Sunday, December 7, 2014

၂ဝ၁၄ ဒီဇင်ဘာ ပထမပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ ပထမပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ -(မျိုးမြင့်ချို)
(မကြည်ညိုရ မနေနိုင်သူများ)
ထိုင်းမှာ နှစ်နီးပါးနေဖူးတယ်။
ဘုရင်နဲ့မိသားစုကို တကယ့်ကို ကြည်ညိုလေးစားသူတွေလည်းတွေ့ဖူးတယ်။
သာမန်ကတော့ ဥပဒေနဲ့ မလေးစားမနေရလုပ်ထားလို့
မလေးစားရမနေနိုင်ဖြစ်သွားသူတွေများတယ်။
ဘုရင်ကို တောပြောတောင်ပြော ပြောဖို့မပြောနဲ့
ဘုရင့်ပုံပါတဲ့စက္ကူလေး လမ်းဘေးမိုးရေထဲမျောနေတာ
အမြင်မတော်လို့(လက်မအားတာနဲ့)ခြေထောက်နဲ့လှမ်းဆယ်တဲ့လူ ထိုင်းပုလိပ်အဖမ်းခံရတာတောင်ရှိတယ်။
ဘုရင့်သွား ဝေဘန်လို့ ထောင်ချခံရတဲ့မီဒီယာသမားတွေ ထောင်ထဲမှာ ရိုက်သတ်လို့မကုန်ဘူး။
ဘယ်လောက်ဖမ်းဖမ်း ဦးဆောင်ပြီးပြောသူကပြောတော့ လူတွေလည်းတဖြည်းဖြည်း အမြင်ကျယ်ပြီး နန်းတော်အသိုင်းအဝိုင်းကို ပြောဝံ့ဆိုဝံ့ရှိလာကြပြီ။ ဒါတောင် ထိုင်းတော်ဝင်မိသားစုက စည်းမျဉ်းခံဘုရင်တွေဖြစ်ပြီး နေတတ်ထိုင်တတ်ရှိတဲ့အပြင်
လူထုအကျိုး တိုင်းပြည်အကျိုးဆောင်နိုင်သေးကြတာ။ မဆောင်များ မဆောင်နိုင်လို့ကတော့ ဘာပြောကောင်းမလဲ။ ထိုင်းစစ်တပ်နဲ့ ထိုင်းဓနရှင်လက်ယာနိုင်ငံရေးသမားတွေ ပါတီတွေကတော့ ဘုရင့်မိသားစုသြဇာကို ဘယ်လိုကိုင်ပြီးအသုံးချရမလဲပဲ အမြဲတွေးတာ။
ထိုင်းအလုပ်ရှင်မျက်နှာ ထိုင်းပုလိပ် လူဝင်မှု အလုပ်သမားအရာရှိစသူတွေမျက်နှာကြည့်ပြီး
ထမင်းတစ်လုပ်တုတ်တစ်ချက်ဖြစ်နေရှာကြရတဲ့ ဗမာပြည်သား တရားဝင်ရော တရားမဝင်ပါရွှေ့ပြောင်းအလုပ်သမားတွေဘဝက
ထိုင်းဘုရင်ကို ထိုင်းတွေထက်တောင် ပိုလေးစားပြပိုကြည်ညိုပြကြရတာ ကိုယ်တွေ့တွေရှိတယ်။
လူဟာ လူကို တကယ့်အရင်းခံစိတ်ကြောင့် သီလ သမာဓိ သက္ခာ ပညာ စတာတွေကြောင့် လေးစားကြည်ညိုကြတာရှိတယ်။ ဒါက တသက်လုံးစာပဲ။
မလေးစားမကြည်ညိုမနေရလုပ်ထားလို့ အောင့်အီးလေးစားကြည်ညိုရတာရှိတယ်။
ဒါက ပြန်လှန်လို့ရရင် ငါနဲ့ပါကိုင်တုပ်တာပဲ။
မလေးစားမကြည်ညိုမနေရအလုပ်ခံရတာကြာပြီး မလေစားမကြည်ညိုမနေနိုင်ဖြစ်သွားတာမျိုးလည်းရှိတယ်။
ဒါကြ အရိုးစွဲပါစွဲပြီး ကောင်းတဲ့ယဉ်ကျေးမှုလို့ ထင်ယောင်ထင်မှားပါဖြစ်ကရောပဲ။
ဝေးဝေးမကြည့်နဲ့ လူကြီးဆိုတဲ့အကောင်တွေတွေ့ရင်
တချို့ လက်အုပ်မချီရမနေနိုင်ဖြစ်နေကြတာ မြင်တယ်မဟုတ်လား။

