Tuesday, December 16, 2014

၂ဝ၁၄ ဒီဇင်ဘာ ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)
(ကလေးတွေကို သဘာဝလိုချစ်)
မနေ့က ကျနော်အချိန်ပိုင်းလုပ်နေတဲ့ မူကြိုကျောင်းလေးက တလ တကြိမ်လုပ်တဲ့မိဘများအစည်းအဝေးသွား စကားပြန်နဲ့ ကူညီညာလုပ်ခဲ့တယ်။
အသွားအပြန် အကြိုအပို့ကို ဆရာမကြီးက တာဝန်ယူပေးတယ်။ လမ်းမှာ ရာသီအေးလာတဲ့အကြောင်းပြောရင်း "ကျောင်းခန်းပြင်ပလှုပ်ရှားမှုလေးတွေ တချို့ရက်ရွှေ့တန်တာရွှေ့ တချို့ဖျက်တန်တာ ဖျက်ရဦးတော့မယ်၊ ကလေးတွေအတွက် စိတ်မကောင်းစရာပဲ။ ကလေးဆိုတာ ကျောင်းခန်းထဲမှာထက်၊ အပြင်မှာ သဘာဝကြီးထဲမှာ သင်ယူရတာ ပိုပျော်တာမဟုတ်လား၊ တကယ်တော့ ကလေးဆိုတာ ဟန်မဆောင်တတ်တာ ရိုးသားတာ ပွင့်လင်းတာ စိတ်အဖြူထည်အတိုင်းရှိနေတာနဲ့တင် ချစ်ရတာမဟုတ်ဘူး သူတို့လေးတွေကိုယ်တိုင်ကိုက သဘာဝတရားကြီးဖြစ်နေတာဆိုတော့ သဘာဝတရားကြီးကိုချစ်သလို ချစ်ကြရမှာမဟုတ်လား။

သဘာဝတရားကြီးက သူ့ဘာသာသူ ပုံမှန်ဖြစ်နေပျက်နေတာပဲ၊ သူ့အဖျက်ကြောင့် လူတွေပျက်စီးရတာနဲ့တင် လုံလောက်နေပါပြီ။ သူ့ကို ထပ် သွားပြီး လူက မဖျက်မိဖို့တော့ တတ်နိုင်သလောက် ရှောင်ကြရမယ်။ လူက သွားဖျက်လို့ ပျက်ပြီလားဆို လူကိုပြန် ဒဏ်ခတ်တဲ့သဘောရှိတယ် မဟုတ်လား။ ကလေးလည်း အဲ့သလိုပဲ၊ ကလေးတိုင်းကို မိဘက ဝန်းကျင်က လူ့အသိုင်းအဝိုင်းက တိုင်းပြည်က ကမ္ဘာကြီးက ကောင်းအောင် သွန်သင်ပေးနိုင်သလို ဆိုးအောင် ဖျက်ဆီးလို့လည်းရတာပါပဲ။ နဂိုဆိုး ဗီဇဆိုး ဉာဉ်ဆိုးရှိတဲ့ကလေးတောင် ဝန်းကျင်ကောင်းကောင်းနဲ့ သေချာကျနပြုပြင်ပေးရင် အကောင်းဘက်ရောက်လာသေးတာပဲ။ နဂိုကမှ ဆိုးချင်တဲ့ကလေးကို လူကထပ်ဖျက်တော့ ရစရာမရှိအောင် ပျက်တော့တာပဲ။ သူ ပျက်တော့ သူရော သူ့အသိုင်းအဝိုင်းရော တိုင်းပြည်ရော ကမ္ဘာပါ နစ်နာတာလေ"လို့ ကားမောင်းရင်း တကိုယ်တည်းပြောသလိုလို ခတ်တိုးတိုးလေးပြောလာတယ်။

ကျနော်လည်း သူပြောတာ စိတ်ဝင်စားတာနဲ့ စကားထောက်တောင်မလုပ်ပဲ ငြိမ်ပြီးစူးစိုက်နေမိတယ်။

