Friday, December 26, 2014

၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)
 (လူထုနိုင်ငံရေးနဲ့ လူတစုနိုင်ငံရေး)
အောင်ဆန်း ဒေါင်းနင်းလမ်း အမှတ်(၁ဝ)ကိုသွားတုန်းက “လိုတာမရရင် ချဖို့ပြင်ပြီးမှ လာဆွေးနွေးတာ”ဆိုတဲ့ မက်ဆေ့ဂ်ျကို ဗြိတိသျှနန်းရင်းဝန်ကြီးခေါင်းထဲ အရင်ထည့်တယ်။ “တွေ့ပါရစေ မေတ္တာရပ်ခံချက်”နဲ့ မဟုတ်ဘူး။ “ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဒီအခြေအနေနဲ့ အခွင့်အလမ်းကို အောင်ဆန်းရခဲ့တာပါကွာ”ဆိုလည်း “ဒီအခြေအနေနဲ့အခွင့်အလမ်းကိုကိုင်ပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ ပီပြင်ပြတ်သားတဲ့ပိုင်းဖြတ်ချက်နဲ့ဆုံးဖြတ်ချက်ချစွမ်းတဲ့ အရည်အချင်းရှိရုံမက လူထုနိုင်ငံရေးကိုနားလည်ပြီး လူထုအားကိုယုံစားမှုပါထားလို့”ပဲ။ လူထုအားကိုယုံစားမှ လူထုကလည်းကိုးစားတာပါ။
လူထုနိုင်ငံရေးဆိုတာ အနီးဆုံးပြရရင် လက်ပန်းတောင်းပဲ။ လူထုဟာ သူ့ဘဝထဲကအသိနဲ့ လုပ်တယ်ကိုင်တယ်။ ခေါင်းဆောင်ဆိုသူကိုလည်း သူတို့ဘက်က ဘယ်လောက် မားမားမတ်မတ်ရပ်၊ ဘယ်မျှ ဦးဆောင်တိုက်ပွဲဝင်ပေး၊ သူတို့အရေးနဲ့သူတို့ဘဝအတွက် ဘာတွေလုပ်စတဲ့စံတွေနဲ့ချိန်ထိုး အကဲဖြတ်တတ်တယ်။
အဲ့သလိုလူထုဆိုတာ စာတော့ တတ်ချင်မှတတ်ပေလိမ့်မယ်။ ဒါပေမယ့် ခေါင်းဆောင်မှုအကဲဖြတ်ရာမှာတော့ ဘဝအသိနဲ့ရင်းပြီး ”လူထုခေါင်းဆောင်လား လူတစုခေါင်းဆောင်လား”ပါးပါးနပ်နပ် ခွဲခြားတတ်တယ်။
အဲ့သလိုပဲ တပြိုင်တည်းမှာ “လူထုနိုင်ငံရေးနဲ့ လူတစုနိုင်ငံရေး”ဆိုတာ ဘာ လို့ လုပ်ရပ်နဲ့ လက်တွေ့နဲ့ တိုက်ပွဲနဲ့ခွဲခြမ်းပြသေးတယ်။

(ရွှေမန်းကိန်ရင် ဂိန်မယ့်သူ)
ရွှေမန်းအပေါ် တပ်တွင်းထောက်ခံမှု သိသိသာသာကျသွားတယ်လို့ စစ်သားဟောင်းမိတ်ဆွေတယောက်ကပြောတယ်။ အထူးသဖြင့် သားအဖတတွေ စီးပွားရေးလောဘဇောတိုက်လွန်းတာရယ် ခိုင်းတာထက်ပိုပြီး ဒေါ်စုနဲ့ပရောပယီလုပ်လို့ လို့ ဆိုတာလည်းပါတယ်တဲ့။ တချို့တပ်တွေမှာဆို အရာရှိတွေထဲတင်မကဘူး အခြားအဆင့်စစ်သည်တွေထဲမှာပါ ရွှေမန်းသားအဖ လူလည်ကျတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုတောင် ကလန်ကဆန်လုပ်တဲ့အကြောင်းတွေ ပြောကြတယ်တဲ့။

