Sunday, December 21, 2014

၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၁-(မျိုးမြင့်ချို)
(သဘောက်စိတ်နဲ့ ဒုက္ခသည်)
အမေရိကန်ကို တိတ်တိတ်ပုန်းပြေးဝင်ခိုလှုံလာတဲ့ ဒုက္ခသည်ကို မယားငယ်လိုခံခဲ့သူ ငြိမ်းချမ်းရေးအရေခြုံ ကြောင်သူတော်တယောက်ကရိုဟင်ဂျာဆိုတာ ဘင်္ဂါလီတဲ့၊ ဘင်္ဂါလီဆို ဘင်္ဂလားဒေ့ရှ်ပြန်တဲ့။ ပြောတာ ကြားဖူးပါတယ်။ တခါတုန်းက သူ့ရန်သူဖြစ်ခဲ့ဖူးဟန်ရှိသူဆီက ထောပနာလေးများ လိုချင်ပုံပဲ။ ဒါလောက်တောင် သူတပါးကိုချစ်စေ့ချင်သူ ပြန်ပါလား ဗမာပြည်ကို။ ကိုယ်တိုင်တောင် ယုံကြည်ချင်ယောင်ဆောင်တာကိုစွန့်ခွာလာပြီး အမေရိကန်မှာ ဓားမနောက်ပိတ်ခွေးဖြစ်နေသူက လူ့အနှိမ်ခံတွေကိုထပ်နှိမ်နေတာ သဘောက်စိတ်ဓာတ် မှတ်တာပဲ။
သာသနာ့ဝန်ဆောင်များပီပီ ဝိနည်းတော်များနှင့်အညီ နေထိုင်ကျင့်ကြံက
ကိုရင်လေးကအစ ဦးပဉ္ဇင်းတို့အလယ် ထေရ်ကြီးဝါကြီးဆရာတော်ကြီးတို့အဆုံး ဘယ်တပါးကိုမှ လူဝတ်ကြောင်တို့က မျက်မွှေးထော်မော်လို့ပင်မကြည့်ဝံ့ကြ။ ကာယကံ ဝစီကံမဆိုနှင့် စိတ်မနောနှင့်ပင် မပြစ်မှားကြ။ ပြောသမျှစကားနှင့် ဟောသမျှတရားတို့၌ လူတို့ တည်ကြ ဆောက်ကြ ပူဇော်ကြ လိုက်နာကျင့်သုံးကြ။ စားဦးစားဖျားမှအစ လှူလှူအပ်ရာတို့အားလည်း စေတနာသဒ္ဓါထက်သန်စွာဖြင့် ထည့်ဝင်ကြ။

ယခုကား လူဝတ်ကြောင်တို့အလုပ် လူဝတ်ကြောင်တို့ကိစ္စများတွင် လူဝတ်ကြောင်တို့ထက်ပင် ပိုရက်စက်ယုတ်ညံ့သော သင်္ကန်းခြုံအကြမ်းဖက်ရဟန်းဆိုး ရဟန်းမိုက်တို့နှင့် ထိုထိုသော အသင်းအပင်းတို့အားဦးဆောင်သော ပညာတတ် ထေရ်ကြီးဝါကြီးတို့ကိုပင် ပြောဝံ့ဆိုဝံ့ဝေဘန်ဝံ့ ဆဲဆိုဝံ့ကြလေပြီ။ မိမိစိတ်အလိုအရ သံဃာစင်ပေါ်မှခုန်ဆင်းကာ အိမ်ယာတည်ထောင် ရွာသူတို့အလေ့၌ပျော်မွေ့လိုသူတိုင်း မလွဲမသွေကြုံရမည့်နိယာမပေတည်း။

(ပြောရမယ့်အပြော)
ပြောပေါ့ဗျာ။ အပြောလည်း ခံပေါ့ဗျာ။ ခင်ဗျားလည်းပြော သူလည်းပြောပေါ့။ ပြောတဲ့နေရာမှာ အပြုသဘောရော အပျက်သဘောရောပါဖို့ပဲလိုတာပါ။ ကောင်းတယ်လို့ ကိုယ်ယူဆတာတွေ့ရင် အပြုသဘော အကောင်းသဘောပြောပြီး၊ မကောင်းဘူးလို့ ကိုယ်မြင်တာကြတော့ ဖျက်ပစ်ရမယ့်သဘော အပျက်သဘောပြောပေါ့ဗျာ။ တချို့လည်း အဲ့သလောက်ရှင်းနေတာကိုအပြုသဘောဝေဘန်ရေးဟာကြိုဆိုအပ်ပြီး အပျက်သဘောဝေဘန်ရေးအား လက်မခံပါတို့ဘာတို့နဲ့ ရှုပ်သွားအောင် လုပ်နေကြသလားလို့မြင်တာပါပဲ။ မကောင်းတဲ့ကိစ္စကို အပျက်သဘော ပြောကိုပြောရမှာပါ။ ပြောရုံတင်မက အတွေးအခေါ်အရပါ တိုက်ခိုက်ဆန့်ကျင်ပစ်ရမှာ မဟုတ်လား။