(နှစ်တရာ ဘယ်လိုပြည့်မလဲ)
အောင်ဆန်းရာပြည့်က ဆော်သြသူတွေဆော်သြနေတာ ကြာပြီ။ အင်န်အယ်လ်ဒီကလည်း လုပ်ဖို့ပြင်ဆင်နေတယ်။ လူထုကြားလည်း ကျတန်သလောက်ကျနေပြီ။
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းအနေနဲ့၊
တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်းအနေနဲ့၊
ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရဲဘော်အောင်ဆန်းအနေနဲ့၊
ရဲဘော်သုံးကျိပ်ခေါင်းဆောင် ဗိုလ်တေဇအနေနဲ့၊
ဗမာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့၊
ဖဆပလခေါင်းဆောင် လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းအနေနဲ့ စတဲ့ သူ့နိုင်ငံရေးဘဝတွေအရ ကျင်းပကြမှာပဲ။
စုပေါင်းကျင်းပတာ နေရာခွဲကျင်းပတာတွေလည်း ရှိမှာပါပဲ။
လူထုဘက်ကလည်း နိုးကြားနေလေတော့ နိုင်ငံရေးအနှစ်သာရရှိရှိဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

သွေးသားရင်းတွေဖြစ်တဲ့ ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည် မိသားစုတွေလည်း မတူတဲ့ပုံစံတွေနဲ့ ကျင်းပကြမှာပါပဲ။

အံ့ဖို့ကောင်းလောက်အောင် အသံတိတ်နေတာက စစ်အုပ်စုပဲ။
တကယ်ဆို တပ်မတော်ဖခင်ကြီးဘာညာတွေပြောပြီး၊ ဖခင်ကြီးရဲ့သမီးမို့ ချစ်လိုက်ရတာ ပလီစေ့ခြောက်ခြက်တွေပြောပြီး အမြတ်ထုတ်ဦးမယ်တွေးနေတာ ခုထိ ငြိမ်ချက်သားကောင်းနေတော့ သို့လောသို့လော တွေးစရာတွေဖြစ်တယ်။

ဗိုလ်နေဝင်းလည်း တခေတ်လုံးဗိုလ်ချုပ်အောင်ဆန်းနဲ့အတူမတ်တပ်ရပ် စစ်ယူနီဖေါင်းနဲ့ပုံလေးထုတ်ထုတ်ပြပြီး လုပ်စားသွားတာပဲ။
ဗိုလ်သိန်းစိန်လည်း ဗိုလ်ချုပ်ပုံနောက်ခံထားပြီ ဒေါ်စုနဲ့တွဲ ဓါတ်ပုံအရိုက်ခံလုပ်စားသွားတာပဲ။ အဲ့အထဲမှာ ထူးခြားတာက သန်းရွှေ။ ဗိုလ်ချုပ်နဲ့ပတ်သက်တာမှန်သမျှ လက်စခြေစဖျောက်ဖို့ အကုန်လျှောက်လုပ်ခဲ့တာပဲ။

အဲ့သလိုတွေလျှောက်လုပ်လို့လည်း နေဝင်းတို့ သိန်းစိန်တို့ထက်စာရင် သူက လူထုရန်သူအဖြစ်ပိုမြင်လွယ်ပြီး ပိုအထိုးနှက်ခံရတာပဲ၊ ဒေါ်စုသာ ဗမာ့နိုင်ငံရေးထဲဝင်မလာရင် သူလည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် အငြှိုးတကြီးမရှိမယ့်အပြင် ဖခင်ကြီး ဘာညာနဲ့ လုပ်စားဦးမယ်ထင်ရတာပဲ။

ရမ်းကား ယုတ်မာ ကောက်ကျစ် ရက်စက် ကိုယ်ကျိုးရှာ ပြည်ဖျက်တဲ့နေရာတွေမှာတော့
စစ်အုပ်စုအဆက်အနွယ်မှန်သမျှ သူ့ထက်သူလူစွမ်းကောင်းတွေချည်းပဲ။

