Thursday, November 29, 2018

(သမန်းဆိတ်နဲ့ဟစ်ပီအိုစုံတွဲ)မျိုးမြင့်ချို

0 comments
(သမန်းဆိတ်နဲ့ဟစ်ပီအိုစုံတွဲ)
သမန်းဆိတ်မောင်နှမ
အဲ့ဒါ ပင်န်ဆယ်လ်ဗေးနီးယားတောနယ်က ဟစ်ပီဟောင်းလင်မယားမွေးထားတဲ့ ဆိတ်တွေထဲက တစုံတွဲ။ အဲ့လို ဆိတ်တွေ၊ သိုးတွေ၊ မြင်းတွေ၊ နို့စားနွားမတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ကြက်ဆင်တွေ အကောင်ဗလောင်စုံအောင် မွေးထားတယ်။ သိတ်အများကြီးတော့ မဟုတ်ဘူး။ ခြံကလည်း ဧက ၇ဝ လောက်ကျယ်တယ်။ ပြောင်းချိန်ပြောင်း၊ ပဲပ်စပ်ချိန်ပဲပိစပ်၊ ပန်းနှမ်းချိန်ပန်းနှမ်း၊ ဆီထုတ်မုန်ညင်းချိန်မုန်ညင်း ရာသီအလိုက် စိုက်တယ်။ အဲ့ဒါတွေရိပ်သိမ်းတော့ လယ်ထွန်စက်လိုဟာနဲ့ တွဲပြီးဆင်ထားတဲ့ ရိပ်စက်နဲ့ရိပ်တယ်။ အခွံချွတ်တာ ခွာတာ လှေ့တာ ဘာတာတွေလည်း စက်နဲ့လုပ်တယ်။ အချိန်တန်ရင် ကုမ္ပဏီတွေက ခြံအထိလာဝယ်တယ်။

Sweet Corn တွေပြုပ်စားတယ်၊ Pop Corn တွေ ပေါက်ပေါက်ဖောက်တယ်၊ ပြောင်းမှုန့်ကိုအိမ်မှာတင် ကြိတ်တယ်။ ကျနော့်ကို ပြောင်းကိတ် ချက်ခြင်းဖုတ်ကျွေးတာ မွှေးနေတာပဲ။ ယာတွေထွန်ယက်တာကို ခိုင်းမြင်းကြီးတွေနဲ့ထွန်တယ်။ ဟိုနားဒီနားသွားရင် ဆွဲမြင်းလှည်းလေးတွေနဲ့ သွားတယ်။ ညနေစောင်းတိုင်း လင်မယား ၂ ယောက် စီးမြင်းတွေစီးပြီး ခွေးတအုပ်နဲ့ ၁ဝ မိုင်လောက် တောင်ဆင်းတောင်တက် လမ်းသလားတယ်။

အကျည်းတန်လှချိန်ရောက်တာနဲ့ ရေမိုးချိုးပြီး ကြမ်းပြင်ပေါ် တူရကီကော်ဇောကြီးခင်း၊ ဧရာမကြေးဝါခွက်ကြီးတွေထဲ မလိုင်တက်ပြီး ပျစ်နှစ်နေအောင် ကျိုထားတဲ့ဆိတ်နို့ကို ကြံသကာသကြား ခပ်ပြီးချတယ်၊ ပြီးရင် ဆေးခြောက်ပြောင်းကြီးတွေထဲ ဆေးခြောက်တွေသိပ် မီးကျီးခဲလေးတွေ တင်တင်ပြီး အဆုပ်ပေါက်ထွက်မတတ် ရှူတယ်၊ ၂ ပြောင်းလောက်စီ ရှူပြီးတော့ နှုတ်ခမ်းတွေမှာ မလိုင်နှစ်တွေကပ်တဲ့အထိ ဆိတ်နို့တွေကို တဂွပ်ဂွပ်သောက်တယ်။ ဂစ်တာတီးတယ်၊ မိန်းမက စည်းလိုဟာလေးနဲ့လိုက်ပေးတယ်၊ သီးချင်းဆိုလိုက် ဆေးခြောက် ပြောင်းကို တယောက်တလှည့် ဆေးဖြည့်ပေးလိုက် မီးတင်ပေးလိုက် ပါးစပ်တေ့ပေးလိုက်၊ တခါတလေ အိမ်လုပ် မုန့်အချိုလေးတွေမြုံ့လိုက်၊ ခွေးကြီးတွေကတော့ စားသောက်ပြီး ဘေးနားမှာထိုင်နေကြတယ်။ တခါတလေ ဂစ်တာသံအလိုက် လိုက်ပြီးအူတယ်။ အိမ်ထဲလွှတ် မွေးထားတဲ့ ဘာငှက်မှန်းမသိတဲ့ငှက်တွေကလည်း တဝုံးဝုံးနဲ့ တအိမ်လုံး လျှောက်ပျံနေတာ။

