Friday, December 26, 2014

၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂(မျိုးမြင့်ချို)

တရုတ်ကြောက် အလုပ်ပေးတရား (မျိုးမြင့်ချို)
ဗိုလ်အောင်မင်းက “တပည့်တော်တို့လည်း တရုတ်ကို ကြောက်ရပါတယ် ဘုရား”ဆိုတာ အလကားပြောတာမဟုတ်ပါ။
ခဲတလုံးနဲ့ ငှက် ၂ ကောင် ပစ်တာ။ ၂ ကောင်လုံး ထိကြတယ်မှတ်တယ်။ ထိတာခြင်းအတူတူ တကယ်အထိနာတာက ကျနော်တို့ပဲ။ အနောက်အုပ်စုက နာချင်ယောင်ပြပြီး လှလှပပ အမြတ်ထုတ်သွားနိုင်တယ်။ အနောက်အုပ်စု ဘယ်ပုံ အမြတ်ထုတ်ကတော့ မြစ်ဆုံခနဆိုင်းအပြီးနောက်ပိုင်းကစ အိုဘားမှား ၂ ကြိမ်လာနဲ့ အိမ်ဖြူတော်ထိ သိန်းစိန်ပင့်ပြီး ကျောသပ်ရင်သပ် လုပ်ပေးတာတွေကြည့်ရုံနဲ့ သိသာတယ်။ အထူးပြောစရာ မရှိပါ။
ကျနော်တို့ ဘယ်လို အထိနာကြသလဲ။ ဒီနေရာမှာ “ကျနော်တို့”ဆိုတာ “စစ်အုပ်စုဘက်သား မဟုတ်သူ မှန်သမျှ” ဖြစ်ပါတယ်။
ဗိုလ်အောင်မင်း စကားထွက်လာပြီး မကြာဘူး ကျနော်တို့ဘက်ကလူတွေမှာ တုန့်ပြန်သံ ၂ မျိုးထွက်လာတာ သတိထားမိတယ်။ တမျိုးက (နိုင်ငံရေးအရဆန့်ကျင်သံပါပေမယ့်) စစ်အုပ်စုပရိယာယ်ကိုလျှော့တွက်ပြီး လက်တွေ့အရ “ပြည်တွင်းပြည်ပ တရုတ်လူမျိုး ဆန့်ကျင်ရေး”ဖန်တီးမှု။ ကြွေးကြော်သံက “ကြောက်ရင် မင်းတို့ထွက်ပေး တို့ဘာသာချမယ်”။
နောက်တမျိုးက (ပြည်ပစီးပိုးမှုဆန့်ကျင်သံပါပေမယ့်) စစ်အုပ်စုကိုမျက်စပြစ်ပြီး လက်တွေ့အရ “ပြည်တွင်းနေတရုတ်တွေနဲ့ ပြည်မကြီးတရုတ်အစိုးရဆန့်ကျင်ရေး” ဖန်တီးမှု။ ကြွေးကြော်သံက “ဘာမှ မကြောက်နဲ့ တို့ရှိတယ်။ တို့အတူ လက်တွဲချကြမယ်”။
စစ်အုပ်စုဘက်ကပြန်ကြည့်တော့ သူ ဖန်တီးလိုက်တဲ့အာဘော် ကျနော်တို့ကြားထဲ ဘယ်လောက် “ကျ”ကို ချင့်တွက်လို့ရသွားတယ်။ ၂ ခုလုံးကို စစ်အုပ်စုကြိုက်ပါတယ်။ ပထမတခုမှာ “မင်းတို့ကို ဖြုတ်ချမယ်”ပါရင်တော့ အကြိုက်ပြောင်းနိုင်တယ်။ ဒုတိယတခုမှာ “ကိုယ့်ဘာသာ ချ”လို့ဆိုရင် အကြိုက်ပြောင်းနိုင်ပါတယ်။