ကဲ..ဟုတ်ပါပြီ ခုနေများ မင်းအောင်လှိုင်ကအမကြီးစုရေ ဖခင်ဗိုလ်ချုပ်ရာပြည့်ပွဲကို တပ်မတော်သားတွေနဲ့အတူနွှဲလိုက်ကြရအောင် ထမင်းစားလည်းဖိတ်ပါတယ်ဗျဆို ဘာတွေဖြစ်လာမယ်ထင်သလဲ။ ဒေါ်စုကတော့ဖေ့ဖေ့တပ်မတော်ကြီးကို ချစ်တယ်လို့ အမြဲပြောနေတာပဲ။ ၁၄ ပွင့် ထမင်းဝိုင်းမှာတောင် မန်းဒိတ်မပါလို့ ဘာမှမပြောပေမယ့် တပ်မတော်ကြီးချစ်ကြောင်းတော့ မမေ့မလျော့ပြောခဲ့တယ်မဟုတ်လား။

(စစ်ခွေးလို့ပြောသူ)
မတူဘူး။ နေဝင်းမြေးတွေ လက်ရုံးတွေခြံရံပြီးပွဲထွက်ခံတာဟာ
လိုင်ဇာဗိုလ်သင်တန်းကျောင်းက ဗိုလ်လောင်းတွေအလုပ်ကြံခံရလို့
လူထုကပန်းခွေချ အလေးအနက်ပြုကြတာနဲ့ မတူဘူး။

လိုင်ဇာကိစ္စက တိုင်းပြည်လူထုဟာ
ငြိမ်းချမ်းရေးကို ဘယ်လောက် ငတ်မွတ်ကြောင်း၊
ပြည်တွင်းစစ်ကို ဘယ်မျှ ရပ်တန့်စေလိုကြောင်း
အဖိနှိပ်ခံတွေဘက်က ဘယ်အထိ နာကျင်ကြေကွဲရကြောင်း
စတာတွေအပြင်
အထင်ရှားဆုံးဖော်ပြချက်က
စစ်အာဏာရှင်စနစ်ဆိုးကို ဘယ်အထိ ခါးသီးမုန်းတီးကြောင်းရဲ့ပြယုဂ်ပဲ။

နေဝင်းမြေးတွေကိစ္စက သူတို့ဟာ
စစ်အာရှင်စနစ်ခေါင်းကိုင်ဖခင်ကြီးရဲ့ မြေးအရင်းခေါက်ခေါက်တွေဖြစ်ရုံတင်မက
သူတို့အသွေးအသားထဲမှာ စစ်အာဏာရှင်စရိုက်ဆိုးတွေ ဘယ်မျှကိမ်းဝပ်နေကြောင်း
သူတို့မှာ အဖိုးသစ္စာခံညာလက်ရုံးကြီးတွေ ဝန်းရံထားဆဲဖြစ်ကြောင်း
စစ်အုပ်စုကသာ ခိုင်း၊ တိုင်းပြည်ကိုမီးလောင်တိုက်သွင်းပြမယ်
လူထုဘဝတွေကို ရစရာမရှိအောင် ဖျက်ဆီးပြမယ်ဆိုတဲ့အကြောင်း
စတာတွေအပြင်
အထင်ရှားဆုံးဖော်ပြချက်က
စစ်အာဏာရှင်စနစ်ဆိုးကို ဘယ်အထိ ဖက်တွယ်ပြီး
စစ်အုပ်စုကို ခွေးထက်ကို ပို သစ္စာခံပြီး
ပြည်ဖျက်မယ့်သူတွေဖြစ်ကြောင်း ပြယုဂ်ပဲ။
မတူဘူး။

တူတယ်။ တူတာရှိတယ်။ ဒီလှုပ်ရှား ခုလုံးမှာ၊ သူတို့ဘက်ရော ကိုယ့်ဘက်မှာပါ ဘက်သဘောအရ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် နိုင်ငံရေးသဘော ပါကြတာမှာ တူတယ်။

