Tuesday, December 16, 2014

၂ဝ၁၄ ဒီဇင်ဘာ ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)
(ကော်ဖီဆိုင်ကပွဲ မပြီးသေးဘူး)
ဆစ်ဒနီ ကော်ဖီဆိုင်မှာ ပွဲပြီးသွားပြီ။ လူပြန်ပေးဓါးစာခံလုပ် အကြမ်းဖက်ရာဇဝတ်ကောင်သေပြီ။ ကောင်းတယ်။ ဒါပေမယ့် ကိစ္စက ဒါလောက်နဲ့ မပြီးသင့်ဘူး။ ပြီးမှာလည်း မဟုတ်ဘူး။ အစိုးရဘက်ကလည်း နောက်ကကျန်သေးသူတွေ အဖွဲ့အစည်းတွေ အသင်းအပင်းတွေ မရရအောင် ထပ်ဖော်ထုတ် အရေးအယူအပြစ်ပေးမှာပဲ။ ဒါပေမယ့် ဒီငနဲ သေသွားတဲ့အတွက် ဒီကိစ္စမှာ အခြားပတ်သက်သူတွေ ထပ်ထွက်လာဖို့ အခွင့်အလမ်းတော့ ပိုနည်းသွားတယ်
ရဲဝင်စီးတာမှာ ဓါးစာခံတချိ့လည်း သေတယ် ဒဏ်ရာရတယ်။ ဒီ့အတွက် စိတ်မကောင်းဘူး။ ဟိုငနဲသတ်လို့သေသေ ဝယ်ကယ်ရင်းပစ်ရင်းခတ်ရင်းသေသေ သေတာဟာသေတာပဲ။ မရှင်းလင်းသေးတာက ရဲကျည်ဆန်မှန်လို့သေသလား ဟိုကောင့်ကျည်မှန်လို့သေသလားပဲ။ ဟိုကောင်သတ်လို့သေသေ ရဲကျည်မှန်လို့သေသေ လက်သည်တရားခံက ဟိုကောင် အကြမ်းဖက်သမား ရာဇဝတ်ကောင်ပဲ။
သြဇီအစိုးရလည်း သူ့နိုင်ငံခြားရေးပေါ်လစီမှာ ဘာအနာအဆာတွေရှိနေလို့ ဒီနှစ်တွေအတွင်း ဒီလောက် အတိုက်အခိုက်တွေခံနေရသလဲ။ ဘာလို့ ဒီလောက်တောင် လူထုဘဝမလုံမခြုံ ဖြစ်ရတာတွေ များလာတာလဲ။ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်မှု နိုင်ငံတော်အဆင့်အထိ အန္တရာယ်တပ်လှန့်တာတွေ ဘာ့ကြောင့်လုပ်လာရသလဲ။ ပြည်တွင်း၊ နိုင်ငံခြားရေးနဲ့ ဒေသတွင်း ပေါ်လစီတွေမှာ ဘာအမှားအယွင်း အားနည်းချက်နဲ့ပြဿနာတွေရှိနေသလဲ ပြန်သုံးသပ်ပြီး ပြင်တန်တာပြင် တင်းတန်တာတင်း လျှော့တန်တာလျှော့တွေ လုပ်ရမယ်ထင်တယ်။
အရင်က သြဇီမှာ ခုလောက် လူထုကြားထဲ ထိတ်လန့်တကြား ခြောက်ခြောက်ခြားခြားတွေ မရှိဘူး။ အကြမ်းဖက်အုပ်စုတွေကလည်း အမေရိကန်လောက် ဗြိတိန်လောက်စတဲ့ နိုင်ငံတွေလောက်ပဲ မဲနေကြတာ။ ခု အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီမြားဦး အရှေ့အလယ်ပိုင်းကနေ အာရှ-ပစိဖိတ်ဘက် လှည့်တဲ့အလှည့်မှာ သြဇီက အမေရိကန့်မဟာမိတ်ကြီးဖြစ်တဲ့အပြင် စစ်စခန်းဖွင့်ခွင့်တွေ စစ်ရေးသဘောတူညီမှုတွေလည်း နေတိုးနဲ့ရော အမေရိကန်နဲ့ပါ အများကြီးလုပ်လာတာတွေရှိတယ်။ ဆိုတော့ ကြက်သွန်နဲ့ပေါင်းလို့ ငရုပ်သီးအထောင်းခံရတာဖြစ် ငရုပ်သီးနဲ့ပေါင်းလို့ ကြက်သွန်အထောင်းခံရတာဖြစ်ဖြစ် တကယ် စိစိညက်ညက်ကြေတာက လက်နက်မဲ့ အရပ်သူအရပ်သားတွေပဲ။ ပြည်သူတွေပဲ။ သာမန်ပြည်သူ့ဘဝတွေပဲတစစီဖြစ်ကြရတာ။ တကယ်ဖြစ်တော့ အစိုးရက ဘာများဒီလောက် လုပ်ပေးနိုင်လို့လဲ ဘာများ ဒီလောက်ကာကွယ် ကယ်ဆယ်ပေးနိုင်လို့လဲ၊
လက်နက်မဲ့ အရပ်သူအရပ်သားတွေကို လက်နက်ကိုင်တိုက်ခိုက်အကြမ်းဖက် လုယက်ဖျက်စီးတာမှန်သမျှ ဟီရိုးရှီးမားနဲ့နာဂါးစကီးပေါ် အနုမြူဗုံးကြဲတာကအစ အော့ဇ်ဝစ်အကျဉ်းစခန်းတွေအလယ် ခု ဆစ်ဒနီအဆုံး အကုန်လုံးကိုဆန့်ကျင်တယ် ရှုတ်ချတယ်။
အကြမ်းဖက်မှုမှာ ဘာသာ လူမျိုး အသားအရောင် ကျား- မရှိဘူး။ အကြမ်းဖက်သမားနဲ့ အကြမ်းဖက်ခံရသူပဲရှိတယ်။ လူသတ်သမားနဲ့ သာမန်အရပ်သူအရပ်သား လက်နက်မဲ့ အပြစ်မဲ့တွေပဲရှိတယ်။