တုန့်ပြန်ချက် ၂ ခု လုံးက သူတို့လိုချင်တဲ့အဖြေမို့ ဘယ်လောက်အထိ ကြေနပ်သလဲလို့ပြောရရင် အောင်မင်း မူးမူးရူးရူးနဲ့ ”ပြည်တွင်းစစ်မှာ အချင်းချင်းပြန်သတ်လို့ရတဲ့ဘွဲ့တံဆိပ်တွေ”လို့ပြောတဲ့ အပြောကို သေနတ်နဲ့ဗိုလ်တွေ ယမ်းပုံမီးကျပေမယ့် တောင်းပန်စာလေးထုတ်ခိုင်းပြီး ပွဲဖြတ် လိုက်တာအမြင်ပါ။ “တရုတ်ကြောက်”စကားသာ မပြောထားမိလို့ကတော့ ဗိုလ်အောင်မင်းဘဝ ခုလောက်ရှိ ခြေသုတ်ပုဆိုးဖြစ်တာကြာပြီ။
ဒီနေရာမှာ တွေးစရာက စစ်အုပ်စု တရုတ်ကို တကယ်ကြောက်/မကြောက်ပါ။ စစ်အုပ်စု ဘယ်သူ့မှမကြောက်ပါ။ “မကြောက်”လို့ဆိုတာ “သတ္တိရှိတယ်”လို့ဆိုတာမဟုတ်ပဲ “မိုက်မိုက်ကန်ကန်း”အကုန်လုပ်ဝံ့တယ်လို့ ပြောတာပါ။ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ဆို တရုပ်မှမဟုတ် စကြာဝတေးမင်းလည်း(ရှိတယ်ဆို) အရေးမလုပ်ပါ။
ဒါဆို မကြောက်ပဲနဲ့ ဘာလို့ကြောက်တယ်ပြောရသလဲဆို ကြောက်ဟန်ဆောင်ပြပြီး ကျနော်တို့ဘက်က ဘာသံထွက်လာမလဲအတွေးနဲ့ နိုင်ငံရေးအရ အာဘော်ဖန်တီးကြည့်တာပါ။ အနောက်အုပ်စု ဘယ်လောက် သူတို့ဘက်က မဲတင်းပေးမလဲ မျက်စပြစ်တာပါ။
ကျနော်တို့ဘက်ကနေတော့ ရာနှုန်းပြည့်မဟုတ်တောင် သူတို့ အတော်ကြီးရလိုက်ပါတယ်။ အနောက်ဖက်နဲ့တော့ နှမ်းထွက်မကိုက်လိုက်ပါ။ တရုတ်နဲ့“လက်သိတ်ထိုး”နေတာတွေ “အောက်ရေတိုး”နေတာတွေ အန်ကယ်လ်ဆမ်ကြီးသိပါတယ်။ “စစ်ရေးအရတော့ မပေါင်းသေးဘူး” ဆိုပြီး ကိုယ်ရှိန်ပြန်သတ်သွားတာတွေ့မှာပါ။
ကျနော်တို့ ပြောကြတယ်မဟုတ်လား “နိုင်ငံရေးမှာ ကိုယ်က ဘာမှမလုပ်နိုင်သေးရင်တောင် အနည်းဆုံး သူ့ကို အလုပ်တော့ပေးထားရမယ်”ဆိုပြီး။