အသား ငါး လုံးဝမစားဘူး။ နွားနို့ ဆိတ်နို့ကိုလက်နဲ့ညှစ်တယ်၊ ကျိုသောက်တယ်၊ မလိုင်လုပ်တယ်၊ ချီးစ်လုပ်တယ်။ ဆိတ်နို့ချီးစ်က ဘယ်ချီးစ်နဲ့မှ မတူအောင် စိမ့်တယ်။ အိမ်မှာ ဆန်ကြိတ်စက်အသေးစားလေး ထားတယ်။ ထမင်းစားတာ များတယ်။ ဟင်းကတော့ အိန္ဒိယဆန်တဲ့ဟင်းတွေ များတယ်။ ကျနော်လည်း သူတို့နဲ့ရောပြီး တညနေသား ဆေးခြာက် ၂ ပြောင်းလောက် လိုက်ရှူတယ်။ ပြီးတော့ ထမင်းနဲ့ဟင်းနဲ့ အာလူးပြုပ်တွေနဲ့ ပဲသီးစိမ်းကြော်တွေနဲ့ စားကြတယ်။ ပဲဟင်းလို ဟင်းရည်တမျိုးလည်းပါတယ်။

၂ ယောက်လုံးက ဂျာမန်တွေ၊ မျက်လုံးပြာတွေ။ ယောက်ျားဆံပင်က ခါးလည်တောင်ကျော်မယ်။ ထိပ်တော့ နည်းနည်းပြောင်နေပြီ။ မိန်းမကတော့ ဆံပင်တိုနဲ့။ ၂ ယောက်လုံးမှာ တူတာက တက်တူးတွေပြည့်နေတာနဲ့ မျက်နှာကရှိသမျှနေရာတွေမှာ အပေါက်တွေဖောက် ကွင်းတွေတပ် အစို့တွေထိုးထားကြတာပဲ။ Woodstock ဂီတပွဲအကြောင်း၊ Rights movements တွေအကြောင်း၊ ၁၉၆ဝ ပြည့်နှစ်များဆီက အမေရိကန် Life Style အကြောင်း၊ လူငယ်တွေအကြောင်းပြောရင်း ယောက်ျားက သူ ကောင်မလေး ဘယ်နှယောက်နဲ့ တွဲခဲ့ကြောင်း အတူနေခဲ့ကြောင်းပြောတော့ မိန်းမက ပြုံးပြီး “တို့ လက်မထပ်က ငါ့မယ် ရည်းစား ၃ ယောက်နဲ့ မနိုင်နင်းပေါ့။ သူက အဲ့ထဲကတယောက်။ သူက ငါ့ကို လက်ထပ်ပါရစေဆိုတော့ ဟို ၂ ယောက်လည်း တခြားအတွဲရှာသွားတယ်။ ခုတော့ သူတို့လည်း သားတွေသမီးတွေနဲ့၊ တို့သာ ကလေးမရတာလို့ပြောတော့ သူယောက်ျားက ဆေးခြောက်နဲ့ရီဝေမှေးစင်းနေတဲ့မျက်လုံးအစုံမှာ ချစ်စိတ်တရွှမ်းရွှမ်းနဲ့ ငေးမောနားထောင်ရင်း “အင်းနော်“တဲ့။
(၂ဝ၁၄ မှာ သူတို့ဆီသွားလည်ခဲ့တယ်။ ၅ ညလောက် အိပ်ခဲ့တယ်။ အရင်ရေးထားကို ဖတ်ချင်ရင်က အောက်မှာပါပါတယ်။ ခုပြန်အောက်မေ့ပြီး ပြန်မှတ်မိတာလေးတွေ ထပ်ဖြည့်ရေးတာပါ) မျိုးမြင့်ချို နိုဝင်ဘာ ၂၉၊ ၂ဝ၁၈

