Thursday, December 11, 2014

(၂ဝ၁၅ ကို တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ကြိုဆိုကြပါစို့)

0 comments
http://moemaka.com/?option=com_content&task=view&id=5078&Itemid=40
ပြည်သူ့အာဏာဂျာနယ် အမှတ်(၃၈) ဒီဇင်ဘာ ၂ဝ၁၄ ခုထုတ်မှ စာတည်းအဖွဲ့၏အမှာစာ
(၂ဝ၁၅ ကို တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ကြိုဆိုကြပါစို့)
ဒီတပတ် စိန်ရတုပြည်သူ့အာဏာအထူးထုတ် ဒုတိယအုပ်မှာ အပိုင်း ၂ ပိုင်းခွဲပြီးတင်ပြချင်ပါတယ်။ အပိုင်း ၁ မှာ ပြည်တွင်းနောက်ဆုံးအခြေအနေတွေကို “လှုပ်လှုပ်ခတ်ခတ် နိုဝင်ဘာ”ခေါင်းစဉ်နဲ့တင်ပြမှာဖြစ်ပြီး အပိုင်း ၂ မှာ ပါတီ ဘာလုပ်နေသလဲဆိုတာနဲ့ စိန်ရတုလုပ်ငန်း ဘယ်အခြေအနေရောက်နေပြီဆိုတာ တင်ပြဖို့ဖြစ်ပါတယ်။

အပိုင်း(၁)
“လှုပ်လှုပ်ခတ်ခတ်နိုဝင်ဘာ”
ဒီလထဲမှာ အာဏာပိုင်အစိုးရရော အတိုက်အခံအင်အားစုတွေပါ အတော်လှုပ်ရှားကြတယ်။ စစ်အုပ်စုဘက်က ပိုလှုပ်ရှား ပိုကစားပါတယ်။ အစိုးရ၊ လွှတ်တော်၊ စစ်တပ်ရယ်လို့ရှိရာမှာ တဖွဲ့ချင်းကစားလိုက် အတိုက်အခံ အုပ်စုတွေနဲ့တွဲကစားလိုက် လုပ်နေတာတွေ့ရမယ်။ ဗိုလ်အောင်မင်းဦးစီးတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ဝင်မွှေတယ်။ ကျောင်းသားတပ်မတော်ကိုလည်း အလွတ်မပေးဘူး။

ခုတော့ ကြီး(၄)ကြီးရဲ့လှုပ်ရှားမှုတွေကိုပဲ ကွက်ဖော်ပြပါမယ်။
သမ္မတဖြစ်သူက (၁၄)ပွင့်ဆိုင်ဆိုပြီး ကစားလိုက်၊ ၆၇ ပါတီနဲ့တွေ့ ကစားလိုက်လုပ်တယ်။ သမ္ဖမတပြောခွင့်ရဆိုသူကို (၄)ပွင့်ဆိုတာပယ်ဖျက်၊ (၆)ပွင့်ဆိုင်ဆိုတာကို ပယ်ချဖို့ခိုင်းခဲ့တယ်။ လွှတ်တော်ဥက္ကဌ ၂ ဦးကတော့ ၄၃၆ ပြင်သင့် ပါတယ်လို့ပြောတယ်။ ဒီအထဲက ဗိုလ်ရွှေမန်းကတော့ “ဒါပေမယ့် ၂ဝ၁၅ ရွေးကောက်ပွဲပြီးမှ ပြင်လို့ဖြစ်မယ်”လို့ နောက်ဆက်တွဲထည့်ပြောတယ်။ သူဟာ လူထုကြိုက်မယ့်စကားတွေ ရွေးပြောတတ်တယ်။ အာမခံချက်တွေလည်း ရဲရဲပဲပေးလေ့ရှိတယ်။

ကာချုပ်(ဗိုလ်မင်းအောင်လှိုင်)ဆိုသူကတော့ တပ်မတော်ရဲ့ မူ (၆)ချက်ဆိုတာကိုကိုင်ပြီး အလုပ်လုပ်နေတာကြာပြီ။ အနောက်မီဒီယာတွေနဲ့ တွေ့ကြတော့လည်း ဒီ အနှစ်သာရကိုကိုင်ပြီး ဖြေကြားတာတွေလုပ်တယ်။ ၄ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင် ဆိုတာကိုလည်း ပယ်ချတယ်။ သမ္မတအမိန့်ကိုတောင် ကျော်ပြီး(လူမျိုးစုတွေနဲ့ နားလည်မှုလုပ်ထားတာကို လျစ်လျှူရှူလိုက်ကာ) တိုက်ပွဲတွေ ပြန်ဖော်တယ်။ အကျအဆုံးတွေများပြီး တပ်ထဲမှာရော ကာလုံထဲမှာပါ မျက်နှာပန်းမလှဖြစ်နေတာကို ထေမိစေဖို့ KIA ဗိုလ်သင်တန်းကျောင်း စစ်ရေးပြလေ့ကျင့်ကွင်းထဲက ဗိုလ်လောင်း ၂၃ ဥိးကို အမြောက်နဲ့ထုပြီး သတ်ပြလိုက်တယ်။ မိမိဘက်က မပင်မပမ်း အကျအဆုံးမရှိဘူးဆိုကာ လက်မထောင်ပြ နိုင်ပြီပေါ့။