ခု သူက ကျနော်တို့ကို ပေးထားတဲ့အလုပ်တွေမှာ “တပည့်တော်တို့လည်း တရုတ်ကိုကြောက်ရပါတယ်ဘုရား”လည်း ပါ ပါတယ်။
သတိရှိကြဖို့ပါပဲ။
အလုပ် မများမိကြဖို့ပါပဲ။

(ပစ်မှတ်ရွှေ့ပေးခြင်း)

စစ်အုပ်စုအကွက်ချတဲ့“ပစ်မှတ်ရွှေ့ပွဲ”ဟာ ထိုက်သလောက် ထိရောက်လာတာတွေ့ရတယ်။
ခုဆို မြားဦးဟာ “လက်ဝါးကြီးအုပ်စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဆန့်ကျင်ရေး”ကနေ၊
“စစ်အကျိုးစီးပွား ဦးပိုင်ဆန့်ကျင်ရေး”ကနေ၊
“စစ်အာဏာရှင်ဆန့်ကျင်ရေး“ကနေ၊
“စစ်အစိုးရဆန့်ကျင်ရေးကနေ”
ဝမ်ပေါင်ဘက် တဖြည်းဖြည်းလည်လာပြီ။
တရုတ်ခရိုနီ တရုပ်အရင်းရှင်ဝမ်ပေါင်ရဲ့နိုင်လိုမင်းထက်ကျမှု စီးပိုးမှုတွေကို “ဦးပိုင်”ကိုဆန့်ကျင်သလို အပြတ်ဆန့်ကျင်ရမှာပဲ။
အဲ့ဒါတွေကြားမှာ ရည်ရွယ်ချက်ပါပါ ညှပ်ပြီး“တရုတ်လူမျိုးဆန့်ကျင်ရေး”တွေပါလာတာ သတိထားမိတယ်။

စစ်အုပ်စုရဲ့ လက်သည်မျက်ချေဖြတ်ရေးဗျူဟာ
ရုပ်လုံး နည်းနည်းပေါ်လာနေတာ တွေ့ရပါတယ်။ ဒီဗျူဟာမှာ စစ်တပ်လက်ရှောင်ပြီး
ရဲနဲ့ “တည်”ပေးထားတာကိုလည်း သတိထားကြဖို့ပါ။ ရဲဟာ စစ်အုပ်စုအမိန့်ကို အကောင်အထည်ကူဖော်ပေးရတဲ့ သေနတ်ကိုင်ရုပ်သေးတွေပါ။ အစိုးရအမိန့်မပေးရင် ရဲသေနတ်က ကျည်ထွက်ဖို့မပြောနဲ့ လက်ထဲကနံပတ်တုတ်တောင် မရွယ်ဝံ့မမြှောက်ဝံ့ပါ။
“တရုတ်စီးပိုးမှု”ကို ကျနော်တို့ခင်ဗျားတို့ဆန့်ကျင်သလို စစ်အုပ်စုကဆန့်ကျင်လိမ့်မယ်လို့ မထင်ကြစေချင်ပါ။ ဒီလောက် ကျားကုပ်ကျားခဲကာကွယ်နေတာကိုက ”ဦးပိုင်”အမည်ခံ စစ်စီးပွားကြီးကြောင့်မို့သာပဲ။ ကျနော်တို့ဘက်က မြစ်ဆုံကိစ္စမှာ လူထု၊ အနုပညာရှင်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအားလုံး တခဲနက်ပါသလို ပါမှပဲ လက်ပန်းတောင်းပွဲက ပြတ်မှာပါ။ ဒါတောင် မြစ်ဆုံက “ပွဲသိမ်း”ပြီလို့ ယတိပြတ် မပြောနိုင်သေးပါ။
ကျောက်ဖြူ-ကူမင်း ဂက်စ်ပိုက်လိုင်းကိစ္စမှာ အင်န်ဂျီအိုတချို့၊ ပိုက်လိုင်းတလျှောက်က ဒေသခံတချို့၊ ရခိုင်အမျိုးသားများထဲက တရုတ်စီးပိုးမှုကိုမှန်မှန်ကန်ကန်မြင် တိတိကျကျ အကဲဖြတ်နိုင်သူတချို့လောက်သာပါခဲ့တော့ ဘာမှမထိရောက်ခဲ့ပါ။