(ဒုက္ခသည်နေရာရောက်တဲ့ စူပါ ပါဝါ)
က ၁၁ ခွဲမှာ ဒုက္ခသည်မိသားစုတစုကို လေဆိပ်သွားကြိုတယ်။ စောင့်ရင်း တီဗီကြည့်တော့ သတင်းက နူးယော့ခ်စီးတီးကဆန္ဒပြပွဲတွေနဲ့ချည်းပြီးနေတယ်။ ဆေးလိပ်တရားမဝင်ရောင်းတဲ့ အာဖရိကန်-အမေရိကန်လူမည်းတယောက်ကို ပုလိပ်ကဖမ်းချုပ်ရင်း လည်မျိုညှစ်သလိုဖြစ်ပြီး အသက်ရှူရပ်သေသွားတာကို အမှုတင်တော့ ဂျူရီလူကြီးများက ပုလိပ်မှာအပြစ်မရှိဆုံးဖြတ်ပြီး ရုံးကလွှတ်ပေးလိုက်တာကို မကြေနပ်လို့ပြနေကြတာ တရုန်းရုန်းပဲ။ မပြီးတော့ဘူး ဒါတွေကိုပဲ ပြနေပြောနေတော့တာ။ ဖါဂူဆန်ကိစ္စကြီးလည်း မပြီးသေး။
ဒါနဲ့ ဘေးနားကထိုင်ပြီး သူ့ကွန်ပြူတာလေးနဲ့ သတင်းတွေဖတ်ရင်း ဖုန်းပြောနေတဲ့ ချာတိတ်မကိုကြည့်တော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ဟယ်..ဒါဆို တို့က ကမ္ဘာမှာ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သွားပြီပေါ့ဆိုပြီး ဟိုဘက်ကိုလှမ်းပြောတယ်။ ကျနော် အနားရှိနေတာ သတိထားမိတော့မှ ဖုန်းပြောနေတာရပ် ကွန်ပြူတာလေးပိတ်ပြီး နည်းနည်းပါးပါးမိတ်ဆက်ရင်းနင် နိုင်ငံရေး စိတ်ဝင်စားလားတဲ့။ ကျနော်ကအင်းဆိုတော့ခုန သတင်းထဲမှာ IMF-International Monetary Fund ကပြောတယ်။ တရုတ်ပြည်ရဲ့ GDP က အမေရိကန်ထက်သာသွားပြီတဲ့။ ကမ္ဘာမှာ စီးပွားရေးမှာ တရုတ်က ပထမ၊ အမေရိကန်ဒုတိယ၊ ဂျပန်တတိယတဲ့၊ နင်သိလားလို့ပြောတယ်။ ကျနော်လည်းမသိသေးဘူးပြန်ပြောရုံပဲရှိသေးတယ် လေယဉ်အမှတ်ဘယ်လောက် Landed ဖြစ်ပြီဆိုပြီး ခရီးစဉ်ဇယားမှာတွေ့တာနဲ့ စကားဖြတ်ပြီး သူလည်းထ ကိုယ်လည်းထ ထကြတယ်။
အဲ့ဒီလေယဉ်မှာ ဗမာဒုက္ခသည်မိသားစုပါလာမှာမဟုတ်လား။ ဒုတိယတာ မယတာ ခနထား၊ ဒုက္ခသည်တွေကတော့ နိုင်ငံတကာကနေ တဖွားဖွားရောက်နေကြတုန်းပဲ။ ကျနော်တို့လင်မယားလည်း မကြာမကြာ လေဆိပ်လာကြို နေရာချထားရေး ကူညီလုပ်ကိုင်ပေးနေတုန်းပဲ။