အခု အချိုးတမျိုးပြောင်း ကစားပြန်တယ်။ ၂ဝဝ၈ အခြေခံဥပဒေထဲက ပြင်သင့်တာတွေပြင်မှာ မကန့်ကွက်ဘူး၊ တပ်မတော်ရဲ့မူ(၆)ချက်ဆိုတာ မီဒိယာတွေက လွဲမှားဖော်ပြနေတာသာ ဖြစ်တယ်။ မိမိတို့ကိုင်ထားတာက တို့တာဝန်အရေး(၃)ပါးပဲလို့ လျှောချလိုက်တယ်။ ဒါပေမယ့် ကိုယ်တိုင်ထွက်ပြောရမှာကို လိပ်ပြာမသန့်တာလား၊ မီဒီယာတွေရဲ့ ထပ်ဆင့်မေးခွန်းတွေကို ကြောက်တာလား၊ ရှောင်ချင်တာလား၊ အသာ နောက်ဆုတ်ဖို့လိုလာလို့လား မသိ တချို့ထုတ်ဖော်ချင်တာတွေကို KIA လျှာဖျားပေါ် တင်ပေးလိုက်တာတွေ့ရတယ်။

တကယ်တော့ သူတို့အားလုံးဟာ သူတို့အကျိုးစီးပွားတွေကို အာမခံထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ကြိုက်ကြပါတယ်။ စစ်ဝံသာနုလမ်းစဉ်အရ တယောက်ကိုတယောက် ထောက်ထားကြပါတယ်။ သူတို့ရဲ့ အသက်ဘူးဟာ ဒီဥပဒေထဲမှာရှိပါတယ်။ စစ်တပ်ရဲ့လက်ထဲမှာရှိပါတယ်။

ဒါပေမယ့် စာဖတ်နေတဲ့ရုပ်သေးဆရာကြီးက သူ့အကွက်နဲ့သူကဖို့ ခွဲတမ်းချပေးထားရာက ကြိုးတွေက ရှုပ်လာကုန်ကြတယ်။ ကိုယ်ကျိုးတွေထည့် အကောင်အထည်ဖော်ကြရာက ဝင်ဆောင့်ကုန်ကြတယ်။ တကယ်က သူတို့ကို ပြည်သူတွေကတင် အယုံအကြည်မဲ့တာမဟုတ် သူတို့အချင်းချင်းလည်း ယုံကြတာမဟုတ်ဘူး။ ကိုယ်တွက်ကျန်အောင် အကွက်ဖော်ကြတဲ့သူတွေချည်းပဲ။ “ဦး” တပ်လိုက်ရသူတွေက သမ္မတဖြစ်ရေး၊ သမ္မတရာထူးမြဲရေးပဲ ဦးတည်တယ်။ ဗိုလ်မင်းအောင်လှိုင်က တပ်မတော်ရဲ့ဦးဆောင်မှုကဏ္ဍကို ရထားရာကနေ လွှတ်တော်ထဲက သူ့တပည့်တွေကို “လိုအပ်လာရင် လွှတ်တော်ကိုဖျက်သိမ်းခွင့်”ပေးဖို့ တောင်းဆိုခိုင်းတာ တွေ့ရတယ်။ (လွှတ်တော်က တင်းခံနေရင် ဘယ်နေ့ လိုင်ဇာဗိုလ်သင်တန်းကျောင်းလို အမြောက်နဲ့အထုခံရမယ်မသိ) ခုဟာက မြင်သာနေပါတယ်။ ဦး(ဗိုလ်)သိန်းစိန်က အစိုးရယန္တယားနဲ့ကစားတယ်။ သမ္မတလုပ်ပိုင်ခွင့်အာဏာနဲ့ ကျားကန်ပေးထားတယ်။ ဦး(ဗိုလ်)ရွှေအန်းက လွှတ်တော်ကိုင်ပြီး ကစားတယ်။ ကြံ့ဖွံ့ပါတီနဲ့ မဲတင်းပေးတယ်။ ဗိုလ်မင်းအောင်လှိုင်က အမြောက်နဲ့ကစားတယ်။ “တပ်မတော်ဦးဆောင်မှုအခန်း”ဆိုတာကို ကိုင်ထားတယ်။