(သမန်းဆိတ်)
ခင်ဗျားတို့ “သမန်းကျား” ကြားဖူးတယ်ဟုတ်။ တွေ့တော့ မတွေ့ဖူးဘူးမဟုတ်လား။ ကျနော်လည်း မတွေ့ဖူးပါ။ သမန်းကျားနဲ့ပတ်သက်ပြီး ပထမဆုံးကြားဖူးတာက အိမ်ပြေးရင်း မျက်လှည့်ဆရာနောက်လိုက် ဘင်ထုလူစု ဘဝတုန်းကပါ။ ကျနော့်ဆရာ မျက်လှည့်သမားက တခါတလေ အတည်ပေါက်နဲ့ လူတွေကို ငေါက်လားငန်းလားလေသံနဲ့ “ယောနယ် ဆောနယ် ဂန့်ဂေါနယ်မှာ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ လျှောက်လျှက်ပြောရင်း သမန်းမြစ်ကိုကိုက် နောက်ဂျွမ်းပစ် ကျားဖြစ်”ဘာညာတွေလည်း ပါတာပေါ့။ သူလည်း အဲ့ဒီသမန်းကျားကို တွေ့ဖူးတာတော့ မဟုတ်ပါဘူး။ ရုပ်ရှင်လူကြမ်းမင်းသား သမန်းကျားကိုမြင့်တော့ လူချင်းမသိတောင် ကြားတော့ကြားဖူးကြမှာပါ။ 


ဒီ အနောက်ဘက်နဲ့ ဥရောပဘက်မတော့ သမန်းဝံပုလွေဆိုတာရှိတယ်ဗျ။ ဘယ်သူမှတော့ တွေ့ဖူးတယ်မကြားမိပါဘူး။ ကျနော် တခေါက် ပင်န်ဆယ်လ်ဗေးနီးယားဘက်က တောင်တန်းကြီးတွေကြား လူသူအရောက်အပေါက်နည်းတဲ့၊ လွန်ခဲ့တဲ့ နှစ် ၂ဝဝ လောက်က အမေရိကန် လူဖြူတွေ နေနည်းကားအတိုင်း နေထိုင်စားသောက် မွေးမြူရေးလုပ်ကြတဲ့ နေရာတွေဘက်ရောက်ခဲ့တယ်။ နေကြတာကလည်း တအိမ့်တအိမ် တခြံ့တခြံက မိုင်နဲ့ချီဝေးတာ၊ ဟိုင်းဝေးတွေနဲ့လည်းဝေးတော့ တိတ်ဆိတ်ပြီ နေလို့ကောင်းတယ်။ မိုးလင်းမိုးချုပ် သဘာဝ အသံတွေပဲကြားနေရတာ။ ကျနော်က ၅ ရက်လောက်ကြာတယ် အဲ့ဒီမှာနေခဲ့တာ။ ခန မို့လို့လားမသိဘူး ပျော်စရာကောင်းတယ်။ 

ကျနော်တည်းတဲ့အိမ်က လင်မယားက ဟစ်ပီဟောင်းတွေပါ။ ပညာတတ်တွေပါ။ တကိုယ်လုံး တက်တူးတွေနဲ့။ အသက်တွေက ၆ဝ ဝန်းကျင်တွေ။ ဥစား နို့သောက် အသားမစားတဲ့ အိုဗိုလက်တို ဗက်ဂျီတေယီယန်းတွေ။ အရက်မသောက်ပေမယ့် ညနေစောင်း ခြံထဲက ပြန်တက် ရေမိုးချိုးပြီးတာနဲ့ မလိုင်တက်ပြီး ပျစ်နေအောင်ကျိုထားတဲ့ ဆိတ်နို့ခွက်ကြီးဘေးချ၊ မုန့်အချိုတွေ ပန်းကန်ပြားကြီးထဲထည့်၊ ၆ဝ-၇ဝ ကာလများဆီက ခေတ်စားတဲ့သီချင်းတွေကို ဂစ်တာနဲ့တီးဆိုလိုက် ဆေးခြောက်လေးရှူလိုက် နှုတ်ခမ်းတဝိုက် မလိုင်ဖတ်တွေကပ်တဲ့အထိ ဆိတ်နို့တွေသောက်လိုက် မလိုင်မုန့်ချိုတွေမြည်းလိုက်နဲ့  (၂)နာရီစာလောက် ထမင်းမေ့ဟင်းမေ့ လောကမေ့နေတော့တာပဲ။ တအိမ်လုံး ဆေးခြောက်နံ့တွေလှိုင်လို့၊ မျက်လုံးတွေလည်း ရီဝေလို့၊ ဂီတသံရယ်မောသံနဲ့ အေးအေးချမ်းချမ်းမို့ ကြည်နူးစရာပါ။ ပူတဲ့ရာသီတွေဆို ကိုယ်တုံးလုံးနီးပါး နေကြသတဲ့။ ကျနော်ရောက်ချိန်က အေးနေလို့တော်သေးတယ်။ ဆေးဝါးဆိုလည်း ဗိန္ဓောဆေးတွေပဲ ကိုယ်တိုင်ဖော်စပ် သုံးကြတယ်။ 