(အာဘွားနိုင်ငံရေး)
နိုင်ငံရေးတွေ သံတမန်ရေးတွေ စီးပွားရေး စစ်ရေး အတွင်းရေးတွေခနထားပါဦး။
နော်ဝေဘုရင်ကြီးကမှ တခါပဲလာရုံရှိသေးတယ်
ဗမာပြည်သူတွေအတွက် ဝမ်းနည်းကြောင်းပြောသေး။
သူဝမ်းနည်းကြောင်းပြောလို့ ကိုယ်တွေမှာ ဝမ်းသာရသေး။
အိုဘားမားတို့များ စစ်ဗိုလ်တွေကို နသားပါယားလုပ်လိုက်
ဒေါ်စုကို အာဘွားလေးပေးလိုက်နဲ့ ပြန်သွားတာချည်းပဲ ခေါက်ရှိပြီ။
တခါမှလည်း ဝမ်းနည်းတယ်လေးတောင်ပြောဖော်မရဘူး။
ဝမ်းနည်းစရာကောင်းလိုက်တာ။
နော်ဝေဘုရင်က နောက်တခါလာလည်း ဝမ်းနည်းကြောင်း ပြောမှာပါ။ ဝမ်းနည်းရမယ့်အချိန်ကိုး။ ၁၉၈၈ ကတည်းကစပြီး အလွန်အမင်းစိုးရိမ်ပူပန် အနီးကပ်စောင့်ကြည့် ရှုတ်ချပြစ်တင်ကနေ ဝမ်းနည်းတဲ့အထိရောက်ဖို့ကြားမှာ အဆင့်တွေအများကြီးခံထားရတာပါ။ ဘာပဲဖြစ်ဖြစ် ဗမာပြည်သူတွေ ခုလို ဒုက္ခစုံခံစားနေကြရတာ သူသိမြင်အောင်မေးပြော ပြောပေးတဲ့ သတင်းထောက်ကို ကျေးဇူးတင်တယ်။ ဝမ်းနည်းတယ်ပြောဖော်ရလို့ ဝမ်းသာတယ်။

