Tuesday, November 27, 2018

(မျိုးဖျက်သမားတို့ရဲ့ မျိုးစောင့်ဥပဒေ)

0 comments
(မျိုးဖျက်သမားတို့ရဲ့ မျိုးစောင့်ဥပဒေ)
ဗုဒ္ဓသာသနာဝင်မဟုတ်တဲ့လူတွေကို နှိပ်ကွပ်လိုက်မဟဲ့ဆိုပြီး စစ်အုပ်စုနဲ့ဘုန်းကြီးဆိုးတွေ လက်ဝါးရိုက်ပြဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေ (၄)ခု ထဲက တခုဖြစ်တဲ့ တလင်တမယားဥပဒေကို သင့်လျော်တဲ့အခါဖျက်ပေးဖို့ မေမေ့ပန်းပုဆရာ သာသနာရေးဝန် စစ်ဗိုလ်ဟောင်းသူရအောင်ကို က မြိုင်ကြီးငူအသုဘကနေ မဘသကို လှမ်းအချက်ပြ ဆော်သြလိုက်တာတွေ့ရပါတယ်။ တနည်းပြောရရင် ဘုန်းကြီးဆိုးတွေဘက်ကသာ မီးစိမ်းပြပေးပါ၊ ဖျက်တာက တပည့်တော်တို့တာဝန်ထားပါလို့ဆိုတာပါပဲ။ သူ့အကြောင်းပြချက်က ဒီဥပဒေကြောင့် ရာနဲ့ချီထိကုန်ကြတာ ဒီ့ပြင် ဘာသာဝင် တယောက်မှမပါဘဲ  ဗုဒ္ဓသာသနာဝင်တွေထဲက မြန်မာလူမျိုးတွေချည်းဖြစ်နေလို့ပါတဲ့။

ဒီဥပဒေပြဌာန်းတုန်းက သိန်းစိန်အစိုးရ ရွှေမန်းလွှတ်တော်နဲ့ ဘုန်းကြီးဆိုးဂိုဏ်းတွေ တက်ညီလက်ညီလှော်ပြီး၊ ပြတဲ့အကြောင်းက မြန်မာ အမျိုးသမီးတွေကို ဘာသာခြားများအန္တရာယ်မှ ကာကွယ်ဖို့လို့ဖြစ်ပါတယ်။ အဓိကပစ်မှတ်ကတော့ အစ္စလာမ်ဘာသာဝင်တွေကိုနှိပ်ကွပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ စကတည်းက ဘာသာတခုခုကို ဦးတည်ပစ်မှတ်ထားပြီး အငြှိုးတကြီးနဲ့ပြဌာန်းခဲ့မှန်းသိလို့ အတွေးအသိအမြင် ရပ်တည်ချက်မှန်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းကောင်းရဟန်းမြတ်တွေပါမကျန် ထောင့်စုံဘက်စုံတွေကနေ အချက်အလက် ဝေဝေဆာဆာနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်နေတဲ့ကြားကပဲ ရွှေမန်း ဂုတ်ခွစီးထားတဲ့လွှတ်တော်က ကြံ့ဖွံ့နဲ့စစ်အမတ်တွေအားကိုယူပြီး ဇွတ်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ (ကျနော်လည်း အတော်များများ ရေးခဲ့ပြောခဲ့ပါတယ်။ ယဉ်ယဉ်ကျေးကျေးရော ကြမ်းကြမ်းတမ်းတမ်းပါ ပြောခဲ့တာဖြစ်ပါတယ်)

အဲ့ဒီရည်ရွယ်ချက်နဲ့ ပြဌာန်းခဲ့တာမှန်ပေမယ့် တောက်လျှောက်ဖုံးကွယ်ခဲ့တာပါ။ ခုမှ ကိုယ်ပစ်တဲ့မြားကိုယ်ပြန်ထိသလိုလိုပြောပြီး အဲ့ဒီတုန်းကလည်းတာဝန်ရှိ အခုလည်းတာဝန်ရှိတဲ့ သူရအောင်ကိုက ဖြောင့်ကွယ် ကွယ်ပြီးဝန်ခံသွားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့သန္ဓေပါ ဉာဉ်ဆိုးအရ မရိုးဖြောင့်သူတွေဆိုတော့“ဟိုလူတွေကိုမထိပဲ ဗုဒ္ဓဘာသာဝင်တွေကိုပဲ ထိနေလို့ပါဘုရား”လို့ အကြောင်းပြတယ်။ ဟိုလူတွေသာထိနေရင် ဒီဥပဒေဖျက်ဖို့မပြောနဲ့ တိုးပြီးတောငိ တင်းကျပ်မယ့်သဘောဟာ ဗူးပေါ်သလိုပေါ်သွားပါတယ်။

