Tuesday, December 16, 2014

ရေးခဲ့မိတဲ့ကဗျာ (ဖိုးသံ-လူထု)

0 comments
ရေးခဲ့မိတဲ့ကဗျာ
(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ၂၀ရက် ဗိုလ်အောင်ကျော်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ပါ)
ဘာကြောင့်မှန်းမသိ၊ ထောင်ထဲရောက်တော့ ကျွန်တော်ကဗျားရူး ရူးခဲ့ပါတယ်။ ထောင်ထဲကို မရောက်မီက အနည်းအပါးရေးခဲ့ဖူးပေမယ့် ထောင်ထဲကျမှ သဲကြီးမဲကြီးရေးမိပါတယ်။ ရရာစာရွက် အတိုအစမှန်သမျှကို စုဆောင်း၊ ခဲတံတိုရအောင် အကြံအဖန်လုပ်ပြီးရေးတာပါ။ တခါတလေများဆို တနေ့တပုဒ်ဆက်တိုက် ထွက်လာပါတယ်။ ကျွန်တော့်ပရိသတ်ကတော့ တတိုက်ထဲနေကြတဲ့ ထိန်းသိမ်းခံနိုင်ငံရေးသမားတွေပါ။ သူတို့က ဖတ်စရာမရှိလို့လား၊ အားနာလို့လားမသိဘူး၊ ကျနော့်ပို့သမျှကိုဖတ်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေ ပေးကြပါတယ်။ ဒါကိုကအဲဒီတုန်းက ကျွန်တော်ပထမဆုံးနေရတဲ့ (၂)တိုက်ထဲက ထုံးတမ်းစဉ်လာတခုလို ဖြစ်နေပါတယ်။
ကျွန်တော်က ငါတို့ဗမာစကားနဲ့ ဗမာစာပေ(အထူးသဖြင့်ကဗျာ)ဟာ အင်မတန်ကြွယ်ဝတယ်လို့ အဲဒီကတည်းက စွဲစွဲမြဲမြဲယုံကြည်သူဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမင်းသုဝဏ်ရဲ့လမ်းရိုးဟောင်းတွင်ဆက်ကာထွင်ဆိုတဲ့ အဆိုအမိန့်ကိုလည်း အင်မတန်သဘောကျသူဖြစ်တော့ ကဗျာပုံစံတွေကို အမျိုးမျိုးလျှောက်စမ်းရေးကြည့်ပါတယ်။ အင်္ဂလိပ်ကဗျာပုံစံတွေကိုတုမှီးတဲ့ ဒီကဗျာမျိုးလည်း ရေးမိခဲ့ပါတယ်။
ဝန်ချတောင်းပန်ခြင်း
※ ဗီယက်နမ်ပြည် တနေရာ
ဘုရားကျောင်းတခု အတွင်းမှာ
ကန်စစ်သားလေး သူဒူးထောက်
ဘုန်းတော်ကြီး ရှေ့မှောက်။

※ ခပ်လှမ်းလှမ်းက သေနတ်သံ
ဘုရားကျောင်းဆီ ပဲ့တင်လျှံ
ဒီအသံတွေ ဂရုမစိုက်
သူ့ခေါင်းရှေ့ကို ငိုက်။

※ “ဘုန်းတော်ကြီးမြတ် အိုအရှင်
တပည့်တော် ခုဝန်ချချင်
တပည့်တော်အပြစ် အလွန်များ
စိတ်မသန့်ပါ ဘုရား။

※ “တနေ့ဆီက ရွာတရွာမှာ
အပြစ်မဲ့တဲ့ လူတွေခမျာ
တပည့်တော်တို့ သေနတ်အောက်
လဲကျ အသက်ပျောက်။

※ “ခရစ်ယန်ကြီး တပည့်တော်ဟာ
ပညတ်တော်များ ဆန့်ကျင်ကာ
သူ့ဥစ္စာကို ခိုးလုယက်
သတ်ဖြတ် သူ့အသက်။