(မယားငယ်လက်နက်ချ)
ပဲခူးရိုးမလက်နက်ချဘိုးတော်တယောက်နဲ့ ၉၀ နောက်ပိုင်း တောင်ငူထောင်မှာဆုံလိုက်တယ်။
၈၈ နိုင်ငံရေးအဆက်ကျောင်းသားထဲက တယောက်က စကားပြောရင်း ဒီဘိုးတော် နိုင်ငံရေးအရ အခံရသက်သာပါစေသဘောနဲ့အဘတို့ အလင်းဝင်တုန်းက.........”ပဲရှိသေးတယ် စကားတောင်မဆုံးလိုက်ဘူး လူမမာလဲ လဲနေတဲ့ဘိုးတော်က ငေါက်ကနဲထထိုင်ပြီးငါ လက်နက်ချကွ လက်နက်ချ။ ကြောက်လို့ သေရမှာကြောက်လို့ လက်နက်ချလာတာ။ အလင်းဝင်လာတဲ့ကောင် မဟုတ်ဘူး။ အလင်းဝင်ရအောင် ငါကအမှောင်ထဲကကောင်မို့လို့လား။ နေဝင်းစစ်အုပ်စုကရော အလင်းထဲကကောင်တွေမို့လို့လားလို့ စိတ်ဆိုးမန်ဆိုးတုန့်ပြန်တာ ကိုယ်တွေ့မြင်ခဲ့တယ်။
သူ့အတွက် လက်နက်ချတာဟာ လက်နက်ချတာထက်မပိုဘူး။ အခြေအနေအရလက်နက်ပဲချခဲ့တာ အတွေးအခေါ်အရမချဘူး။ ပြီးတော့ အဲ့ဒီခေတ် ဗကပလက်နက်ချတွေရတဲ့ကိုယ်ကျိုးအခွင့်အရေး ဘာတခုမှယူခဲ့ပုံမပေါ်ဘူး။ သူက လက်နက် တခါပဲချတာ။ သေသည်အထိ စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ဖျက်သွားတယ်။
သူ့လို မဟုတ်ပဲ မသေမချင်း မကြိမ်ကြိမ်ချရတဲ့ လက်နက်ချတွေလည်းတွေ့ဖူးတယ်။
ပြီးတော့ လက်နက်ချရုံတင်မကဘူး သစ္စာပါဖေါက်တဲ့လူတွေလည်း ကြုံဖူးတယ်။ ဆိုတော့ အခြေအနေအရချချ အတွေးအခေါ်အရချချ သစ္စာပဲဖေါက်ဖေါက် အဲ့ဒီလူတွေဟာ သူတို့ လက်နက်ချဖြစ်ကြောင်း သစ္စာဖေါက်ဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း ရဲရဲရမ်းရမ်းပြောနိုင်တယ် ပြောလည်းပြောတယ်။ ဟိုလိုလို ဒီလိုလိုမလုပ်ဘူး။ တိုင်းပြည်ကို လူထုကို အဖွဲ့အစည်းကို နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်ကိုယ်တောင် မလှည့်ဖျားဘူး။ စစ်အုပ်စုဆီက ရသမျှအခွင့်အရေးလည်း လက်ဖြန့်တောင်း ဒူးထောက်တောင်း တောင်းတယ်။ဘာပဲပြောပြော(ကြိုက်တာမကြိုက်တာ ခနထား) စကားတည်အနေတည်တွေမို့ တော်သေးတယ်။
ခု အပစ်ရပ်တဲ့အထဲက ခေါင်းဆောင်ဆိုသူတွေထဲမှာတချို့ဟာ အပေါ်ကပြောတဲ့ လက်နက်ချများနည်းတူ သူတို့ရန်သူထံက လက်ဖြန့်ဒူးထောက်တောင်းတဲ့နေရာမှာတူတယ်။
မတူတာက သူတို့ဟာ အကြွင်းမဲ့လက်နက်ချတာလည်းမဟုတ် ဗြောင်လည်းကိုင်ခွင့်မရှိ၊ စစ်လည်းမဖြစ် ငြိမ်းချမ်းရေးလည်းမရနဲ့ လအော့လအယ်တွေလိုဖြစ်ပြီး စကားကို တည်တည်တန့်တန့် တည်တည်ကြည်ကြည် မပြောနိုင်တော့တဲ့ဘဝ ပြောလို့မရတော့တဲ့ဘဝတွေကို ရောက်နေကြတာမြင်တော့ ရင်ထဲမကောင်းဘူး။ စိတ်လည်းထိခိုက်မိတယ်။
တချိန်က သူတို့ရဲဘော်တွေရဲ့စွန့်လွှတ်မှုဟာ ကြီးမားပြောင်မြောက်သလောက် ဒီလူတွေ ခုတော့ သေးသိမ်မှေးမှိန်နေရလေပြီလား။

(အယာတိုလာဝီနဲ့သီ)
အယာတိုလာခိုမေနီလက်ထက် အီရန်လို ဘာသာရေးပုလိပ်တွေခန့် မထင် မထင်သလိုလုပ်ခွင့်အာဏာအပ်ပြီး ဘာသာတရားနဲ့ လူထုကိုပြားနေအောင်နင်းမယ်ဆို ဝီရသူဘုန်းကြီးယုတ်ဦးဆောင်တဲ့ဘာသာရေးပုလိပ်တပ် ဖွဲ့ဖို့ကောင်းပြီ။ သီရိလင်္ကာလို တဇောက်ကန်းအကြမ်းဖက်ဘုန်းကြီးဆိုးတွေနဲ့ ဘာသာရေးအသုံးချမင်းတွေ ပင်းပြီး နှိပ်ကွပ်မှု လူမဆန်မှုတွေနဲ့အတိပြီးတဲ့ပြည်ဖြစ်ဖို့ကြံတာဆို သီတဂူလိုဘုန်းကြီးမိုက်ကို သာသနာပိုင်ချုပ်မှူးကြီး ခန့်ဖို့ကောင်းပြီ။