"သူတို့လုပ်လို့ ငါတို့လုပ်တာ" ဆိုတဲ့ သူတို့အကြောင်းပြချက်ကလည်း မဟုတ်ဘူး။
"ငါတို့လုပ်လို့ သူတို့လိုက်လုပ်တာ"ဆိုတဲ့ ကိုယ့်လူတွေရဲ့ တလွဲဆံပင်ကောင်း
ထောင်လွှားမှုက ပိုတောင် ရွံရှာစက်ဆုပ်စရာကောင်းသေး။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ ကျနော်တို့လူတွေကို ကျနော်တို့ဂုဏ်ပြုတာနဲ့ စစ်အာဏာရှင်အကျိုးစီးပွားကာကွယ်ရင်း သေပွဲဝင်ခဲ့ရသူတွေကို ဒီအသရေယုတ်တွေက အသုံးချတာဟာ အပြုအမူအရလေးတောင် နှိုင်းယှဉ်ကောင်း နှိုင်းယှဉ်အပ်တဲ့အရာမဟုတ်ဘူး။

ဒီနေရာမှာတော့ မတူဘူးလို့တောင် ပြောစရာမလိုဘူး။ ဒါကို တို့လုပ်လို့သူတို့လည်း အားကျမခံ လိုက်လုပ်တာဆိုတဲ့ အမြင်အပြော အကောက်အယူဟာ
အတော့်ကိုဉာဏ်နုံ့နဲ့ပြီး ဆင်ခြင်တုံမရှိမှု နိုင်ငံရေးမရှိမှုပဲ။

(သေလည်း အေးတာပဲ)
သန်းရွှေကြီး အသက်ငင်နေသလိုလိုဘာလိုလို ကြားတာပဲ။
သေသွားလည်း အေးတာပဲ။
ပြည်သူ့လက်နဲ့ မစီရင်လိုက်ရအတွက်တော့ ဝမ်းနည်းတယ်။
အသက် မငင်ခင်က စာဖတ်နေတယ်လို့လည်း ပြောကြတာပဲ။
ဘာစာတွေဖတ်နေတာလို့တော့ ဘယ်သူမှ မပြောကြဘူး။မသေခင် တခုခုလောက်တော့ ပြောသွားဖို့ကောင်းတာပဲ။တိုင်းပြည်ကို အနှစ် ၂ဝ လောက် ဗိုလ်ကျရမ်းကားသွားပေမယ့်စကားလေးတစ်ခွန်းတောင် ပြောဖော်မရဘူး။
(မိဘပြည်သူများခင်ဗျားသိန်းစိန်နဲ့များ ကွာပါ့) 
စကားနည်းရန်စဲတော့လည်း မဟုတ်ဘူး။သတ်လိုက်တာမှ ဘုန်းကြီးမကျန် သောက်သောက်လဲပဲ။နှုတ်နည်းတယ်လို့လည်း ပြောလို့မဖြစ်ဘူး။ဒီအက်စ်အေကျောင်းဆင်းပွဲတွေကြစောင်းလားမြောင်းလားချိတ်လားရွဲ့လားတွေနဲ့ ရွှမ်းရွှမ်းကိုဝေရော။
လူမြတ်တစ်ဦး ကွယ်လွန်ရတာအတွက်
လောက မျက်ရည်မဆည်နိုင်အောင် ဖြစ်ရတာတွေရှိသလို
လူယုတ်တစ်ယောက် မွေးဖွားလာတာအတွက်
မိခင်ဝမ်းရည်စပ်ရတဲ့အပြင်
လောက မျက်ရည်ပေါက်ကြီးငယ် ကျရတာလည်းရှိတာပဲ။
သန်းရွှေ ဘယ်အစားထဲပါသလဲ။

အဲ့ကောင်ကြီး သေသွားလည်း အေးတာပဲ။

0 comments:

Post a Comment