(လုပ်စရာရှိတာလုပ်သွားမှာ)
ဒေါ်စု အိမ်အကျယ်ချုပ်ကာလတလျှောက်လုံး ဦးအောင်ရွှေတို့ ဦးလွင်တို့ကို တခုခုမေးလိုက်တိုင်းလုပ်စရာရှိတာတွေ လုပ်နေပါတယ်ဆိုတဲ့အဖြေဟာ အတော်ခေတ်စားခဲ့တယ်။ 

ဒေါ်စုလွတ်လာပြီးနောက်ပိုင်းကစလို့ တခုခုမေးလိုက်တိုင်းအချိန်မတန်သေးလို့ပါတွေ ခေတ်စားလာတယ်။

လုပ်စရာတွေလည်း ဘာမှန်းမသိ
အချိန်ကလည်း ဘယ်တော့ တန်မယ်မှန်း မပြောတတ်

၈၈ မှာမွေးတဲ့ကလေးတွေ
ကလေးရကုန်ကြပြီ


(ရွှေ့ရင်းရွှေ့ရင်း အောက်ထဲဆင်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးက ၂ဝ၁၅ ရွေးကောက်ပွဲဝင်/မဝင်ကို ဘယ်လိုဆုံးဖြတ်မယ်ထင်သလဲ။ ဦးညာဏ်ဝင်း နှုတ်ထွက်စကားပြင်ပြင် မပြင်ပြင် ဝင်မယ်က ဒီမှာ ရှင်းရှင်းလင်းလင်းသိရမယ်မှတ်တာပဲ။