လက်ပန်းတောင်းကိစ္စကို မြစ်ဆုံလို ကျနော်တို့အကုန် ပါနိုင်မှဖြစ်မှာပါ။
၂ ခုလုံးဟာ စစ်အုပ်စုအကျိုးစီးပွားကြီးတွေလို့မြင်မှ ရမှာပါ။
အဲ့ဒါကြီးတွေဖျက်နိုင်မှ တရုတ်စီးပိုးမှုရော စစ်ကြီးစိုးမှုရောချည့်နဲ့မှာပါ။
ဧရာဝတီဟာ လူတိုင်းနဲ့ဆိုင်သလို လက်ပန်းတောင်းတောင်ဟာလည်း လူတိုင်းပိုင်ပါတယ်။

ဦးပိုင် မပိုင်ပါ။ ဝမ်ပေါင် မပိုင်ပါ။
ကျနော်တို့ မြားဦးတွေကို လက်ဝါးကြီအုပ်စစ်ဗျူရိုကရက်အရင်းရှင်တွေဘက် တည့်တည့်ချိန်ထားကြပါ။

(ရွံဖို့ကောင်းတဲ့ ဖြောင့်ဖြောင့်ကြီး)
လက်ပန်းတောင်းမှာ ဒေါ်ခင်ဝင်း ပစ်အသတ်မခံရခင်မှာပဲ ဖြောင့်ဖြောင့်ကြီးဆီက မြေယာပြဿနာတွေဖြေရှင်းပေးရမယ်ဆိုတဲ့အသံ ထုတ်လိုက်တယ်။ ဒါ တိုက်ဆိုင်မှုလို့ မြင်တယ်ဆို ကျနော်လည်း “သမ္မတကြီးကိုယုံတယ်” ဆိုသူတွေထဲပါမယ်။ ခုတော့ သမ္မတကြီးလည်းမယုံ၊ သမ္မတကြီးကိုယုံတယ်ဆိုသူတွေကိုလည်း မယုံ။ ဖြောင့်ဖြောင့်ကြီးတော့ မယုံရုံတင်မက ရွံပါရွံတယ်။


(မြေလုပွဲ၊ ပဋိပက္ခ၊ အဓိကရုဏ်း ဘာနဲ့မှ ကူမဖုံးကြနဲ့)
လက်ပန်းတောင်းအရေးဟာ “မြေလုပွဲ”မဟုတ်ဘူး။

မြစ်ဝကျွန်းပေါ်လိုအရပ်တွေမှာ မြစ်ရေကျလို့ “မြေနုကျွန်း”ပေါ်တဲ့အခါ တုတ်တပြက်ဓါးတပြက်နဲ့ တဘက်နဲ့တဘက် တရွာ့တရွာလုကြသလိုလုတာ မဟုတ်ဘူး။
ဒါ မြေနုကျွန်းလုသလို မြေလုပွဲမဟုတ်ဘူး။
မြေနုကျွန်းဆိုတာ ဘယ်သူမှ တသက်စာမပိုင်ဘူး။ မြစ်ကြောင်းနဲ့မြစ်ရေစီးအခြေအနေအရ မြေနုကျွန်းဆိုတာ သူ ပေါ်ချင်တဲ့ဘက် သွားပေါ်တာပဲ။ ကိုယ့်ဘက် လာပေါ်တဲ့နှစ် ကိုယ်ပိုင်တဲ့နှစ်ပဲ။ ကိုယ် ထွက်ယက်စိုက်ပျိုးရုံပဲ။ အဲ့သလိုမဟုတ်တဲ့အခါ “မြေနုကျွန်း”လုတဲ့ “မြေလုပွဲ”ဖြစ်တာမျိုးပဲ။
လက်ပန်းတောင်းအရေးဟာ တသက်လုံး ဘိုးစဉ်ဘောင်ဆက် မြေကန္တာရနဲ့ဘဝကန္တာရကို ခုတ်ထွင်ရှင်းလင်းပြီး ဓားမဦးချတည်ဆောက်လာရကြတဲ့ တောင်သူယာလုပ်ဓါးမခုတ်တွေရဲ့ ဘဝကို အသက်ကို စစ်တပ်ထောင်ပြီး တဖက်သတ်အနိုင်ကျင့်လုယက်သတ်ဖြတ်တဲ့ နိုင်ငံတော်အကြမ်းဖက်မှုပဲ။
တောင်သူယာလုပ်တွေအတွက် မြေဟာ ဘဝပဲ၊ မြေဟာ အသက်ပဲ၊ မြေဆုံးရှူံးသွားတယ်ဆိုတာ ဘဝတွေ အသက်တွေ မျှော်လင့်ချက်တွေ အနာဂတ်တွေဆုံးရှူံးသွားတာပဲ။ တဘက်သတ် အကြမ်းဖက်လုယက်ဖျက်ဆီးခံရတဲ့ သူတို့ဘဝ သူတို့အသက် သူတို့မျှော်လင့်ချက် သူတို့အနာဂတ်အတွက် အသက်ပေးပြီး ခုခံကာကွယ်ရတာပဲ။