(ပြန်မဆဲဘူး ဆဲသာဆဲ)
ဘယ်သူ မှန်တယ်မှားတယ် ဘာမှမပြောလိုပါ။ ဘက်သဘောအရ ဆန့်ကျင်ဘက်ဖြစ်တယ်ဆို မိတ်ဆွေလိုဆက်ဆံဖို့မှ မလွယ်တာ။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဖို့ဆိုတာ တစ်ဘက်တည်းနဲ့မရပါ။ တစ်ဘက်တည်းရဲ့ကိစ္စမဟုတ်ပါ။ ကျနော့်ဆန့်ကျင်ဘက်လူတွေ ဆဲတာဆိုတာ အမနာပပြောတာ ဘာဆန်းမလဲ။ ဖြစ်နိုင်ရင်(တချို့များ) စိစိညက်ညက် အမှုန့်တောင် ကြိတ်ပစ်လိုက်ချင်တာကလား။ ကျနော့်မလည်း အဲ့ဒီစိတ်မျိုးရှိတာပါပဲ။ သူတို့ မကြိုက်တဲ့အကြောင်းတွေ ပြောရပါ့မလားဆိုပြီး ဆဲကြဆိုကြတာမို့လို့ နားလည်လို့ရပါတယ်။ ကျနော်ပြန်မဆဲတာက မဆဲတတ်လို့တော့မဟုတ်ပါဘူး။ မဆဲချင်တာပါပဲ။ ဆဲတာ သင်ရတဲ့ပညာမှ မဟုတ်တာပဲလေ။ နောက် ပိုအရေးကြီးပြီး ပိုလည်းအဓိကကျတာက ကျနော်က သူတို့မကြိုက်တာတွေ ရေးလည်းရေးသေးတယ် ပြီးတော့ သူတို့မကျေနပ်လို့ဆဲတော့ ပြန်လည်းဆဲသေးတယ်ဆို ကျနော် မလွန်လွန်းဘူးလား။ မကြိုက်တာလည်း သွားပြောသေးတယ်။ မကြိုက်လို့ဆဲတော့လည်း ပြန်ဆဲသေးတယ်ဆို မကောင်းတော့ဘူးလေ။

(အမတ်ရှုပ်များမလုပ်ချင်)
"ဦးလေးရေ အလုပ်ကအဆင်မပြေဘူး။ ရတာမှ တစ်လ သိန်း။ ခိုင်းတာက တရားလွန်။ အိုဗာတိုင်မ်းကြေးမပြောနဲ့ တခါတလေ ခရီးစရိတ်တောင် မရချင်ဘူး။ စိတ်လည်းညစ်တယ်။ ဘာလုပ်ရင်ကောင်းမလဲ"လို့ ပညာရပ်ဆိုင်ရာမာစတာအထိပြီးထားတဲ့ တူမတယောက်ကမေးတယ်။ "အမတ်လုပ်ကြည့်ပါလား၊ ဘာ ဘေးပေါက်မှလက်မခံနဲ့ဦး လုပ်ခတလ ဆယ်သိန်းအပြင် နေ့တွက်က သောင်း အသားတင်ရမယ်"လို့နောက်မိတော့ "အာ..ရှက်စရာကြီး၊ ဦးလေးကလည်း သမီးက အကောင်းပြောတာ"တဲ့။ သူ ဘာကို ရှက်တာလဲတော့ ကျနော်အသေအချာ မပြောတတ်ပေမယ့် "အမတ်လုပ်ရမှာ ရှက်တယ်" ဆိုတာတော့သေချာတယ်။

(အာစရိ)
(အာစရိဂုဏောအနန္တောတို့ တိုင်းသူပြည်သားကိုရင်ဝယ်သားကဲ့သို့တို့...ဆိုတာတွေ အကြားရ စိတ်စိတ်လာလို့ ရေးမယ်လို့တေးထားတဲ့ ကိုယ်တွေ့အတွေ့အကြုံ တစွန်းတစ။ နောက်မှ ဖြည်ဖြည်ဖြန့်ဖြန့်ရေးပါဦးမယ်)