အဲ့လိုပြောတတ်ဆိုတတ် ဆန့်ကျင်တိုက်ခိုက်တတ်ချင်လို့မှ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတာ မဟုတ်လား။ ခင်ဗျား ကျနော် သူတို့တွေ ဘဝထဲကအချိန်တွေ အပွန်းပဲ့အတိုက်စားခံပြီးလုပ်နေကြ ပြောနေကြတာ လွတ်လပ်မှုဆိုတဲ့အာသီသ တခုတည်းအတွက်ကြောင့်ပဲ မဟုတ်လား။ နို့မို့ဆို ကိုယ့်ထမင်းကိုယ်စားပြီး ဒူးနှံ့နေရုံပဲ မဟုတ်လား။ လူတိုင်းဟာ လွတ်လပ်မှုနဲ့ထိုက်တန်ရုံမက လွတ်လပ်မှုဆိုတာ လူ့မွေးရာ ပိုင်တဲ့အရာဖြစ်လို့ ကျနော်တို့ အရယူနေကြတာမဟုတ်လား။ အဲ့သလို လွတ်လွတ်လပ်လပ် ပြောဝံ့ဆိုဝံ့ ပြောတတ်ဆိုတတ် ဆန့်ကျင်တိုက်ခိုက်တတ်ဖို့ အလေ့အကျင့်တွေ လက်တွေ့တွေ ကျနော်တို့ လိုနေတာမဟုတ်လား။ ခင်ဗျား ကျနော် သူ လူအဖြစ်နဲ့ ရှိကိုရှိရမယ့်အရာတွေထဲမှာ လွတ်လွတ်လပ်လပ်ပြောခွင့်ဆိုခွင့် ဝေဘန်ဆန့်ကျင်တိုက်ခိုက်ခွင့် ပါတယ်မဟုတ်လား။

တခုပဲသတိထားဖို့က ကိုယ်ကောင်းတယ်လို့မြင်တဲ့ ယူဆတဲ့ လက်ခံတဲ့ကိစ္စတခုခုဟာ လူတိုင်းအတွက် ကောင်းချင်မှကောင်းပေမပေါ့ဗျာ။ မကောင်းဘူးမြင်တဲ့သူက ကိုယ့်ကိုဆန့်ကျင်ပေမပေါ့။ ဆန့်ကျင်ပါစေ၊ ကိုယ့်အယူအဆကိုချေဖျက်ပါစေ။ အပျက်သဘောပြောပါစေ။