ခု မဆုံးဖြတ်သေးဘူး ရွေးကောက်ပွဲနီးမှ ဆုံးဖြတ်ဖို့ဆိုင်းထားမယ်။ ဝင်မယ် မဝင်ဘူးက ဒီကြားထဲ ဘာတွေဖြစ်လာဦးမလဲအပေါ်မှာပဲတည်လိမ့်မယ် ဆိုတဲ့စကားနဲ့မျှောထားပြီး ကပ်တော့မှ ပြင်ပြင်မပြင်ပြင် ဝင်တယ်ကွာဆိုတာပဲဖြစ်ဖြစ်၊ မပြင်လို့မဝင်ဘူးပဲဖြစ်ဖြစ်ဆုံးဖြတ်တယ်ဆို အခြားအင်အားစုတွေအတွက် လုပ်ဖို့ကိုင်ဖို့ခက်ပြီး ကြံ့ဖွံ့(စစ်အုပ်စု)အတွက်တော့ အကွက်ကောင်းဝင်သွားမယ် ယူဆမိတာပါပဲ။ သူတို့ဖြစ်စေ့ချင်တာလည်း ထိုနည်းနည်းနှင်နှင်ဖြစ်မလားလည်း တွေးမိတယ်။

NLD အနေနဲ့ တိုင်းပြည်ကို လူထုကို မိတ်ဘက်အင်အားစုတွေကို ၂ဝ၁၅ နဲ့ပတ်သက်လို့ မိမိမူဘာဆိုတာ တိတိလင်းလင်း သိအောင် ရှင်းအောင် လုပ်ပေးရမယ်တွေးတယ်။ ဘာလို့လဲဆိုတော့ အရပ်သားအရေခြုံ ဒီမိုကရေစီအယောင်ဆောင်စစ်အာဏာရှင်စနစ်ဟာ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ ဖယ်ရှင်းရမယ့်ဘုံပစ်မှတ်ဖြစ်နေလို့ပဲ။


(ဖေဌေးနဲ့ပြန်အတွေ့)
တနေ့မနက်က စကားစပ်ရင်း သူများစတေးတပ်စ်အောက်မှာသခင်ဖေဌေးရဲ့ သခင်ဖေဌေးပြန်ဖတ်ချင်တယ်လို့ ရေးမိတယ်။

မနေ့က အင်ဒီယာနားပိုးလီးစ်က စာပျိုးခင်းလေးကိုသွားရင်း ဒီရိုင်းစာပေထုတ် ၁၉၆၃ ခုနှစ် ပထမအကြိမ်ပုံနှိပ် သခင်ဖေးဌေးရဲ့သခင်ဖေဌေးတွေ့လို့ ငှားလာခဲ့တယ်။ ဒီမနက် အမှာစာတော့ ဖတ်ပြီးပြီ။ တအုပ်လုံး အစအဆုံးပြန်ဖတ်မယ်။ ရေးစရာပြောစရာတွေတော့ တွေ့ရဦးမှာပါ။

၁၈ နှစ်သားလောက်တွေ့ခဲ့တဲ့သခင်ဖေဌေးနဲ့ အခု ၅၁ နှစ်သားမှာပြန်တွေ့တဲ့ သခင်ဖေဌေးမှာ ဘာအပြောင်းအလဲမှမရှိပေမယ့် ကျနော့်မှာတော့ အပြောင်းအလဲတွေ
အလှည့်အပြောင်းတွေ အတည့်အစောင်းတွေတော့ ရှိတာအမှန်။

တချိန်တုန်းက အလွန်စွဲလမ်းခဲ့တဲ့စာ၊ အတွေးအခေါ်နဲ့လူပုဂ္ဂိုလ်တွေဟာ နောင်တချိန်ချိန်မှာ ပြောင်းပြန်ခံစားမှုတွေ ဆန့်ကျင်ဘက်တွေအထိတောင် ဖြစ်တတ်ကြတာမဟုတ်လား။ ဒါလည်း ဘဝဖြတ်သန်းမှုကသင်ကြားပေးတာ မဟုတ်လား။ ကိုယ် ဘယ်လို ဘယ်လောက်ပြောင်းပြောင်း စာနဲ့ပေနဲ့မှတ်တမ်းတင်ထားတဲ့ သမိုင်းထဲကလူတွေကတော့ စာတွေထဲကသမိုင်းထဲမှာ သက်မဲ့သမိုင်းလူတွေအဖြစ် တည်တည်တန့်တန့်ရှိနေမှာပါ။