ဆိတ်တွေသိုးတွေလည်း မွေးကြတယ်။ လိမ်မာလွန် သိုးကျောင်းခွေးကြီးတွေလည်း မွေးထားကြတယ်။ ဆိတ်နို့ကလုပ်တဲ့ Goat Cheese နဲ့ လက်လုပ်ဂျုံနဲ့ အိမ်ဖုတ် ခရမ်းချဉ်သီးကြက်သွန်နီကပ် ပေါင်မုန့်ကြီးတွေအပါအဝင် ဓာတုဆေးဝါးအပြုအပြင်မပါတဲ့ အစားတွေ အတူထိုင်စား ကြတာလည်း အရသာတမျိုးပါ။ ညဆို အိမ်လှော်ထောင်း ကော်ဖီခွက်ကိုယ်စီနဲ့ ထင်းတုံးရှို့မီးလင်းဖိုကြီးရှေ့မှာ။ တခါတလေ ဧည့်သည်တွေလည်း ပါတတ်တယ်။ 

တည စကားပြောကြရင်း သမန်းဝံပုလွေအကြောင်း စကားစပ်မိကြတယ်။ အိမ်ရှင်က သမန်းဝံပုလွေ တကယ်ရှိရှိတယ်လို့ သူထင်တဲ့ အကြောင်း စကားခံပြီး “လွန်ခဲ့တဲ့ ၆ နှစ်လောက်က သူ့သိုးတွေ မကြာမကြာ တောကောင်အကိုက်ခံရကြောင်း တကောင်မှတော့ ပါမသွားဖူးကြောင်း၊ ကုတ်ရာခြစ်ရာတွေနဲ့ ဒဏ်ရာတွေဘာတွေရတာမျိုး မျက်လုံးထွက်သွားတာမျိုး ပေါင်လိုနေရာက အသားတွေ အကွင်းလိုက်ကြီး ပဲ့ပါသွားတာမျိုးတွေလောက်ပဲရှိကြောင်း၊ စွပ်ကြောင်းနဲ့ ခြေရာနဲ့ချေးကိုကြည့်တော့ ဝံပုလွေလို့သူထင်ကြောင်း။ ဒါပေမယ့် ဝံပုလွေဆိုလည်း အုပ်နဲ့နေရမှာဖြစ်ကြောင်း၊ အနည်းဆုံး ၂ ကောင်တော့ နေရမှာဖြစ်ကြောင်း။ ခုက လာလာဆွဲတိုင်း တကောင်စာခြေရာပဲ တွေ့ကြောင်း။ လာတတ်တဲ့လမ်းကြောင်းမှာ လင့်ထိုးပြီး ညလုံးပေါက် သေနတ်ကိုင်ထိုင်စောင့်လည်း တခါမှမမိကြောင်း။ သိုးတွေကတော့ ပုံမှန်လိုလို အကိုက်ခံနေရကြောင်း၊ သူ့မှာ ဒီလောက်ကောင်းတဲ့ သိုးထိန်းခွေးတွေရှိတဲ့ကြားက အဲ့သလိုဖြစ်တာဆိုတော့ သူလည်း ဖီလင်ငုတ် ကြောင်း၊ သူများပြောလို့ ခြေသလုံးအိမ်တိုင် ပယောဂဆရာခေါ်ပြီး မန်းခိုင်းမှုတ်ခိုင်းလည်း မပျောက်ကြောင်း။ ဒါပေမယ့် နောက်တော့ ဘယ်ကဘယ်လို ဖြစ်တယ်မသိ ပျောက်သွားတော့ကြောင်း စတာတွေ တနံတလျားပြောပြတယ်။ 