ကြံ့ဖွံ့ထဲလည်း ရွှေမန်း+အောင်သောင်းဂိုဏ်းခြေလှမ်းကို
ဌေးဦးတို့အုပ်က ဇက်သပ်လိုက်နိုင်တယ်လို့ကြားတယ်။ ဦးတော့ မချိုးဝံ့ကြသေးဘူး ဆိုတယ်။ ကြပ်ပြေးမင်းကြီး မျက်နှာရိပ်ကြည့်နေရလို့တဲ့။
မင်းကြီးက အောင်သောင်းနဲ့ရွှေမန်း တတွဲတွဲလုပ်တာ သိတ်မကြိုက်ဘူးတဲ့။ ငယ်မွေးခြံပေါက် လက်မရွံ့လက်သုံးတော်ကြီးတွေမို့ လွှတ်တော်မှာအမတ်ချုပ် လုပ်ခိုင်းတာ ကောင်းကောင်းမနေပဲ အာလည်းချောင် တက်ထောင်မောင်းနင်းတွေလည်းလုပ်တယ်လို့ မင်းကြီးက ယူဆသတဲ့။ အောင်သောင်းတော့ အိမ်တော်ပါငယ်ကျွန်ကြီးတွေထဲကမှ လက်ရွေးစင်ကြီးအဖြစ် ခုထိသတ်မှတ်တုန်းတဲ့။ အဲ့ ၂ ကောင် ပူးမထားနဲ့လို့ မိန့်တော်မူသတဲ့။
ဟိုကောင် သမ္မတအလှည့်ပြီးရင် ပါတီပြန်ဥက္ကဌလုပ်တာထက် နားနားနေနေ နေပေ့စေတော့တဲ့။ ရွှေမန်းတော့ ကြည့်ဦးတဲ့။ အချိုးမပြင်ရင် ပါတီဥက္ကဌက ပေးမထွက်နဲ့တဲ့။ ပါတီမှာပဲထားလိုက်တဲ့။ လွှတ်တော်ထဲတောင် ပြန်မဝင်စေနဲ့တဲ့။ လူရွေးနဲ့နေရာချ အထားအသိုမမှန်ရင် ကွဲလိမ့်မယ် သတိထား သေချာလုပ်တဲ့။
ခုပြောတာတွေဟာ ကောလဟလဖြစ်တယ်တို့၊ တိကျခိုင်လုံတဲ့အရင်းအမြစ်မဟုတ်ဘူးတို့ထင်လည်း ထင်ချင်စရာပါ။ ပြောတဲ့သူက ဂျီအီးတပ်က အိုဗာစီယာတပ်ကြပ်ကြီး လူထွက်။ သိန်း ၆ဝ လောက်ပိုက်ပြီး အရပ်ထောင် ၂ နှစ်အကျခံပြီး မဆလခေတ်(၁၉၈ဝ လောက်က)က တပ်ကအထုတ်ခံရပြီး ခုတော့ သူဌေးစာရင်းဝင်နေသူ။
ရွှေတကျပ်သား ၂ ထောင်ဝန်းကျင်ပေါက်တဲ့(၁၉၈ဝ)မဆလခေတ်က သိန်း ၆ဝ ဟာ ဘယ်လောက်မှန်း လူတိုင်းသိမှာပါ။ ခုသူလည်း ဘောင်းဘီချွတ်ရော ဒီမိုကရေစီအတိုက်အခံနိုင်ငံရေးသမားရော နည်းနည်းစီဝယ်ပြီးရင်းထားသူပဲ။ ဟိုတလောကတောင် ဟော်တယ်လ်နိုင်ငံရေးပွဲတပွဲမှာ ဒီမိုကရေစီနံမည်ကြီးတွေနဲ့ တဟဲဟဲလုပ်နေတာတွေ့တယ်။
"၂ဝ၁၅အလွန်ကိုတွက်ပြီး ရွှေမန်းဘက်ကထပ်ထားတဲ့လောင်းကြေးတွေတော့ အကုန်ပါမသွားခင် ပြန်ခွာရမယ့်ကိန်းပဲဗျ"လို့ပြောတာပဲ။

(မ Merry Christmas)

ဓမ္မတေး
ခေါင်းလောင်းသံ
ကောင်းချီးပေးမှုနဲ့
Merry မပါတဲ့
ကျနော့် ဒီက Christmas ဟာ
ဒေါ်ခင်ဝင်းနဲ့အတူ
လက်ပန်းတောင်းမှာ
သွားကျတယ်။
(ကားစီးတဲ့ကြောင်ပါး)

ဇော်ကြီး(သစ်ကောင်းအိမ်)ကဗျာတပုဒ်ထဲမှာ
“တောဝင်သွားတဲ့ကြောင်
တောကြောင်အဖြစ်ပြန်လာခဲ့”ဆိုပြီး တွေ့ဖူးတယ်။