ဒါနဲ့တင်မရပ်ဘူး ဟိုလူတွေက မိန်းမလေးငါးယောက်ယူ ကလေးတွေ နင်းကန်မွေးနေလို့ နောက်နှစ် သုံးလေးငါးဆယ်ဆို ဗုဒ္ဓဘာသာယုံကြည် သူဟာ လူနည်းစုဖြစ်ကုန်တော့မှာပါဆိုပြီး တဘက်လှည့်နဲ့ရန်တိုက် ရင်း ခြောက်လုံးပါထွင်ပါတယ်။ ခြောက်လုံးဆိုတာက “လူနည်းစု”ဆိုတဲ့ စကားကြောင့် ကောက်ယူလို့ရတာပါ။ စစ်အုပ်စုဟာ သမိုင်းကြောင်းတလျှောက်လုံး ဗမာလူမျိုးကြီးဝါဒကိုင်ပြီး လူနည်းစုလူမျိုးစုမှန်သမျှကို ဘက်ပေါင်းစုံကနေ နည်းပေါင်းစုံသုံးပြီး နာလန်မထူအောင်နှိပ်ကွပ်ဖိစီးထားတာပါ။ သူတို့သာ “လူနည်းစု”ဖြစ်သွားလို့ကတော့ ဟိုလူမျိုးတွေ ဟိုဘာသာဝင်တွေက ဗမာတွေကို ပြန်နှိပ်ကွပ်တော့မှာဘဲလို့ ခြောက်လုံးထွင်ပြီး ဗမာလူမျိုးစုဝင်တွေကို လှန့်လိုက်တာဖြစ်ပါတယ်။ ပြည့်ဝ မှန်ကန်တဲ့ ဖက်ဒရယ်ပုံစံတည်ဆောက်ပြီး လူမျိုးစုံ ဘာသာစုံ ယဉ်ကျေးမှုပေါင်းစုံ တန်းတူရည်တူအခွင့်အရေးတူတဲ့ ပြည်ထောင်စုမှာ သူတို့ စစ်အုပ်စုအုပ်စိုးသလို တိုင်းပြည်ကိုအုပ်ချုပ်လို့မရပါဘူး။ ပြည်သူက ခွင့်မပြုပါဘူး။ ခု လုပ်လို့ရနေတာက အတုအယောင်တွေချည်း ဖြစ်နေဆဲမို့လို့ပါ။

နောက်တခုက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမဆန်အောင်ရက်စက်ယုတ်မာခဲ့မှုကိုဖုံးကွယ်ပြီး “တပည့်တော်တို့က နိုင်ငံတကာ ဖိအားတွေကို သတိထားပြီး အမြင်မစောင်းအောင် နေ နေရပါတယ်ဘုရား”ဆိုပြီး အားငယ်ချင်ယောင် ကြောက်ချင်ယောင်ဆောင်ပြီး မဘသအား ယူဖို့ ပစ်တဲ့လေသံပါ။ အဲ့သလို အယောင်ဆောင်တာတောင်မှ နှစ်ထပ်ကွမ်း မရိုးမဖြောင့်ထပ်လုပ်ပါသေးတယ် “အဲ့ဒီနိုင်ငံတွေက စီးပွားရေးပိတ်ဆို့လာရင် အထည်ချုပ်သမလေးတွေအလုပ်ပြုတ်ပြီး ဒုက္ခတွေရောက်ကုန်ကြတော့မှာဘုရား”ဆိုပြီး ဆင်းရဲသားအလုပ်သမား ထုနဲ့ကွယ်ပြီး သူတို့အကျိုးစီးပွားကို ကာသွားပြန်ပါတယ်။ ဒါ သာသနာရေးဝန် သူရအောင်ကိုဆင်တဲ့အကွက်၊ ထွင်တဲ့ခြောက်လုံးလှန့်လုံး၊ ကိုယ်ကျိုးစီးပွားကာတဲ့ အခင်းအကျင်းပါ။

