခေတ်အလိုက်
သမိုင်းအလိုက်
ခေတ်သမိုင်းအလိုက် ရှိခဲ့

တို့ခေတ်ရဲ့အမျိုးသားရေးဟာ
စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်နဲ့
သူ့ ဗျူရိုကရေစီယန္တယားကြီးတခုလုံး
တစမကျန် ဖျက်သိမ်းပစ်ဖို့ပဲ
ဘာ အမျိုး ဘာသာ သာသနာမှ မဟုတ်ဘူး။

0 comments:

Post a Comment