※ သေနတ်သံများ နီးလို့လာ
စစ်သားကလေး မရွေ့ပါ
ခေါင်းငိုက်စိုက်နဲ့ ပြောမပြီး
မျက်ရည် သွယ်သွယ်စီး။

※ “ကိုယ့်တိုင်းပြည်နဲ့ ဘယ်မဆိုင်
လူမျိုးတွက်လည်း မဟုတ်နိုင်
တပည့်တော်တို့ သေနတ်ပိုက်
အချောင် သေပွဲဆိုက်။

※ “ဒီစစ်ပွဲကို ဘုရားရှင်
မဖန်ဆင်းလို့ တပည့်တော်ထင်
ဖန်တီးလေသူ သူကြွယ်များ
အပြစ်ပေးပါ ဘုရား။

※ “ခရစ်ယန်ကြီး တပည့်တော်ဟာ
သစ္စာတရား ပစ်ပယ်ကာ
အေးချမ်းမှုကို ဝင်ဖျက်ဆီး
လူသားတိုင်း မုန်းတီး။”

※ ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း ကျည်သံလှိုင်
ဘုရားကျောင်းလေး ယိမ်းခါယိုင်
ဘုရားသခင့်သားတော်လေး
ဒူးထောက်လျက်ရှိသေး။

※ “တပည့်တော် ခုဝန်ချတာ
ခွင့်လွှတ်ပေးဖို့ မဟုတ်ပါ
တပည့်တော်လည်း ထူးမခြား
အပြစ်ပေးပါ ဘုရား။“

※ ကန်စစ်သားလေး တုန်ရီရီ
တံခါးပေါက်ဆီ လှမ်းလို့ချီ
ဘုရားကျောင်းပြင် ခြေအချ
ဗုံးဆံတခု သူ့ရှေ့ကျ
၂၄-၁-၆၇
အဲဒီအချိန်တုန်းက ဗီယက်နမ်စစ်ပွဲဟာ အထွတ်အထိပ်ကို ရောက်နေချိန်၊ နိုင်ငံတကာ့ရေးရာတွေမှာ ဒီစစ်ပွဲအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာ စံတခုဖြစ်နေတဲ့အချိန်ပါ။ ဒါကြောင့်ကျွန်တော်လည်း ဗီယက်နမ်ပြည်သူတွေဘက်က ရပ်တည်ပြီး အမေရိကန်နယ်ချဲ့သမားကိုဆန့်ကျင်တဲ့ကဗျာတွေ အများကြီး ရေးခဲ့ပါတယ်။ အဲဒီတုန်းက ကဗျာပုံစံတွေကို အမျိုးမျိုးပြောင်းလဲ စမ်းကြည်နေပေမယ့် အကြောင်းအရာပိုင်း တွေးခေါ်ပုံကတော့ နည်းနည်းမှ မပြောင်းပါဘူး။ အဖွဲ့အစည်းပေါင်းစုံက လူတွေကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြတယ်လို့ယူဆပြီး ကိုယ့်ကိုယ်ကို အမြဲသတိပေးနေခဲ့တာပါ။ ကိုယ့်အရင်ရောက်နေတဲ့အထဲက ထောင်က လွတ်သွားတယ်ဆိုတာ မကြားရဖူးသလောက်ဖြစ်နေတော့ ကိုယ့်စိတ်ပိုင်းဖြတ်ချက် ခိုင်မှဖြစ်မယ်ဆိုတာ စွဲစွဲမြဲမြဲ ယုံနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အမေရေးသလိုပဲ ကျွန်တော်ဟာ အဲဒီတုန်းက“အသက်ငယ်တဲ့ လူငယ်လေးမို့ ကျားကလေး ကျားသစ်ကလေးတွေ တောထဲကဖမ်းလာပြီး လှောင်အိမ်ထဲမှာထည့်ထားတဲ့အခါ မာန်ဖီပြီး လှောင်အိမ်ထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့သဘောမျိုးဖြစ်လိမ့်မယ်ဆိုတဲ့အတိုင်း ဖြစ်နေတာပါ။
အဲဒီတော့ ထောင်အာဏာပိုင်တွေက ကိုယ့်ကို ဘယ်လိုဆက်ဆံတယ်ဆိုတာကို အင်မတန် အကဲဆတ်ခဲ့ပါတယ်။ ဘာ သဘောနဲ့ ဒီလိုပြောတာလဲ၊ ဘာအဓိပ္ပာယ်နဲ့ ဒီစည်းကမ်းထုတ်သလဲ စသဖြင့် အမြဲစဉ်းစားနေတာပါ။ မဆလအစိုးရ လုပ်တာ၊ ပြောတာတွေဆိုတာကတော့ ပြောစရာမလိုတော့ပါဘူး။