သက်ရှိသမိုင်းလူတွေကတော့ တခါတလေ ကိုယ့်အပြောင်းကြောင့်၊ တခါတလေ  သူ့အပြောင်းကြောင့် သူနဲ့ကိုယ် အကြောင်းပေါင်းမသင့်ဖြစ်လို့ ရတယ်မဟုတ်လား။
သက်မဲ့သမိုင်းလူတွေနဲ့ကြ အဲ့သလိုမရပေမယ့် ကိုယ့်အပြောင်းနဲ့ ပြောင်းပြီးမှတ်ကျောက်တင်ကြည့်တဲ့အခါ မမြင်ခဲ့တဲ့ မြင်ရကောင်းမှန်းမသိခဲ့တဲ့ အမြင်တွေအတွေးတွေ ထွက်လာမှာမုချပါပဲ။

ငြိမ်းချမ်းရေးသည် တပြည်လုံးအတိုင်းအတာကိုဆောင်သည့် တပြည်လုံးအတွက်ငြိမ်းချမ်းရေးဖြစ်ရပါမည်

တပြည်လုံးရှိ လူမျိုးတိုင်း-လူမျိုးတိုင်းနှင့် လုံးဝသက်ဆိုင်နေသကဲ့သို့ တပြည်လုံးရှိ
လူထု-လူတန်းစားအသီးသီးနှင့်လည်း လုံးဝသက်ဆိုင်နေပါသည်

အုပ်ချုပ်သူအာဏာလက်ကိုင်ရှိသူခေါင်းဆောင်စုများနှင့် လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူခေါင်းဆောင်များချည့် သက်သက်သာလျှင်သက်ဆိုင်သည့်ငြိမ်းချမ်းရေးဟူ၍ မယူဆနိုင်ပါ

ငြိမ်းချမ်းရေးသည် အာဏာလက်ရှိလက်နက်ကိုင်များ အပိုင်ပစ္စည်းလည်းမဟုတ်၊ အာဏာမဲ့လက်နက်ကိုင်များ၏အပိုင်ပစ္စည်းလည်းမဟုတ်၊ တပြည်လုံးအတိုင်းအတာကိုဆောင်သည့် ဧရာမပြည်သူလူထုကြီးတရပ်လုံးအပိုင်ပစ္စည်းသာဖြစ်သည်
(သခင်ဖေဌေး၏သခင်ဖေဌေးအမှာစာမှ ကောက်နှုတ်ချက်)