တောကြောင်တွေ မြို့ပြန်ဝင်တော့
သူ ဘယ်လို ဆိုမယ်မသိ။

တောကြောင်အစစ်တွေက
တောမီးအစစ်လောင်မှ
လက်ခမောင်းခတ်ရ
တောမီးကို ကြိဆိုကြ

မြို့ဝင်တောကြောင်တွေက
တောမီးအတုလေးတောင်
လောင်မှာကြောက်သတဲ့
နောက်ကြောင်းပြန်မှာစိုးသတဲ့

တောပျောက်ပြီထင်ရဲ့
တောမှောက်ပြီထင်ရဲ့
မြို့လည်ကောင်
တောအချောက်ခံရပြီထင်ရဲ့

(ကျွန်ဈေး)
ကြည့်ရတာ ၂ဝ၁၅ နီးလာလို့ ရွှေပြည်ကြီးမှာ ကားနဲ့ အိမ်ခြံမြေဈေးကွက် နည်းနည်းငြိမ်သွားပြီး “အမတ်”ဈေးကွက် လှုပ်လာတယ်ထင်တယ်။ တချို့လည်း အမတ်ဟောင်းတွေထုတ်ရောင်း အမတ်သစ်တွေဝယ်လှောင်၊ ကြိုပွိုင့်တွေဘာတွေပေး၊ အလဲအထပ်လုပ်၊ ခွပ်လက်ကြည့်ဈေးဖြတ်နဲ့တဲ့ဗျ။ ကျနော်တော့ သိတ်နားမလည်ဘူး “အမတ်ဈေးကွက်”အကြောင်း။
မဆလခေတ်တုန်းကတော့ ဗမာပြည်ရဲ့ ဆီဈေး ပဲဈေးစတာတွေကို ညနေညနေဆို ၁၉ လမ်းထိပ်က ခွေးခြေပုလေးတွေမှာ ဘောင်းဘီတိုပွပွ စွပ်ကျယ်လက်ပြတ်နဲ့ ရေနွေးခွက်ကလေးတွေကိုင်လို့ ထိုင်ကြတဲ့ ဂန္ဓာလရာဇ်နွယ်ဖွားကြီးတွေကသတ်မှတ်ကြသလို ခု အမတ်ဈေးကွက်ကြတော့ စစ်ခရိုနီတွေကသတ်မှတ်ကြဆိုပဲ။

ခရိုနီတွေလုပ်နေပုံက
“အမတ်”များ ဘောသမားကြနေတာပဲ၊
“အမတ်”များ ဟင်းရွက်ကန်စွန်းကြနေတာပဲ၊
“အမတ်”များ “အမှိုက်”သရိုက်ကြနေတာပဲ ရောင်းဝယ်ဖေါက်ကားနေကြတာ။

(အမျိုးသားရေးအလံ)
မဘသ သင်္ကန်းခြုံတစ်ယောက်က အမေရိကန်အလံဒီဇိုင်းနဲ့ချုပ်တဲ့ အပြင်ဝတ်ဘောင်းဘီတိုဝတ်ထားတဲ့ အမေရိကန်နေဗမာပြည်သားတယောက်ပုံကိုပြပြီး “တကာတို့လည်း သူများနိုင်ငံမှာနေကြတာ အချင်းချင်းလည်း သတိလေးဘာလေးပေးကြ၊ တော်ကြာနေ တရားစွဲခံရတာကနောက်မှ ဝိုင်းရိုက်ခံရမှ ဟုတ်ပေ့တွေဖြစ်ကုန်ဦးမယ်”တဲ့ဗျာ။ ကျနော်လည်း ဒီလောက် အသိညာဏ်နုံ့နဲ့ ဗဟုသုတခေါင်းပါးတဲ့လူ့အန္ဓတွေမို့သာ ဒီ အမျိုးဘာသာ သာသနာခေါင်းစဉ်နဲ့ ၉၆၉ ဂိုဏ်းထောင် မဘသအမည်ပြောင်းအကြမ်းဖက်လှုပ်ရှားမှုကြီးကို ဦးဆောင်နိုင်ပေတာပဲလို့ တွေးမိတာပါပဲ။ (မှတ်ချက် သူရိုက်တဲ့ ဗမာစာကို ခင်ဗျားတို့ နားလည်မှာမဟုတ်လို့ ကိုယ့်ဘာသာအဆင်ပြေအောင်ပြန်ရိုက်ပေးတာတော့ ဝန်ခံပါတယ်)

0 comments:

Post a Comment