Wednesday, November 28, 2018

(အမေရိကားပြည်ထောင်စုမှာ တရားဝင်အိမ်ထောင်ပြုမယ်ဆို) မျိုးမြင့်ချို

0 comments
(အမေရိကားပြည်ထောင်စုမှာ တရားဝင်အိမ်ထောင်ပြုမယ်ဆို)
အမေရိကပြည်ထောင်စုမှာ မိဘသဘောတူညီချက်မလိုပဲ မိမိဆန္ဒအလျှောက် အိမ်ထောင်ပြုနိုင်တဲ့အသက်အရွယ် သတ်မှတ်ချက်ဟာ တပြည်နယ်နဲ့တပြည်နယ် ကွဲပြားပါတယ်။

ပြည်နယ် ၅ဝ အနက် ၄၈ ပြည်နယ်မှာတော့ အနည်းဆုံး အသက် ၁၈ နှစ်ပြည့်တဲ့ မိန်းမယောက်ျားမဟူ မိဘသဘောတူညီချက်မလိုဘဲ အိမ်ထောင်ပြုလို့ရပါတယ်။
နီဘရားစကားပြည်နယ်မှာတော့ ၁၉ နှစ်ရောက်မှ အိမ်ထောင်ပြုခွင့်ရှိပြီး မစ်စစ္စပီပြည်နယ်မှက ၂၁ နှစ်ကျမှ အိမ်ထောင်ပြုလို့ရပါတယ်။

သတ်မှတ်ထားတဲ့အသက်တော့ မပြည့်ဘူး ဒါပေမယ့် မနေနိုင်တော့ပါဘူးဆိုရင် မိဘများသဘောတူညီချက်နဲ့ ပြုလို့ရတာလည်းရှိပါတယ်။ ကယ်လ်ဖိုးနီးယား၊ ကော်လိုရာဒို၊ ကင်န်တပ်ကီ၊ လူဝီဇီးယားနား၊ တက္ကဆက်စ်ပြည်နယ်တွေမှာ မိဘတွေသဘောတူတယ်ဆို ဘယ် အသက်အရွယ်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ရပါတယ်။

အဲ့ဒီပြည်နယ်တွေထဲကမှ ကင်န်တပ်ကီပြည်နယ်မှာဆို တရားသူကြီးတယောက်ယောက်က သဘောတူတယ်ဆိုလည်း ပြုလို့ရပြီး တက္ကဆက်စ်မှာတော့ ယောက်ျားလေး အသက် ၁၄ နှစ်အောက် မိန်းကလေး အသက် ၁၃ နှစ်အောက်တွေတော့ ဘယ်သူသဘောတူတူ လက်ထပ်လို့ကိုမရပါဘူး။

အိုင်ဒါဟိုး၊ အလီနွိုင်း၊ အိုင်အိုဝါး၊ မိန်း၊ မစ်ချီဂန်၊ မင်နီဆိုးတား၊ နီဗားဒါး၊ နူးယော့ခ်(စီးတီးမဟုတ်ပါ၊ ပြည်နယ်ကိုပြောတာပါ)၊ မြောက်ဒါကိုတာ၊ ဗားမွန့်တ်၊ ဝစ္စကွန်ဆင်န်၊ ဝေါ်ရှင်တန်ဒီစီတို့မှာတော့ အသက် ၁၆ နှစ်နဲ့အထက်ဆို မိဘတွေသဘောတူရင် အိမ်ထောင်ပြုလို့ရပါတယ်။ သဘောက ၁၈ နှစ်မပြည့်ခင်စပ်ကြား မိဘသဘောတူရင် ယူလို့ရပါတယ်။

အလာစကာ၊ အရီဇိုးနား၊ ကနတ်တီကပ်၊ ဖလော်ရီဒါ၊ ဂျော်ဂျာ၊ မေရီလင်န်းဒ်၊ မွန်တားနား၊ နူးမက္ကဆီကို၊ မြောက်ကယ်ရိုလိုင်းနား၊ အိုကလာဟိုးမား၊ ပင်န်ဆယ်လ်ဗေးနီးယား၊ တောင်ဒါကိုတာ၊ တင်န်နက်ဆီ၊ ဗဂျီးနီးယား၊ ဝိုင်ယိုးမင်း စတဲ့ပြည်နယ်တွေမှာတော့ မိဘရော တရားရေးဌာနကရော ၂ ခုလုံးကသဘောတူမှသာလျှင် အသက် ၁၆ နှစ်အောက်တွေ အိမ်ထောင်ပြုလို့ရပါတယ်။
ဟဝိုင်းအီးမှာတော့ မိဘ ဒါမှမဟုတ် တရားသူကြီးတယောက်ယောက်က သဘောတူတယ်ဆို အသက် ၁၅ နှစ်နဲ့အိမ်ထောင်ပြုလို့ရပါတယ်။