(သန်းရွှေအလွန်)
သန်းရွှေသေတာ ကောင်းပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးနဲ့ စစ်အုပ်စုကို လူထုလက်နဲ့တရားခွင်မတင်နိုင်သေးတာ နိဂုံးကမ္မတ်အဆုံးသတ် မစီရင်နိုင်သေးတာကတော့ မကောင်းပါ။
သန်းရွှေသေရင် စစ်အုပ်စုပြိုကျသွားတော့မလို သွေးလေခြောက်ခြား ထင်ယောင်မှားတွေတော့ ဖြစ်ကြမယ်မထင်ပါ။ သန်းရွှေ စီမံချက်ချရွှေ့ခဲ့တဲ့ဇယားတော့ အထိုက်အလျှောက် ကဖြဲကရုန်းဖြစ်မှာပါ။ တအုပ်စုလုံးအကျိုးစီးပွားကို မတူတဲ့နည်းနာတွေ(အစိုးရ၊ လွှတ်တော်၊ စစ်တပ်)တွေနဲ့ခွဲပြီး ကာကွယ်တည်ဆောက် ရှင်သန်ရေးလုပ်ကြတယ်ဆိုပေမယ့် တယောက်တည်းအကြွင်းမဲ့အာဏာပိုင်
နံပတ်တူးမရှိ ပုံစံလိုတော့ လုပ်မရပါ။
၂ဝဝ၈ ဖွဲ့စည်းပုံက သူ့အသက်ဘူးဆိုပေမယ့် သူ့လိပ်ပြာပြန်နှုတ်မယ့် အားနည်းချက်ချို့ယွင်းချက်တွေက သန္ဓေသဘောမှာပါပြီးသားပါ။
အပိုင်စားနေရာတွေခွဲထိုင်ထားကြတဲ့ ဦး(ဗိုလ်)တွေမှာ ဂွင်အလိုက် လူသူနဲ့ သူ့အုပ်စုနဲ့သူ ဓနစုဆောင်းတာတွေက ထိန်းမနိုင်သိမ်းမရဖြစ်နေတာပါ။ အားလုံးအကျိုးစီးပွားကို ဝိုင်းကြီးချုပ်စနစ်နဲ့ထိန်းထားတယ်ဆိုပေမယ့် အချင်းချင်းကြားမှာ စားခွက်လုပွဲတွေ
စားမန်ခုတ်ပွဲတွေ အရင်ကထက်ပိုကြီးလာပါတယ်။
ဗိုလ်ရွှေမန်းစီးပွားရေးအင်ပါယာ၊ ဗိုလ်အောင်းသောင်းစီးပွားရေးအင်ပါယာ၊ ဗိုလ်မင်းအောင်လှိုင်စီးပွားရေးအင်ပါယာ စတဲ့အင်ယာပါကြီးမျိုးတွေ အပြိုင်းအရိုင်းဖြစ်လာကြသလို တချို့နေရာတွေမှာ ကိုယ့်အင်ပါယာ အသက်ပေးကာကွယ်ရေးတွေလည်း ရှိနေပါတယ်။ ဝိုင်းကြီးချုပ်အကျိုးစီးပွားထဲက တကိုယ်ရည်ကိုယ်ကျိုးစီးပွား အငြိအပြုအထိအရှတွေပါ။ တနည်းပြောရရင် လှေကြီးပေါ်လှေငယ်တင်တဲ့ကိစ္စမျိုးတွေပါ။ ဦးပိုင်ကုမ္မဏီလိမိတက်ဒ်ဟာ စစ်တပ်ပိုင်ပါ။ လက်ထဲသေနတ်ကိုင်ထားဆဲစစ်ဗိုလ်ကြီးတွေ ပိုင်တာပါ။ မင်းအောင်လှိုင်ပိုင်တဲ့ စီးပွားရေးအင်ပါယာကြီးပါ။ အားလုံးထက်ကြီးတဲ့အပြင် တပ်နဲ့သေနတ်ရှိတာ မေ့ထားလို့မဖြစ်ပါ။