ကြီး(၄)ကြီးထဲက ကျန် (၁)ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ လှေကြီးထိုးရိုးရိုးပဲ။
-       သမ္ဖမတကြီးကို ယုံပါတယ်ဆိုပြီး ပူးပေါင်းကြည့်လိုက်တယ်။ “စိန်”စော်နံ ပြန်ပါဦးဖြစ်သွားတယ်။
-       တခါ လွှတ်တော်ဥက္ကဌကြီးနဲ့တွဲပြီး လှုပ်ရှားပြန်ပါတယ်။ ဗိုလ်ရွှေမန်းရဲ့ ဖွဲ့စည်းပုံကို ၂ဝ၁၅ ပြီးမှ ပြင်နိုင်မယ်ဆိုတာကိုတောင်(သူ့အဖွဲ့သားတွေပင် ပါးစပ်အဟောင်းသားဖြစ်သွားအောင်) ပစ် ထောက်ခံ လိုက်တယ်။ ဘယ်နေ့ “ရွှေ”စော်နံ ပြန်ပါဦးဖြစ်မလဲမသိ။ ဗိုလ်ရွှေမန်းဘက်က ဘယ်လိုမက်လုံးတွေ ပေးထားသလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်။
-       ခု နောက်ဆုံး လွှတ်တော်တွင်း တပ်မတော်သားတွေကို ထမင်းစားဖိတ်ကြည့်ပြန်တယ်။ “ရွှေလက်ဖြင့် ခေါ်ပါ၏” လက်မခံ ပယ်ချတာခံလိုက်ရတယ်။ တကယ်က သူ့မှာ လူထုအားရှိတယ်၊ သုံးချင်ပုံမရ။

အခြား လှုပ်ခတ်မှုများ
-       လူထုထဲမှာတော့ ကိုပါကြီးကိစ္စက လှုပ်ခတ်ဆဲပဲ၊ ပြီးဦးမှာ မဟုတ်ဘူး။
-       ဗကသ-တကသ ကျောင်းသားတွေရဲ့ “အမျိုးသားပညာရေးဥပဒေ” ကန့်ကွက်ပွဲတွေကလည်း အုံနဲ့ကျင်းနဲ့ ပေါ်လာတယ်။
-       အလုပ်သမား၊ လယ်သမားတွေရဲ့ ရပိုင်ခွင့်တောင်းဆိုမှုတွေ အဆက်မပြတ်ပေါ်ပေါက်နေသလို လက်ပန်းတောင်းတောင်ပေါ်မှာ မီးလောင်ဗုံးသုံးပြီးနှိမ်နင်းလို့ ဘုန်းတော်ကြီး ၉ ၉  ပါး မီးလောင်ဒဏ်ရာတွေ ရခဲ့တာ ၂ နှစ်မြောက်တဲ့ ဒီနှစ်နိုဝင်ဘာလအတွင်းမှာ ဆန့်ကျင်ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ ရန်ကုန်မြို့ပေါ်အထိ ရောက်အောင် တိုးချဲ့လှုပ်ရှားတာတွေ တွေ့မြင်လာရတယ်။
-       တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးကြဖို့ကိစ္စကလည်း ပူညံပူညံနဲ့ အကောင်အထည် ပေါ်မလာ။
-       တရားဝင် နိုင်ငံရေးပါတီအသီးသီးကလည်း ဆူးကြားသီးတဲ့ဘူးသီးလို ဖြစ်နေကြတယ်။ အလုပ်ရအကိုင်ရ ခက်နေတဲ့အနေအထားပဲ။
-       ရခိုင်က မီးကလည်း မငြိမ်းသေးဘူး။ ဒါက လူမျိုးရေး၊ သံဃာတော်များကလည်း ဒီလအတွင်းမှာပဲ လှုပ်လှုပ် ရှားရှားဖြစ်လာပြန်တယ်။ ဒါက ဘာသာရေး။
-       ပြောချင်တာက ရင်လေးစရာ နိုင်ငံရေးအခြေအနေတခု ဖြစ်ထွန်းနေတယ်။ ဒါကို ကျနော်တို့ စိုးရိမ်နေပါတယ်။ ဗိုလ်မင်းအောင်လှိုင်က သူ့တပ်ကို ပြင်ဖွဲ့နေတဲ့သတင်းတွေ ကြားနေရတယ်။ ထိပ်ပိုင်း ခွာရာတိုင်းလာနိုင်တဲ့ သူတွေကို ဖြုတ်တန်တာဖြုတ်၊ ပြောင်းတန်တာပြောင်းတွေ လုပ်နေတယ်။ သူ့အနေအထား ခိုင်မာအောင် ကတုတ်ကျင်း ပြင်နေတဲ့သဘောပဲ။
-       တပ်မတော်က တတိယအကြိမ် တိုင်းပြည်ကိုကယ်တင်မှာ တတိုင်းပြည်လုံးက စိုးရိမ်ကြမှာပါ။ သူက လက်ညှိုး ထိုးပြစရာ “တိုင်းပြည် ချောက်ထဲကျတော့မယ်”ဆိုတဲ့အန္တရာယ်တွေ များမှများပဲ။ နိုဝင်ဘာလထဲမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သူ့အနေနဲ့ ဘယ်ပြဿနာကို ကောက်ကိုင်ကိုင် ရတယ်။ ဒါကို တားနိုင်မယ့်အင်အားဆိုလို့ ပြည်သူပဲ ကျန်ပါတော့တယ်။ ဒါကို ကျနော်တို့ ရင်လေးနေတာပါ။