မနက်ကျရင် အဲ့တုန်းက သမန်းဝံပုလွေအကိုက်ခံရပြီး စိတ်ဖေါက်ပြန်သွားတဲ့ ဆိတ်သိုးကြီးကို ပြမယ်လို့ပြောပြီး စကားဝိုင်း လက်စသတ်ဖို့ လုပ်နေတုန်း ကျနော်က “ဆိတ်က ဘယ်လို စိတ်ဖေါက်ပြန်သွားတာလဲ”ဆိုတော့ “အဲ့ဒီကစပြီး ဘယ်ဆိတ်မနဲ့မှ မိတ်လည်း မလိုက်တော့ဘူး။ အရောတဝင်လည်း မနေတော့ဘူး။ ဆိတ်မတွေ သားတောင်းလို့ သူ့နားလာကပ်ရင် စိတ်တွေတိုပြီး လိုက်ခွေ့ရင်ခွေ့ မခွေ့ရင် ဆိတ်မတွေ သားတောင်းသလို သူလည်းသားတောင်းတဲ့အသံနဲ့အော်ပြီး ဆိတ်မတွေဆီ အတင်းပြေးတော့တာပဲ။ ဆိတ်မတွေကလည်း သူ့ကြည့်ပြီးလန့်နဲ့။ တခြံလုံးဝုန်းဒိုင်းကြဲပဲ။ နောက်ဆုံး တခြားဆိတ်သိုးတစ်ကောင် ထပ်ဝယ်ပြီး ဆိတ်မတွေနဲ့ထား၊ သူ့ကိုတော့ တစ်ကောင်တည်းသတ်သတ် ခွဲထားလိုက်ရတာပေါ့ကွာ။ ဒါပေမယ့် အဖော်မရှိတော့ သူ့ခမျာ သနားစရာကွာ။ အချိန်ရှိသမျှ အော်ချည်းနေတော့တာပဲ။ တခါတလေ အော်ရင်း အသံတွေပြာ မျက်ရည်တွေ နှာရည်တွေပါကျနဲ့ကွာ သနားစရာပဲ။ လူလိုပဲ။ ဒါနဲ့ တို့လည်း သူနဲ့မွေးဘက် သူ့ညီမအရင်း ဆိတ်မလေးနဲ့ အတူထားပေးလိုက်တော့မှ ငြိမ်သွားတော့တာ။ မိတ်တော့ မလိုက်တော့ဘူး။ ဟိုကောင်မလေးလည်း သားတောင်းချိန်က ခြံကျယ်ထဲက ဆိတ်သိုးအသစ်နဲ့ သား သွားစပ်၊ ပြီးရင် သူနဲ့ပြန်ထား၊ သူနဲ့နေရင်း ဇီးရင့်ကလေးမွေးပေါ့ကွာ။ သူ့ညီမမွေးသမျှ ကလေးတွေတော့ သူအတော်ချစ်ပုံပဲ။ ပုံမှန်ဆို ဒီ ဆိတ်အမျိုးအစား ဆိတ်သိုးဆိုတာက သူ့သားအရင်းဖြစ်ပေ့စေ ဆိတ်ထီးလေးတွေဆိုရင် မွေးကင်းစတောင် ရန်ရှာတတ် ရန်လိုတတ်တယ်ကွ။ ခုတော့ သူက သူ့တူတွေ တူမတွေနဲ့ လုံးထွေးနေတာကွ။ တခါတလေများ လျှက်တောင် ပေးလိုက်သေးတယ်” လို့ပြောပြီး စကားဝိုင်းသိမ်းတယ်။

မနက်ကြတော့ သမန်းဝံပုလွေအကိုက်ခံ ဆိတ်သိုးကြီးနဲ့ သူ့နှမလေးကို သွားကြည့်ကြတယ်။ ခု ခင်ဗျားမြင်တာ သူပဲ။ သူ့ကြည့်ရင်း လိင်အင်္ဂါနဲ့လိင်စိတ်ပြောင်းမှုတွေအကြောင်းတောင် တွေးမိသေးတယ်။ ကျနော်ကတော့ သူ့ကို သမန်းဆိတ်လို့ နံမည်ပေးရင်ကောင်းမလား တွေးမိတာပါပဲ။
မျိုးမြင့်ချို(နိုဝင်ဘာ ၂၉၊ ၂ဝ၁၄)

0 comments:

Post a Comment