Thursday, November 22, 2018

လူပြောင်းလို့တောင်းဆိုချက်ပြောင်းရင် ကောင်းပါတယ်(မျိုးမြင့်ချိ)

0 comments
(လူပြောင်းလို့တောင်းဆိုချက်ပြောင်းရင် ကောင်းပါတယ်)
ဟိုတလောက ထိပ်သီးဆွေးနွေးပွဲမှာ အနိုင်ကျင့်ခံရပြီးနောက် KNU ထဲမှာ လက်ရှိသွားနေတဲ့ NCA လမ်းကြောင်းနဲ့ပတ်သက်ပြီး သံသယဝင်တဲ့သဘော အသံထွက်လာတယ်။ အထူးသဖြင့် တပ်မှူးကြီးတွေဆီကဖြစ်တယ်။ နောက်တော့ အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးခေါ်တယ်။ ပြီးတော့ လက်ရှိတက်နေတဲ့ NCA ဆွေးနွေးပွဲတွေ တရားဝင်တက်ရောက်နေတာကို မတက်ဘူး ဆိုင်းငံ့ထားမယ်၊ အလွတ်သဘောတော့ တွေ့ဆုံပြောဆိုနေမယ်၊ သူတို့ထဲမှာ ပြန်သုံးသပ် ဆွေးနွေးတာတွေလုပ်ရမယ်၊ NCA လမ်းကြောင်းအတိုင်း တစိုက်မတ်မတ်သွားနေမယ်လို့ ထုတ်ပြန်လာတယ်။

စစ်တပ်နဲ့အပစ်ရပ်ထားတဲ့အဖွဲ့တွေမှာ PPST လိုခေါ်တဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ ဖွဲ့ထားတာရှိတယ်။ ဒါကိုဖွဲ့ဖို့ အပစ်ရပ်အဖွဲ့တွေက သူတို့ကိုယ်စားလှယ်တွေစေလွှတ်ရတယ်။ အဲ့ဒီကိုယ်စားလှယ်တွေနဲ့ PPST ကိုဖွဲ့တယ်။ အဲ့ဒီအဖွဲ့မှာ ဥက္ကဌရာထူး ရှိတယ်။ ဥက္ကဌက KNU ရဲ့ဥက္ကဌ စောမူတူးစေးဖိုး။ သူက အဲ့ဒီအဖွဲ့အတွက် KNU ရဲ့ ကိုယ်စားလှယ်လည်းဖြစ်တယ်။

ခု PPST ကိုယ်စားလှယ်နေရာအတွက် KNU က လူပြောင်းတယ်။ KNU ဥက္ကဌမူတူးစေးဖိုးနေရာမှာ KNU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ စောတာဒိုမူးကို ကိုယ်စားလှယ်အဖြစ် ပြောင်းလဲတာဝန်ပေးမယ်။ သူက PPST အတွက် KNU ရဲ့ကိုယ်စားလှယ်တော့ဖြစ်သွားပြီ ဒါပေမယ့် မူတူးစေးဖိုးတုန်းကလိုပဲ PPST ရဲ့ ဥက္ကဌနေရာဆက်ခံရမှာလား မခံရဘူးလားကတော့ အဲ့ဒီအဖွဲ့ထဲမှာ မဆုံးဖြတ်ရသေးဘူး။ မဆုံးဖြတ်နိုင်သေးတာက အဲ့ဒီအဖွဲ့မှာပါတဲ့လူတချို့ ပြည်ပခရီးတွေ ထွက်နေတယ်။ အစည်းအဝေးခေါ်ဖို့ လူမစုံဘူး။ ဟိုလူတွေပြန်ပြီး လူစုံချိန်မှ အစည်းအဝေးခေါ်ပြီး စောတာဒိုမူးကို PPST ဥက္ကဌနေရာပေးမယ် မပေးဘူးဆုံးဖြတ်မယ်။ သတင်းကတော့ ဒါပါပဲ။

လက်ရှိ KNU ဥက္ကဌကတော့ စောမူတူးဆေးဖိုးပဲဖြစ်တယ်။ အထွေထွေအတွင်းရေးမှူးချုပ်စောတာဒိုမူးကို KNU အတွင်းမှာ လူကြိုက်ပိုများလာတယ်လို့လည်းကြားတယ်။ ဖဒိုကွယ်ထူးဝင်းတို့ မန်းငြိမ်းမောင်တို့လည်း အရာတော့ မကျကြသေးပေမယ့် သိတ်မတွင်ကျယ်တော့တာ သတိထားမိတယ်။

အကျပ်အတည်းက စစ်တပ်မှာတော့ သူတို့မှာရောရှိတယ်။ အတွင်းပဋိပက္ခကျတော့ KNU ဘက်မှာ ပိုလိမ့်တွေးမိပါတယ်။ စစ်တပ်က တလျှောက်လုံး သူကိုင်ထားတဲ့မူ(လက်နက်ချ၊ တပ်ဖျက်)ကနေ တလက်မမှရွေ့ပဲ NCA လုပ်နေတာဖြစ်တယ်။ KNU က လက်နက်ကိုင်တော်လှန်ရေးလုပ်နေရင်းက ၁၈ဝ ဒီကရီ ရွှေ့ပေးပြီး NCA တက်ရတာဖြစ်တယ်။