အပိုင်း(၂)
စိန်ရတုလုပ်ငန်းတွေကို တာဝန်ယူနေတဲ့ရဲဘော်တွေကတော့ လက်စသိမ်းအလုပ်တွေလုပ်နေပါတယ်။ အခု ပြည်သူ့အာဏာအထူးထုတ် ဒုတိယအုပ်ကို ထုတ်လိုက်နိုင်ပါပြီ။ နောက်ဆုံးအနေနဲ့ ပါတီသမိုင်းပြုစုရေးအပိုင်းပဲ ကျန်ပါတော့တယ်။ ၇၅ နှစ်သမိုင်းအတွက် အခိုင်အမာဖြစ်ရပ်တွေ အများကြီးရှိရာမှာ (၁)အကောက်အယူကိစ္စ၊
(၂) ကောက်သင်းကောက်ရတဲ့ကိစ္စတွေက လက်ပေါက်စိတ်လွန်းလို့ စိန်ရတုနောက်ဆုံးအပိုင်းကတော့ တလ၊ နှစ်လနဲ့ ပြီးနိုင်ဖွယ်မရှိပါ။ ဒီကြားမှာတော့ ပါတီလုပ်ငန်းအနေနဲ့ တင်ပြသင့်တာတွေကို ဝဘ်ဆိုက်ကနေ ဆက် တင်နေပါမယ်။ လိုအပ်ရင် ကြေညာချက်တွေ ထုတ်ပါမယ်။

တပါတီလုံးအနေနဲ့ကတော့ ပါတီတည်ဆောက်ရေးနဲ့ လူထုစည်းရုံးရေးလုပ်ငန်းတွေ အားစိုက်လုပ်ဆောင်နေရမယ့် အချိန်ပဲ။ သူတို့(စစ်အုပ်စု)နဲ့စာရင် ကျနော်တို့အနေနဲ့ လှုပ်သာရှားသာရှိပါတယ်။ ဒါပေမယ့် အရေးအခင်းတွေ အတွက်တော့ အဆင်သင့်ရှိနေရပါမယ်။ လူတန်းစားအဖွဲ့အစည်းအသီးသီးထဲမှာ ကျနော်တို့ရှိနေရပါမယ်။ က ၃ လုံး ပေါ်လစီကို အမြဲ နှလုံးသွင်းထားရမယ်။ တိုက်ပွဲတွေဖြစ်လာရင် တက်တက်ကြွကြွပါဝင်ရပါမယ်။ လမ်းကြောင်း မှန်အောင် တည့်မတ်ပေးနေရပါမယ်။ ဒါက ပြည်တွင်းလုပ်ငန်းပါ။

ရဲဘော်တို့ ပြည်သူလူထုအပေါင်းတို့----၂ဝ၁၅ ခုနှစ်ဟာ မုန်တိုင်းထန်တဲ့နှစ် ဖြစ်လိမ့်မယ်။ ၈ လေးလုံးကာလမှာ ကျနော်တို့ အရေးကြီးတဲ့အခန်းက ပါဝင်နိုင်ခဲ့တယ်။ လာမယ့်နှစ်ကိုလည်း တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ ကြိုဆိုကြပါစို့။
စာတည်းအဖွဲ့

၃ဝ ရက် ၁၁ လ၊ ၂ဝ၁၄ ခု

0 comments:

Post a Comment