အယ်လ်ဘားမားနဲ့ ယူတားပြည်နယ်တွေမှာတော့ အသက် ၁၄ နှစ်နဲ့အိမ်ထောင်ပြုမယ်ဆို မိဘသဘောတူညီချက်ပါမှ ရပါတယ်။
နီဘရားစကားနဲ့ အော်ရီဂွန်တို့မှာတော့ အသက် ၁၇ နှစ်နဲ့အိမ်ထောင်ပြုမယ်ဆို မိဘသဘောတူညီချက်လိုပါတယ်။ 

တခါ မိန်းမ ယောက်ျား အလိုက်တော့လည်း ပြည်နယ်ပေါ်မူတည်ပြီး အိမ်ထောင်ပြုနိုင်တဲ့အသက် သတ်မှတ်ချက်တွေ ကွဲပြားတာရှိပြန်ပါတယ်။ နူးဟမ့်ပ်ရှိုင်းယား ပြည်နယ်မှာ မိဘများသဘောတူတယ်ဆို ယောက်ျားလေး ၁၄ နှစ်နဲ့အိမ်ထောင်ပြုလို့ရပြီး မိန်းကလေးကျ ၁၃ နှစ်ဆိုရပါပြီ။ ကင်န်းဆပ်နဲ့ မက်ဆာချူးဆက်စ်ပြည်နယ်တွေမှာတော့ မိဘတွေသဘောတူရင် ယောက်ျားလေး အသက် ၁၄ နှစ်၊ မိန်းကလေးဆို ၁၂ နှစ်နဲ့တင် ပြုလို့ ရပါတယ်။

အာကင်န်ဆော၊ ဒဲလ်ဝဲယား၊ အင်ဒီယားနား၊ မစ်ဇူရီ၊ နူးဂျာဇီ၊ အိုဟိုင်းယိုး၊ ရို့ဒ်အိုင်းလင်န်းဒ်၊ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာတော့ ကိုယ်လေးလက်ဝန်ရသွားလို့ ဒါမှမဟုတ် မီးဖွားရမှာမို့လို့ဆိုတဲ့သဘောတူညီခွင့်ပြုချက်ပါရင် အသက်ပြည့်ပြည့် မပြည့်ပြည့် အိမ်ထောင်ပြုလို့ ရနိုင်ပါတယ်။

ကိုယ်က အိမ်ထောင်တော့ပြုချင်တယ် ပြုမယ်လို့လည်းတွေးနေတယ် ဒါပေမယ့် ကိုယ့်ပြည်နယ်ရဲ့ တရားဝင်အိမ်ထောင်ပြုနိုင်တဲ့ အသက်အရွယ် သတ်မှတ်ချက်တွေ စည်းမျဉ်းတွေကိုလည်း သိတ်မရေရာဘူးဆိုရင်တော့ မိသားစုရေးရာကိစ္စလိုက်တဲ့ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်သင့်ပါသတဲ့။ သူတို့က ခင်ဗျားကို နတ်လမ်းညွှန်နိုင်သလို လျှောက်လွှာတွေဘာတွေ တင်ဖို့လိုရင်လည်း ကူညီညာပေးနိုင်ပါတယ်တဲ့။

ကဲ ဘယ်လိုလဲ ဒီလာပြီး တအိုးတအိမ်ထူထောင်ကြမလား။(အကြမ်းဖျဉ်းသဘော သိရအောင်လေး ပြောပြတာပါ။ ဗမာပြည်မှာလည်း အသက် ၁၈ နှစ်ပြည့်ပြည့် မပြည့်ပြည့် အိမ်ထောင်ပြုနိုင်တယ်ဆိုလား အဲ့ဥပဒေကို ပြည်သူ့လွှတ်တော်ကအတည်ပြုပြီး အမျိုးသားလွှတ်တော်ကို တင်ထားတယ်ကြားတယ်။ အမျိုးသားလွှတ်တော်ကပါ ထောက်ခံတယ်ဆို ဒီဥပဒေအသက်ဝင်သွားမှာပါ။ အမျိုးသားလွှတ်တော်က သဘောမတူဘူးဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်တင် မဲခွဲဆုံးဖြတ်မယ့်သဘောရှိပါတယ်။ ဒါက သူ့ဆရာနဲ့သူ့ဒကာမို့ ကြားက ငထွားလည်း ခါးမနာချင်ပါ။ အမေရိကပြည်ထောင်စုမှာတော့ ဂလိုဗျလို့ မောင်းထုလိုက်တာပါ) မျိုးမြင့်ချို(နိုဝင်ဘာ ၂၈၊ ၂ဝ၁၈)  

0 comments:

Post a Comment