KNU က NCA မှာ ကျွံဝင်နေပြီ။ ပြန်ဆုတ်ဖို့ မလွယ်တဲ့ အနေအထားရောက်နေတယ်။ နယ်မြေတွေကိုလည်း စစ်တပ်က တော်တော်လေးစီးမိထားပြီ။ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဆက်သွယ်ရေးလမ်းကြောင်းတွေ စစ်ရေးမဟာဗျူဟာလမ်းတွေလည်း ဖေါက်ထားပြီးပြီ။ နိုင်ငံရေးမှာလည်း လက်ဦးမှုယူမယ်ဆို ယူလို့ရတဲ့အနေအထားရှိနေတယ်။ ဒေါ်စုဦးဆောင်တဲ့အစိုးရကို ကိုယ့်ကွင်းထဲ ယက်သွင်းထားနိုင်တဲ့အတွက် NCA ကို စစ်တပ်က တဘက်သတ်ဖျက်လည်း အစိုးရကတော့ သဘောမတူလို့မရဘူး။ အစိုးရက (ဟုတ်တာမဟုတ်တာ အပထား)ပြည်တွင်းပြည်ပအမြင်မှာ လူထုတင်မြှောက်ထားတယ်ဆိုတဲ့ဂုဏ် ရှိနေတယ်။ ဒီအစိုးရက စစ်တပ်ကို လွန်ဆန်လို့မရဘူး။ လွန်ဆန်တာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေနဲ့အညီဆိုပြီး အာဏာသိမ်းလိုက်မယ်။ ကံကောင်းရင် အစိုးရပြုတ်ရုံလောက်ပဲ။ ထောင်ထဲတော့ မသွင်းလောက်ဘူး။ ဒါက စစ်တပ်ဖက်က လုံးဝအသာစီးရနေတဲ့ အချက်ဖြစ်နေတယ်။ KNU ဘက်မှာကြတော့ NCA ကနေ အပြီးအပိုင်ထွက်ပြီး ကိုယ့်ပုံစံနဲ့ကိုယ်လုပ်ဖို့ မပြောနဲ့ NCA တရားဝင်မတက်မယ့် ရွှေ့ဆိုင်းကာလကိုတောင် ဘယ်အခြေအနေအထိ ရွှေ့ဆိုင်းထားရမလဲ၊ ဘယ်အခြေအနေရောက်မှ တရားဝင်ပြန်တက်မှာလဲ ဆိုတာဆုံးဖြတ်ဖို့ စစ်တပ်မျက်နှာရိပ်မျက်နှာကဲ ကြည့်ရမယ့်သဘော ရှိနေတယ်။ သူပြဌာန်းတဲ့အတိုင်း ကိုယ်ကလိုက်ဆုံးဖြတ်ရမယ့် အခြေအနေလောက်ကြီးအထိ ဆိုးမဆိုးကတော့ ခုနေခါမှာ မပြောနိုင်သေးပါ။ အလုံးအရင်းနဲ့ ထိုးစစ်တွေလုပ်ပြီး NCA ထဲ ဒယဥ့်တိုက် ပြန်ဝင်လာအောင် လုပ်မလားကလည်း ကံသေကံမ မပြောနိုင်ဘူး။ အပျော့ဆွဲနဲ့ နှူးနှပ်ပြီးလုပ်ဖို့လမ်းတော့ သိတ်မမြင်မိသေးဘူး။ ကဖျက်ယဖျက်သာ အမျိုးမျိုးဖျက်ပေမယ့် NCA တခုလုံးကြီးကို ဖျက်ပစ်မယ့်အရိပ်အယောင်တော့ မမြင်မိသေးပါဘူး။

ဆိုတော့ လူအပြောင်းအလဲ၊ တောင်းဆိုချက်အပြောင်းအလဲတွေတော့ ရှိမယ်။ စစ်တပ်ဘက်မှာတော့ မဟုတ်ဘူး KNU ဘက်မှာ။ မျက်နှာမူရာကတော့ NCA ကိုပါပဲ။ တခြားဘက်ရွှေ့သွားစရာ မမြင်မိသေးပါဘူး။ စစ်တပ်ဘက်ကသာ မူလ NCA သဘောတူညီချက်တွေအတိုင်း ပြန်လျှောက်မယ်ဆိုရင် အစိုးရလည်း အနေချောင်ပြီး မျက်နှာပန်းပွင့်မယ် ထင်ရပါတယ်။ ဒါပေမယ့် ဒေါ်စုလက်ထက်(အင်န်အယ်လ်ဒီ အာဏာထဲရှိနေသေးချိန်)မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးမပြောနဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ရေးတောင် စစ်အုပ်စုက လုပ်မယ်မထင်ပါ။ စစ်အုပ်စုက ဒေါ်စုနဲ့ အင်န်အယ်လ်ဒီ နံမည်ကောင်းရစေမယ့် ဘယ်လုပ်ရပ်မျိုးကိုမှ လုပ်မယ့်လမ်းတော့ ခုထိ မမြင်မိသေးပါဘူး။

မျိုးမြင့်ချို(နိုဝင်ဘာ ၂၂၊ ၂ဝ၁၈)

0 comments:

Post a Comment