ကျနော် ဒီရောက်စ ကျောင်းတက်တော့ အင်္ဂလိပ်စာသီးသန့်သင်တဲ့အတန်း အရင် စတက်တယ်။ သင်ပေးသူက အမျိုးသမီး။ ကျနော်က မေးစရာရှိတိုင်း ဆရာမ Teacher လို့ခေါ်မေးတော့ ကျန်တဲ့အတန်းသားတွေမျက်နှာမှာ ဘာပါလိမ့်ဆိုတဲ့အမူအယာတွေတွေ့ရပြီး သူလည်း အိုးတို့အန်းတန်းကြီးဖြစ်ဖြစ်သွားတာ သတိထားမိတယ်။ ကျန်တဲ့အတန်းသားတွေက သူ့ကို Instructor လို့ပဲခေါ်ကြတယ်။

နောက်နည်းနည်းရင်းနှီးလာကြပြီး သူ့အမျိုးသားနဲ့မိတ်ဆက်ပေးတယ်။ အိမ် ထမင်းစားဖိတ်တယ်။ ထမင်းစားရင်း ဘာလို့ သူ့ကို ဆရာမလို့ခေါ်ရသလဲမေးတယ်။ ကျနော်လည်း အနန္တောအနန္တ ပါးတွေ၊ ဆရာ့ဝတ်တွေ၊ အရှေ့တိုင်း ယဉ်ကျေးမှုသဘောတွေပြောပြီး ရှင်းတာပေါ့။ စိတ်ဝင်တစား နားထောင်တယ်။

ပြီးတော့မှငါက မင်းတို့ကို နည်းလမ်းညွှန်ပြတာ သင်ပေးတာမှန်ပေမယ့် တတ်အောင်ဆည်းပူးရမှာက မင်းတာဝန်ပါ။ နောက်တချက်က မင်းကို သင်ပြပေးတာက ငါ့အလုပ်ပါ။ ငါ့အသက်မွေးဝမ်းကြောင်းပါ။ ငါ့အလုပ်အတွက် အသက်မွေးလောက်တဲ့ဝင်ငွေလည်းရပါတယ်။ နောက်ပြီး ဒီဝင်ငွေနဲ့ဒီအလုပ်ပို ငါကြိုက်လည်းကြိုက်တယ်။ ဝင်ငွေ ဒါမှမဟုတ် အလုပ်ကိုမကြိုက်ရင် နောက်တခုပြောင်းလုပ်ရုံပါပဲ။ ဒါ ငါ့အခွင့်အရေးမဟုတ်လား။

အဲ့သလိုပဲ မင်းဘက်က ငါသင်တာ ပြတာမကြိုက်ရင် တခြားအတန်း၊ တခြားကျောင်း၊ တခြားသင်ပြသူပြောင်းတက်ခွင့် ရွေးချယ်ခွင့်အပြည့်ရှိတာပဲလေ။ မင်းမှာလည်း အချိန် ငွေကြေးအပါအဝင်အခြားကိစ္စတွေပါထားခဲ့ပြီး ပညာလာဆည်းပူးနေတာ မဟုတ်လား၊ မင်း အဲ့ဒီ ထားခဲ့ရတဲ့အရာတွေနဲ့တန်အောင် ငါသင်ပြမပေးနိုင်ဘူးထင်ရင် ခုရော အတန်းထဲကအများရှေ့မှာပါ ပြောပါ။

အတန်းထဲမှာရော အပြင်မှာပါ လူအချင်းချင်းထားရမယ့် တန်ဖိုးထားလေးစားမှုနဲ့ မင်းကိုငါဆက်ဆံသလို ငါ့ကိုလည်း မင်း ဆက်ဆံဖို့လိုပါတယ်။ ငါ့ဘက်ကလည်း တန်အောင်သင်ပြပေးမှာပါပဲ။ ငါ့ကို လခပေးထားတာကိုက မင်းကို သင်ပြပေးဖို့ပဲ။ မင်း ကုန်ရတဲ့အချိန် ငွေကြေးစတာတွေနဲ့တန်အောင်သင်ပြမှာဖြစ်သလို ငါ့ကိုပေးထားတာထက် လျှော့လည်းမလုပ်သလို ပိုလည်းလုပ်လို့မရပါဘူး။ ငါ့အလုပ်ကို ငါတာဝန်အကျေဆုံးဖြစ်အောင်လုပ်မှာပါ။ မင်းဘက်ကလည်း ကုန်ရတာတွေနဲ့ကာမိအောင်ဆည်းပူးပါ။