ဒီ ဘာသာရေးလူမျိုးရေးပစ်မှတ်ထား ရန်ငြှိုးထားပြဌာန်းတဲ့ မျိုးစောင့်ဥဒေတွေဆိုတာ နဂိုကတည်းက မရှိသင့်တာဖြစ်ပါတယ်။ တလင်တမယားစနစ်ဟာ လူတယောက်ယောက်ဟာ တကြိမ်တည်းမှာ အိမ်ထောင်ဘက် ၂ ယောက် မရှိစေဖို့ ဓလေ့ထုံးတမ်းတွေနဲ့ တားမြစ်ကန့်သတ်ထားပြီး လူတွေကို လက်တွေ့ကျင့်သုံးစေတာဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းဆိုပေမယ့် ခေတ်သစ်ယဉ်ကျေးမှုတွေ ထွန်းကားတဲ့နိုင်ငံ အတော်များများမှာ လူအများစုက လက်ခံကျင့်သုံးနေဆဲ လွှမ်းမိုးနေဆဲဖြစ်တာကို ဘယ်သူမှ ငြင်းမရပါဘူး။ ဒီစနစ်ဟာ လူတယောက်ဟာ တကြိမ်မှာ အိမ်ထောင်ဘက် တယောက်ကိုသာ တရားဝင်လက်ထပ်ခွင့်ပေးဖို့ ဖြစ်ပါတယ်။ လူ ၂ ယောက်ကြားမှာ ဘဝတသက်တာ အတူနေကြမယ်ဆိုတဲ့သဘော ကတိကဝတ်နဲ့ချည်နှောင်ကြတာပါ။ ဒီလို တရားဝင်ယူကြပြီးမှ ကွဲကြချင်သပဆိုရင် သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ လင်ခန်းမယားခန်းပြတ်စဲတာ၊ မယားစရိတ် ကလေးစရိတ် ထောက်ပံ့ရေးတွေ သတ်မှတ်တာ၊ ၂ ဦး လက်ထက်ပွားပစ္စည်း ခွဲဝေခန်းတွေလုပ်ရတာပါ။ နာစေ သာစေဆိုတဲ့သဘောမဖက်ပဲ သတ်မှတ်တဲ့ Penalty ပေးပြီး ပြတ်စဲကြလို့ရပါတယ်။ နောက်အိမ်ထောင် ထူထောင်တာ မထူထောင်တာကတော့ မိမိဆန္ဒအလျှောက်ဖြစ်ပါတယ်။ တယောက်ပြီးတယောက် ယူလိုက်ပြတ်စဲလိုက် လုပ်လည်း ရပါတယ်။ ဒါကို serial monogamy လို့ခေါ်ပါတယ်။

အမေရိကန်မှာလည်း လူဟာ တကြိမ်မှာ ဇနီးတယောက် ခင်ပွန်းတယောက်သာ တရားဝင်လက်ထပ်ထိမ်းမြားလို့ရပါတယ်။ လင်ရှိရက် မယားရှိရက်နဲ့ Boyfriends, Girlfriends ထားတာတွေကတော့ ထားလို့ရပါတယ်။ ထားကြသူတွေလည်းရှိပါတယ်။ တရားဝင်သာယူလို့ မရတာပါ။ ယူရင် ဥပဒေကြောင်းအရ အပြစ်ပေးတာခံရပါတယ်။ အသက်အရွယ်ပြည့်ပြီး၊ စိတ်အခြေအနေပုံမှန်ရှိ၊ မိမိဘာသာဆုံးဖြတ်နိုင်တဲ့ အနေအထားရှိသူမှန်ရင် မိမိခန္ဓာကိုယ်ကို မိမိပိုင်ပါတယ်။ ကိုယ့်ဘာသာ ဆုံးဖြတ်ခွင့်ရှိသလို ဖြစ်လာတဲ့အကောင်းအဆိုးမှန်သမျှလည်း ကိုယ့်ဘာသာပဲ တာဝန်ယူရတာပါ။ ဒါ့ကြောင့် အမေရိကန်မှာ လင်ခိုးမှုတို့ မယားခိုးမှုတို့မရှိသလို၊ ကျမသာလျှင်မယားကြီးလို့ သတင်းစာထဲ ထည့်ကြေငြာစရာလည်း မလိုပါ။ လူတွေကို တသီးပုဂ္ဂလလွတ်လပ်ခွင့်တွေ ပေးထားတယ်။ မိမိရဲ့အတိုင်းအတာအလိုက် ဆင်ခြင်တုံတရား အလိုက် တာဝန်ယူမှုအလိုက် အဲ့ဒီအခွင့်အရေးတွေကို အပြည့်အဝယူကြဖို့လည်း အားပေးပါတယ်။ တပြိုင်တည်းမှာ ဥပဒေနဲ့လည်း ထိန်းကျောင်းတည့်မတ် ပေးထားပါတယ်။ စစ်အုပ်စုဝါဒဖြန့်သလို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ပေါက်လွှတ်ပဲစားနိုင်ငံမဟုတ်ပါဘူး။