“မြေလုပွဲ”လို့မသုံးနဲ့ ဒါ မြေလုပွဲမဟုတ်ဘူး။
“ပဋိပက္ခ”လို့မပြောနဲ့ ဒါ ပဋိပက္ခမဟုတ်ဘူး။
“အဓိကရုဏ်း”လို့ မဖေါ့နဲ့ ဒါ အဓိကရုဏ်းမဟုတ်ဘူး။
ဒါ နိုင်ငံတော်အဆင့်က စနစ်တကျကျူးလွန်တဲ့ အကြမ်းဖက်လုယက်သတ်ဖြတ်မှုပဲ။

(ပူပူပင်ပင် ပူတင်)
ရုရှသမ္မတဗလာဒီမာပူတင်နဲ့ ဝန်ကြီးချုပ် Dmitry Medvedev တို့ကတော့ တက်ညီလက်ညီလှော်ကြပါပြီ။ ရုရှားဆိုရှယ်လစ်ပုံစံနဲ့ ဆိုဗီယက်ယူနီယံပြိုပြီးကတည်းက ယဲ့လ်ဆင်တခေတ်လုံး ကုန်းကောက်စရာမရှိအောင်ကျသွားတဲ့ ရုရှားအမျိုးသားရေးဝါဒကို ဇန်းတင်ဖို့နဲ့တွန်းတင်ဖို့ အမေရိကန်ရဲ့ပိတ်ဆို့မှုကို ကျကျနနသုံးရမယ့်အခွင့်အလမ်းအဖြစ် ကိုင်ကစားနေသလိုပဲ။
ကရိုင်းမီးယားကိစ္စပူတင်ဆုံးဖြတ်ချက်နောက်မှာ သူ့ လက်ဝဲလက်ယာနိုင်ငံရေးရန်သူတွေတောင် သူနဲ့အတူ ကျောခြင်းကပ်နေတာလည်း ထူးခြားနေတယ်။ အမေရိကန်လိုလားပေမယ့် စီးပွားရေးပိတ်ဆို့မှုကိုတော့ ခါးခါးသီးသီးဖြစ်နေတဲ့အသံတွေလည်းထွက်တယ်။ ပူတင့်အစိုးရကလည်း လူထုအမြင်မှာရော ပါတီတွင်းမှာရော ရုရှားစီးပွားပျက်ရင် ရုရှားအမျိုးသားရေးဂုဏ်သိက္ခာကို ထိပါးမယ်။ ဒါ့ကြောင့် အမေရိကန်က ရုရှားအမျိုးသားရေးဂုဏ်သိက္ခာထိခိုက်စေဖို့ရည်ရွယ်ချက်နဲ့ စီးပွားရေးပိတ်ဆို့တာဖြစ်တယ်။ အခုတောင် အမေရိကန်လုပ်လို့ တမဟုတ်ချင်း ရူဘယ်လ်ငွေဈေးတွေထိုးကျပြီး မနက်ဖြန်ပဲတိုင်းပြည်ကြီးပျက်တော့မယောင် သာသာထိုးထိုးလေးတွေလုပ်လာတယ်။