ကျနော်တို့လိုနေတာ အပြုသဘောရော အပျက်သဘောပါ ပါတဲ့ ဝေဘန်ရေးပဲမဟုတ်လား။

(လူ-အယူ အတိုးလျော့)
ဘယ် ဘာသာဝင်တွေ တိုးတက်လာတယ်တို့ ဆုတ်ယုတ်သွားတယ်တို့ စသဖြင့် အချက်အလက် ကိန်းဂဏန်း စာရင်းဇယား အခိုင်အမာကောက်ယူထားတဲ့ လူဦးရေနဲ့ဘာသာဝင်စစ်တမ်း စတာမျိုးတွေကိုးကားပြီး ပြောကြ ဆိုကြငြင်းကြခုန်ကြတွေက နိစ္စဓူဝလိုလည်းဖြစ် သက်ဆိုင်ရာဘာသာအယူ တူသူတွေလည်း စိတ်ဝင်တစားရှိကြတာမို့ လူသိများပါတယ်။
ကိုယ်နဲ့ လူ တူတူ/မတူတူ ကိုယ့်အယူဘက်လူများလေလေ ဝမ်းသာအားရရှိလေလေ ကလည်း လူတချို့ရဲ့ ဗီဇစိတ္တဇနာ မဟုတ်လား။ နဂိုကတည်းက လူလည်းမတူ အယူလည်းမတူသူများ ကိုယ့်အယူဘက် ကူပြောင်းလာပလားဆို အရူးအမူးဖြစ်တတ်ကြတာလည်း ဥမ္မတကဝေဒနာ တမျိုးပဲမဟုတ်လား။ ကိုယ့်လူ သူ့ဘက်ပြောင်းသွားတဲ့အခါကြတော့လည်း နာလိုက်ရတဲ့ အနာအကျင်မှ သေခန်းရှင်ခန်းဖြတ်တွေက အစ၊ သတ်မှုဖြတ်မှုတွေအလယ် စစ်ပွဲတွေအဆုံး မဟုတ်လား။
သူတို့အမြဲအာရုံပြု ဂရုတမ ထားတာကငါ့လူ ဘယ်လောက်တိုးပွားနဲ့ဆုတ်ယုတ်မဟုတ်လား။ တိုးပွားရင်ဝမ်းမြောက်ပြီး ဆုတ်ယုတ်ရင်အားငယ်ကြတာမျိုး မဟုတ်လား။ တခါ ဆုတ်ယုတ်မှာမှဘက်ပြောင်းသွားတဲ့ အဆုတ်အယုတ်ဟာ အားငယ်ရုံမက နာကျင်ကြေကွဲပါခံစားရတယ် မဟုတ်လား။
အဲ့သလိုတွေသာ လူ၊ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူအသီးသီးထောင့်ကနေ အတိုးအလျော့ကိုကြည့်ပြီး ဝမ်းနည်းဝမ်းသာ စိတ္တဇနာဝေဒနာတွေဖြစ်ကြ၊ ဆန့်ကျင်ဖက်ပြိုင်ကြ၊ သတ်ကြဖြတ်ကြ စစ်တွေဖန်တီးကြပေမယ့် သူတို့အားလုံးမှာဘုံမကြိုက်တဲ့၊ဘုံဆန့်ကျင်တဲ့၊ဘုံမသိချင်ယောင်ပြုထားတဲ့၊ဘုံဝိုင်းတိုက်နေကြတဲ့၊ဘုံသဘောတူညီချက်တခု အထင်အရှာ ရှိနေတာပဲ။
အဲ့ဒီ ဘုံသဘောတူညီချက်နဲ့ သူတို့ရဲ့ဘုံရန်သူကတော့
လူမှာ ဘာသာအယူကိုးကွယ်ယုံကြည်မှုမလိုဆိုတဲ့အတွေးအခေါ်နဲ့ အဲ့ဒီအတွေးအခေါ်ကိုင်စွဲသူတွေပဲဖြစ်တယ်။
တပြိုင်တည်းမှာ သူတို့ သိရက်နဲ့ မမြင်ဟန်ပြုတဲ့၊ ဝန်မခံဝံ့တဲ့အချက်ကတော့နေ့စဉ်နဲ့အမျှ ဘာသာကိုးကွယ်မှု စွန့်လွှတ်သူတွေ တစထက်တစတိုးပွားလာနေတာကိုပဲ။ ဘာမှ မတတ်နိုင်လို့ ရင်နာနာနဲ့ကြည့်နေကြရတာ ဖြစ်နိုင်ရင် ဘာသာပြောင်းသူတွေအပေါ် နာကျည်းတာထက်ပိုနာကျည်း ပိုချေမှုန်းပစ်ချင်တာပါ။
ဘာသာအယူမလိုသူတွေ များလာလေလေ သူတို့အာဏာ၊ သူတို့ဓန၊ သူတို့အသက်မွေးဝမ်းကြောင်းနဲ့ သူတို့ဖာသာ မြှင့်တင်ထားတဲ့စင် ပျောက်ပြီပေါ့၊ ဝိုင်းဝန်းချေမှုန်းကြပြီပေါ့။
ဘာသာကိုးကွယ်မှု စွန့်လွှတ်ကြတယ်ဆိုတဲ့အပိုင်းကိုတော့ သီးသန့်အခြေအနေ အချက်အလက် တရားကိုယ်သဘောတွေနဲ့ သပ်သပ်ပြောရမှာဖြစ်ပါတယ်။
သေချာတာကတော့ ယနေ့ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှုစွန့်လွှတ်သူတွေ တနေ့တခြား များများလာတယ်ဆိုတာပါပဲ။