ဒီလိုပြဌာန်းထားတာ ဒီလိုဥပဒေထားပေးထားတာဟာ လူမျိုး တမျိုးမျိုးကို၊ ဘာသာ တဘာသာသာကို ဦးတည်ပစ်မှတ်ထား ရန်ငြှိုးထားပြီး လုပ်ထားတာ မဟုတ်ပါဘူး။ ဖြူဖြူမည်းမည်း၊ ညိုညိုဝါဝါ၊ ဘာသာရှိရှိမရှိရှိ ဒီတိုင်းပြည်နေလူအားလုံး လိုက်နာဖို့ပါ။ ဥပဒေတခုတည်း အောက်မှာ တပြည်ထဲနေသူအားလုံးကို ဆွဲသွင်းထားတာပါ။ အဲ့ဒီအထဲမှာ သမ္မတလည်း ပါပါတယ်။

အခု တချို့နိုင်ငံတွေမှာ Polygamy လို့ခေါ်တဲ့ လင်အများ မယားအများယူတာကိုခွင့်ပြုဖို့ တောင်းဆိုနေသူတွေလည်း ရှိပါတယ်။ ဒါလည်း တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုပေမယ့် သူ့အခြေအနေနဲ့သူကိုက်ညီရင် အများလက်ခံတဲ့ဥပဒေနဲ့အညီ ဖြစ်ရင်လည်း ဖြစ်လာ နိုင်ပါတယ်။ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်တောင် ပဒေနဲ့အညီ ခွင့်ပြုလာကြပြီမဟုတ်လား။ ဒါတွေအပေါ်မှာ အမြင်အမျိုးမျိုးတွေ ကွဲပြားနိုင်ပါတယ်။ မိမိလည်း ကွဲပြားစွာမြင်လို့ရသလို တပါးသူရဲ့ကွဲပြားတဲ့အမြင်ကိုလည်း လေးစားဖို့လိုပါတယ်။

မိမိ မနှစ်သက်တာကို ဆန့်ကျင်လို့ရသလို မိမိနှစ်သက်တာကိုထောက်ခံလို့လည်း ရပါတယ်။ ဒါက လူတယောက်ချင်းစီရဲ့အခွင့်အရေး ဖြစ်သလို လူ့အခွင့်အရေးလည်းဖြစ်ပြီး နိုင်ငံသားအခွင့်အရေးလည်းဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို အစိုးရတွေက တာဝန်ခံပေးရပါတယ်။ အစိုးရတွေက ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝအာမခံသလို ဥပဒေနဲ့လည်းကာကွယ်ပေးရပါတယ်။

ကျနော်တို့ဖြစ်ချင် လိုချင် တည်ဆောက်ချင်တဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုလူ့အဖွဲ့အစည်းဖြစ်သလဲ၊ အဲ့သလိုလူ့အဖွဲ့အစည်းမျိုးပဲ ကနော်တို့ ရကြမှာပါ။ ကျနော်တို့ ဘယ်လိုအစိုးရမျိုးလိုချင်လဲ၊ အဲ့လိုအစိုးရမျိုးပဲ ကျနော်တို့ရမှာပါ။ ဒီနေရာမှာ ကျနော်သုံးတဲ့ “ကျနော်တို့” ဆိုတာက နိုင်ငံသား အများတကာ့အများစုကြီးကို ရည်ညွှန်းတာဖြစ်ပါတယ်။

ခုဗမာပြည်စစ်အုပ်စုဟာ အာဏာလက်ဝေခံ၊ နိုင်ငံရေးနို့သက်ခံအစိုးရကို ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့မွေးပြီး လူထုကိုစီးပိုး၊ တိုင်းပြည်ကို စိုးမိုးထားနေဆဲ ပါပဲ။ စစ်အုပ်စု (ဘယ်သဏ္ဍန်နဲ့ရှိရှိ)ရှိနေသရွေ့ သူတို့ဒဏ်ကို တိုက်ရိုက်ရော သွယ်ဝိုက်ပါ တိုင်းပြည်က ခါးစည်းခံနေကြရမှာပါ။ ဒီတော့ ကျနော်ပြောတဲ့ “ကျနော်တို့”တွေ ကျနော်တို့လိုချင်တဲ့နိုင်ငံပုံစံ၊ ကျနော်တို့လိုလိုချင်တဲ့လူ့အဖွဲ့အစည်း၊ ကျနော်တို့လိုချင်တဲ့အစိုးရမျိုး ဖြစ်ထွန်းလာဖို့ ကျနော်တို့တွေ ခုထက်ပိုအားထုတ်ကြရမှာပါဘဲ။
မျိုးမြင့်ချို(နိုဝင်ဘာ ၂၇၊ ၂ဝ၁၈)

0 comments:

Post a Comment