ကျွန်တော့်အသက်ဟာ ပြည့်ဝရင့်ကျက်တဲ့အရွယ်မဟုတ်သေးပေမယ့် မဆလရဲ့ အတုအယောင်ဆိုရှယ်လစ်စကား၊ အတုအယောင် ဝါဒဖြန့်မှုတွေကိုတော့ အသေအချာသိမြင် သဘောပေါက်နေပါတယ်။ ၁၉၆၂ ခုနှစ်မှာ ကျောင်းသားတွေကိုသတ်၊ ကျောင်းသားသမဂ္ဂကြီးကို ဖြိုပြီးတဲ့နောက် ကျောင်းသားတွေကို မျက်နှာချိုသွေးချင်တဲ့ မဆလအစိုးရဟာ ကျောင်းသားပွဲတော်ဆိုတာတွေ နှစ်စဉ်ကျင်းပပါတယ်။ ကျင်းပတာက ဗမာပြည်သမိုင်းနဲ့ ကျောင်းသားသမိုင်းမှာ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့ ဗိုလ်အောင်ကျော်နေ့- ဒီဇင်ဘာလ ၂၀ရက်နေ့မှာမှ ကျင်းပတာဖြစ်ပါတယ်။
မဆလစစ်အစိုးရက ကျောင်းသားပွဲတော်ဆိုတာကို မြို့ကြီးတွေမှာ အလှည့်ကျကျင်းပတာဆိုတော့ မန္တလေးမှာက ဒုတိယအကြိမ်နဲ့တူပါတယ်၊ မန်းရာပြည့်ကွင်းကြီးထဲမှာ ကျင်းပပါတယ်။ ဒီတော့ အဲဒီပွဲကိုသွားကြတဲ့ ကားသံ လူသံတွေကို နန်းတော်ရဲ့အနောက်မြောက်ထောင့်မှာရှိတဲ့ ထောင်ထဲကလူတွေက ကောင်းကောင်းကြားနေ ရပါတယ်။ ဒါပေမယ့် ညမှပါ။ ထောင်ဆိုတာက ညကိုးနာရီရောက်ရင် မအိပ်ချင်လည်းအိပ်၊ မတိတ်ချင်လည်း တိတ်ရတဲ့အရပ်ဆိုတော့ ညမှာ ကိုးနာရီကျော်တယ်ဆိုတာနဲ့ အားလုံးတိတ်ဆိတ်သွားပါတယ်။ ဒီအခါမှာ အပြင်ကအသံတွေ လှိမ့်ဝင်လာတာပါပဲ။