(ဗမာပြည်ပါ ပါသွားတဲ့ ရေဒီယိုဒီဘိတ်လေး)
ဒီမနက် ရေဒီယိုဒီဘိတ်က အရှည်ကြီးပဲ။ ၄၅ မိနစ်လောက်ကြာတယ်မှတ်တာပဲ။
အကြောင်းအရာက ကျူးဘားနဲ့ပြန်အဆက်အသွယ်လုပ်တော့မယ့် အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီအပြောင်းအလဲကိစ္စ။ ကိစ္စကလည်းနိုင်ငံရေး၊ ပြောတဲ့ဝေါဟာရတွေလည်း ကိုယ်နဲ့ သိတ်မစိမ်း၊ လေယူလေသိမ်းကလည်း တောင်မကျမြောက်မကျ စင်ထရယ်လ်ဒေသသားတွေချည်းဆိုတော့ မဆိုးဘူး အတော်လေး နားလည်လိုက်တယ်လို့ ဆိုရမယ်။
သူတို့ပြောတာကလည်း အရှည်ကြီး။ လူက ယောက်တည်း။ တယောက်ခြင်းစီ တခါပြောရင်ကို အနည်းဆုံး မိနစ်စာလောက်ကြာတယ်။ လှည့်ပြောကြတာ။ တခါတလေးလည်း ငြင်းရင်း ခုန်ရင်း လေသံတွေပြင်း အသံတွေကျယ်ကုန်တာလည်းရှိတယ်။ ကောင်းတယ် ကျနော်တော့ကြိုက်တယ်။ သမ္မတလောင်းတွေ စကားစစ်ထိုးကြတာနဲ့ ဘာမှမဆိုင်ဘူး။ ဟိုဟာက ကြီးကျယ်တာမှန်တယ်။ တပြည်လုံး(ကြီးကြီးကျယ်ကျယ်ပြောရရင် တကမ္ဘာလုံး)နဲ့ ဆိုင်တာမှန်ပေမယ့် လူကြီးယောင် ဆောင်လွန်းတယ်ထင်တာပဲ။ ပြီးတော့ ကိုယ်လည်း တချို့ကိစ္စတွေ အလှမ်းမမီ ညာဏ်မမီဘူး။
ပြန်ချုပ်ရရင် ဒီမနက်ပြောတဲ့ ယောက်မှာ တယောက်က ဒီမိုကရက်ယိမ်းသူ၊ တယောက်က ရီပတ်ဘလီကင်န်တိမ်းသူ၊ နောက်တယောက်က ဘယ်မှ အယူမတိမ်းတဲ့နတ်စိမ်းပဲထားပါတော့။
ဒီမိုကရက်ဆရာကလည်း အိုဘားမားနဲ့ သူ့ပါတီအမြော်အမြင်ကြီးပုံကို ဟိမဝန္တာဖွင့်။
ရီပတ်ဘလီကင်န်သမားကလည်း ဒီမိုကရက်တွေ ညာဏ်တိမ်မိုက်လုံးကြီးပုံကို နှိပ်နှိပ်နင်းနင်း။
နတ်စိမ်းဆရာက ဘက်လုံးက သူကြိုက်တာလေးတွေ လေအေးအေးနဲ့ပြေပြေလေး တလျှောက်လုံးပြောနေရာက ပွဲပြီးခါနီးကြတော့မှ အမြောက်နဲ့ထုသလို ထထုတော့တာပဲ။
သူ့နိဂုံးချုပ်ချက်ကလေးကတော့ မှတ်လောက်တယ်ထင်လို့ ဖေါက်သည်ပြန်ချပါရစေ။
ရီပတ်ဘလီကင်န်တွေအာဏာရရင် ရန်လိုတဲ့စစ်ဝါဒခေါင်းထောင်ထပြီး ရစရာမရှိအောင် သတ်လိုက်ဖြတ်လိုက် တိုက်လိုက်ခိုက်လိုက်တာတော့အမှန်ပဲ။ ဒါပေမယ့် ဒီ ကန်ဆားဗတစ်တွေက လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ အမေရိကန်တန်ဖိုးတို့ကို ထိန်းသိမ်းရာမှာတော့ ဒီမိုကရက်တွေထက်သာတယ်။ ကမ္ဘာ့အရင်းရှင်စနစ်နဲ့ ဒီမိုကရေစီကို ကာကွယ်ရာမှာလည်း စံပြုထိုက်တယ်။
ဒီမိုကရက်တွေအာဏာရတဲ့အခါ အခြေခံလူထုဘဝလေး နည်းနည်းကောင်းယောင်ရှိပေမယ့် သိတ်အဟုတ်ကြီးတော့ မဟုတ်ဘူး။ ကမ္ဘာကြီးနဲ့ သံခင်းတမန်ခင်း စီးပွားရေးအခင်းအကျင်းတွေမှာ တိုင်းပြည်မျက်နှာပန်းလှတာမှန်ပေမယ့် ဒီမိုကရေစီမဟုတ်တဲ့ အာဏာရှင်တွေ ကွန်မြူနစ်တွေနဲ့ လည်ပင်းဖက်လိုက် လက်ဆွဲနှုတ်ဆက်လိုက်လုပ်ပြီးအမေရိကန့်တန်ဖိုးကျအောင် လုပ်ကြတယ်။ ပိုဆိုးတာက ဒီမိုကရေစီမရှိ လူ့အခွင့်အရေး ချိုးဖေါက်ခံရသူတွေမျက်နှာကို မထောက်မညှာလုပ်ကြတာပဲ...တဲ့။

သူဥပမာထုတ်ပြတဲ့နိုင်ငံတွေထဲမယ် ရွှေပြည်ကြီးတောင်ပါသေး။ သူက One of the countries I preferred to mention is Burma, known as Myanmar.....တဲ့ဗျ

0 comments:

Post a Comment