ဒီနေရာမှ ဗမာပြည်က စစ်အုပ်စုနဲ့တော့ ပြောင်းပြန်ကွာတယ်။ စစ်အုပ်စုဗျူဟာက တဘက်ကနေစီးပွားရေးပိတ်ဆို့တာတို့မမှုပါ တွင်တွင်အော်ပြီး အခြားတဘက်မှာတော့ အမေရိကန်နဲ့အလွမ်းသင့်ဖို့ ကြိတ်ဖန်တီးတာမျိုး။ မျက်စပြစ်ပြစ်ပြတာမျိုး။ ရုရှားက အမေရိကန်လုပ်လို့ တို့တော့ဘဝပျက်စပြုပြီ၊ ဒီအတိုင်းဆိုတိုင်းပြည်ကြီးပျက်တော့မှာပဲ၊ ရုရှားအမျိုးသားရေးဂုဏ်သိက္ခာတွေအထိပါးခံနေရပြီ စတာတွေဝါဒဖြန့်ပြီး တရုတ် အိန္ဒိယစတာတွေနဲ့ လက်မြဲမြဲတွဲ စစ်ရေးစီးပွားရေးဆက်ဆံမှုတွေတိုးချဲ့တည်ဆောက်တယ်။ တပြိုင်တည်းမှာ အာဖရိက၊ လက်တင်အမေရိကနိုင်ငံတွေနဲ့လည်း အလွမ်းသင့်အောင်နေတယ်။ ပြည်တွင်းနဲ့ပါတီတွင်းမှာလည်း ဇာတ်ပိုနာအောင် ငိုချင်းရှည်ရှည်ချတယ်။
ဇိုင်ရင်နော့စကီးတို့လို အမျိုးသားရေးဝါဒီလက်ယာစွန်းသမားတွေရော ကွန်မြူနစ်ဟောင်းတွေရော အလယ်အလတ်လစ်ဘရယ်လ်ဝါဒီတွေရော ရုရှားစစ်တပ်ကရော ပူတင့်လုပ်ဟန်နဲ့မူကို လွှတ်ကြိုက်နေတာ ကြိတ်ကြိုက်နေတာတွေသတိထားမိတယ်။ တချို့ ထုတ်မပြောတာပဲရှိတာ။ ကရိုင်းမီးယားဝင်သိမ်းတာအကြောင်းပြုပြီး ရုရှားကိုပိတ်ဆို့မှုလုပ်လိုက်လို့ နဂိုကမှ ညီညီးထနေတဲ့ ရုရှားအမျိုးသားရေးဝါဒ ဟုန်းဟုန်းတောက်လာတာလည်း မြင်နေရတယ်။

ရေရှည်မှာ ပိတ်ဆို့မှုကြောင့် ဘာတွေဖြစ်မယ်မဆိုသာပေမယ့် ကျူးဘားလို လက်တောက်လောက်နိုင်ငံတောင် နှစ် ၅ဝ ကျော်တောင့်ခံနိုင်တဲ့ သာဓကလည်းရှိတယ်။
ပူတင်ဟာ ကေဂျီဘီထိပ်သီးတယောက်ဖြစ်ခဲ့သူဆိုတာကို မေ့ထားလို့တော့ မဖြစ်ဘူးမှတ်တာပဲ။

(အရင်လောက်ဆို အရင်လို)

အရင်ကလောက်ပဲ
ဒီမိုကရေစီ ပါ

အရင်ကလောက်ပဲ
လူ့အခွင့်အရေး ပါ

အရင်ကလောက်ပဲ
ဒို့အရေး ပါ

ဒီ့ထက်ပိုမသိ
ကိစ္စမရှိပါ

အရင်ကလိုပဲ
ပြည်သူဘက်ကရှိ

အရင်ကလိုပဲ
ဖိနှိပ်သူဆန့်ကျင်

အရင်ကလိုပဲ
ခေါင်းဆောင်တင်မယ်
ခေါင်းဆောင်ထင်မယ်

0 comments:

Post a Comment