တကယ်က ဗိုလ်အောင်ကျော်နေ့ဆိုတာ ကျောင်းသားသမဂ္ဂတွေက နှစ်စဉ်အလေးအနက် ဂုဏ်ပြုကျင်းပကြတဲ့ နေ့ထူးနေ့မြတ်တရက်ပါ။ ကျောင်းသားနေ့လို့တောင် ခေါ်ခဲ့ကြတာပါ။ ကျွန်တော် မန္တလေးတက္ကသိုလ်တက်နေတဲ့ တနှစ်မှာ ပန်းချီဆရာ(ဦး)မောင်ငွေထွန်းဆွဲတဲ့ ခွပ်ဒေါင်းရုပ်လေးနဲ့ အနီရောင်ရင်ထိုးအလံလေးတွေ လိုက်ရောင်းပြီး ရံပုံငွေရှာခဲ့ကြတာကို မှတ်မိနေပါတယ်။ မတကသ အဆောက်အဦထဲမှာလည်း ဗိုလ်အောင်ကျောက်ရဲ့ ပုံအကြီးကြီး ထောင်ထားးတာ ရှိပါတယ်။ ဒါပေမယ့် ဗိုလ်နေဝင်းစစ်အစိုးရကတော့ ဒီနေ့ဒီရက်၊ ဒီအထိမ်းအမှတ်ကို ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့အာရုံထဲကနေ ပျောက်သွားအောင် စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။ ဗိုလ်အောင်ကျောင်အသတ်ခံရတဲ့နေ့မှာ ပျော်ပွဲရွှင်ပွဲတွေလုပ်တာထက် စော်ကားတာရိုင်းပျတာ မရှိတော့ဘူးလို့ ဆိုချင်ပါတယ်။ ဒါကြောင့်ကျွန်တော်လည်း အောက်ပါကဗျာလေးကို ရေးချခဲ့မိပါတယ်။

အောင်ကျော်သို့ (ကာချင်း)
※ ကားများသံသည်
ညံရန်ကော ညံညံ။
ခွပ်ဒေါင်းလံသည်
ပျံရန်ကော ပျံပျံ။

※ ကားများသံက နားဝမှာတည့် နားဝမှာ
ခွပ်ဒေါင်းလံက သဲစမှာတည့် သဲစမှာ
နားဝလေလော၊ သဲစလောဟေ့
တွေးတောပါက ရှင်းလင်းစွတည့်၊ ရှင်းလင်းစွ။

※ ကားများသံက ဆူညံလှ
ပြင်ပလွမ်းရဖွယ် လွမ်းရဖွယ်။
ဒေါင်းမိခင်က သွန်သင်ပြ
မြင်ရနာကျည်းဖွယ်၊ နာကျည်းဖွယ်။

※ ကျောင်းသားပွဲတော် ထွင်လို့အော်
အောင်ကျော်မေ့ဖို့ရွယ် မေ့ဖို့ရွယ်။
မသာအိမ်မှာလော်စပီကာ
မသတီစရာ ပွဲခံတယ်၊ ပွဲခံတယ်။

※ ဒီနေ့ချိန်ခါတို့ပြည်ရွာ
ခွေးသာစိုးတွင်ကျယ် စိုးတွင်ကျယ်
ကျောင်းသားတွေဟာ ညှိုးငယ်စွာ
သွားလာစက်သို့နှယ် စက်သို့နှယ်။

※ ဒေါင်းပျိုငှက်ပျံ ချုပ်ဖို့ကြံ
မခံခွပ်တော့တယ် ခွပ်တော့တယ်။
စက်ရုပ်ပမာ ကျောင်းသားဟာ
မာတာနှီလို့နွှယ် နှီလို့နွှယ်။

※ အောင်ကျော်ရဲ့စံ နည်းနာခံ
တွန်းလှန်ဒီနေ့ဝယ် ဒီနေ့ဝယ်။
အောင်ကျော်ပမာအောင်ပွဲဟာ
တို့မှာမဝေးတယ်၊ မဝေးတယ်။
  ၂၁-၁၂-၆၆
ဖိုးသံ(လူထု)
(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ၂၀ရက် ဗိုလ်အောင်ကျော်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ပါ)

0 comments:

Post a Comment