ငါလည်း မင်းကျေးဇူးရှင်မဟုတ်သလို မင်းလည်း ငါ့ကျေးဇူးစားမဟုတ်ပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်း ကိုယ်ရှာစားနေကြတာပဲ မဟုတ်လား။ ဒါကို အပြန်အလှန်အသိအမှတ်ပြု အပြန်အလှန်လေးစားတန်ဖိုးထားတတ် ကြဖို့ပါပဲလို့ပြောပြီး နောင်ကို သူ့ကိုဆရာမလို့မခေါ်စေချင်ကြောင်းပြောပါတယ်။

(သင်္ကန်းခြုံသမ္မတ)
မျိုးစောင့်ဥပဒေပြဌာန်းပေး...တို့၊ ဘုန်းကြီး မဲပေးခွင့်ရှိရမယ်တို့အော်နေတဲ့သင်္ကန်းခြုံတွေကိုဒီလောက်တောင်ရှိလှတာ..ကိုယ့်ထမင်းကိုယ်ရှားစားပြီး ဘုန်းကြီးဝတ်ကြစမ်းကွာဆို ဘယ်နှဦးများကျန်မလဲမသိ။ ထမင်းရှာစားတယ်ဆိုတာ တိုင်းပြည်ကိုအခွန်ဆောင်သူဖြစ်လို့ နိုင်ငံ့ကုန်ထုတ်စွမ်းအားစုထဲပါတာမို့ နိုင်ငံသားလည်းဖြစ်တာမို့ အမျိုးစောင့်ခွင့်၊ မဲပေးခွင့်တင် မဟုတ်ဘူး ပါတီထောင်နိုင်ငံရေးလုပ်ပြီး (လူလက်ခံရင်)သင်္ကန်းတဖါးဖါးနဲ့ သမ္မတပါလုပ်စားလို့ ရသေးတယ်။

(အမျိုးဖျက်မှာ စိတ်ပျက်ပါသည်)

KNU ကို ခြေကုပ်ပြုတ်အောင်ချေမှုန်းတုန်းက DKBA ကိုင်ပြီးဆော်တာပဲ။ သေလိုက်တဲ့ကရင်တွေ ဘက်စလုံးအတုံးအရုံး၊ စစ်သားတွေလည်း သေသမှသောက်သောက်လဲ။ ခု မန်းငြိမ်း-မူတူးဂိုဏ်း လိုင်းသွင်းပြီး လက်ကျန် ကရင့်လက်နက်ကိုင်တော်လှန်ရေးအစုတွေကို မကိုင်ဘူးလို့ မဆိုနိုင်ဘူး။ ကေအင်န်ယူ ညီလာခံအပြီးမှာ မင်းအောင်လှိုင်က မန်းငြိမ်း-မူတူး ဦးဂိုဏ်းကို ခေါ်ခေါ်တွေ့တာ ကြိမ်ရှိပြီ။ ကာချုပ်ကခေါ်တွေ့တယ်ဆိုတာ နိုင်ငံရေးစကားပြောဖို့ မဟုတ်သလို နိုင်ငံရေးဆွေးနွေးဖို့လည်း မဟုတ်ဘူး။ ကရင်ကရင်ချင်း သွေးချောင်းစီးလူသတ်ပွဲကြီးတွေ ဘယ်တော့ကြားရဦးမလဲ မသိဘူး။ မူတူးတို့က စစ်တပ်နဲ့တွဲပြီး ကာယကံမြောက် ဝင်သေနတ်ပစ်တာ တိုက်တာတော့လုပ်မယ်မထင်ဘူး။ ဒါပေမယ့် စစ်တပ်က တိုက်သာအောင် ပိတ်တာဆို့တာ ဖွင့်တာဟတာ စတဲ့ စစ်ရေးအသာစီးရစေမယ့် အခင်းအကျင်းတွေတော့ လုပ်မယ်ဆိုလုပ်နိုင်တာပဲ။ မကြားပါရစေနဲ့။

0 comments:

Post a Comment