ဗိုလ်သန်းရွှေသေနတ်နဲ့တပ် ထိုးအပ်ခဲ့တဲ့ မင်းအောင်လှိုင်က ခု တပ်တွင်းမှာ သူ့အာဏာ စတည်ဆောက်နေပါပြီ။ တပ်ကိုင်လူကိုင် ဘယ်လောက်ကျင်လည်/မလည်ကို ဗိုလ်သန်းရွှေကိုယ်တိုင် တပ်ကြီးထိုးအပ်ဝံ့လောက်အောင် မျက်နှာလွှဲခံရသူဆိုတာနဲ့ ချိန်ထိုးစဉ်းစားရမှာပါ။ ကာလုံမှာ အကိုကြီးတွေနဲ့ပတ်ချုပ်ထားတယ်ဆိုပေမယ့် တပ်ချုပ်လေးမှာ တပ်တွင်းကိစ္စမှန်သမျှကို သူ့လက်သူ့ခြေဖြစ်အောင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဘယ် အကိုကြီးမှ စောက်ရေးလုပ်စရာမလိုအောင် စီမံထားပြီးသားပါ။
သန်းရွှေမသေခင် မင်းအောင်လှိုင် တပ်ပြင်နေတာ အလကားမဟုတ်ပါ။ သန်းရွှေသေခဲ့ရင် ဖြစ်လာနိုင်ခြေရှိတာတွေထဲမှာ ကိုယ်ကျိုးစီးပွားတွေ ခုထက်ပို ရှေ့တန်းရောက်လာပြီး ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးတွေကို ကျားကုပ်ကျားခဲကာကွယ်ရင်းဖြစ်လာတဲ့ စစ်အုပ်စုတွင်းပဋိပက္ခတွေ ခုထက်ပို ကြီးလာမှာလည်း ပါပါတယ်။ အာဏာပြန်လည်ခွဲဝေရေး တနည်းပြောရရင် လူနေရာပြန်ချရေး၊ အထိုင်ပြန်ချရေးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ခု ရွှေပြည်ကြီး နိုင်ငံရေးက ဘာသာရေး၊ လူမျိးရေး၊ အပစ်အခတ်ရပ်စဲရေး၊ လယ်သမား၊ အလုပ်သမား၊ မြေသိမ်းယာသိမ်း၊ ဖွဲ့စည်းပုံပြင်၊ အပွင့်ဆိုင်စတဲ့ ကိစ္စပေါင်း
သောင်းခြောက်ထောင်နဲ့ ဦးနင်းပဲ့ထောင်မဟုတ်လား။
ကိုယ်ကျိုးတွေ ခုထက်ပိုငြိကြ ထိကြရှကြနဲ့ အုပ်မနိုင်စီးမရဖြစ်လာရင် တခုခုကို ကောက်ကိုင်ပြီး လူတွေပြောပြောနေတဲ့နောက်ကြောင်းပြန်ဆိုတာ ဖြစ်မလာဘူးလို့ ယတိပြတ် ဘယ်သူမှမဆိုနိုင်။ တကယ့်လက်တွေ့မှာ ဒီမိုကရေစီသမားတွေထက် နောက်ကြောင်း ပို မပြန်ချင်ဆုံးက စစ်အုပ်စုပါ။လိုအပ်လာရင်” “တတိယအကြိမ် တိုင်းပြည်ကိုကယ်တင်ဖို့စစ်ပြင်နေတာတော့ လူတိုင်းသတိမူမိကြမှာပဲ။
ကျနော်တို့ဘက်မလည်း(တချို့မှာ)ဒေါ်စုအလွန် ဗမာ့နိုင်ငံရေးအခင်းအကျင်းကိုကြိုတွေးကြသလို သူတို့ဘက်မလည်းသန်းရွှေအလွန်စစ်အုပ်စုအနေအထားကို ကြိုတွက်ဆထားတာတွေ ရှိနိုင်မှာပါ။ ဒါ့ကြောင့် ခု ကျနော့်အတွးက သူတို့ကြိုတင်တွက်ဆထားမယ့်သန်းရွှေအလွန်အခင်းအကျင်းနဲ့တော့ တူလိမ့်မယ်မထင်ပါ။ သန်းရွှေသေရင် ဒါတွေဖြစ်လိမ့်မယ်လို့လည်း မပြောပါ။
ခု ဖြစ်နေတာတွေကနေကြည့်တော့ သူသေရင် ဖြစ်လာနိုင်စရာတွေထဲ
ဒါတွေလည်း ပါမလားလို့ ထင်ကြည့်မိတာပါပဲ။

(ပြည်သူ့အာဏာ စာတည်းအဖွဲ့အမှာစာဖတ်ပြီး ဆက်တွေးမိတာပါ)

0 comments:

Post a Comment