Friday, November 30, 2018

လူထု ဒေါ်အမာ၏ဘဝနှင့် စာပေရက်စွဲများ

0 comments
လူထု ဒေါ်အမာ၏ဘဝနှင့် စာပေရက်စွဲများ
 ၁ဝ၃နှစ်​​မြောက်​ အ​မေ လူထု​ဒေါ်အမာ​မွေး​နေ့ တောင်​​လေးလုံး​ကျောင်းတိုက်​ အမှတ်​တရ
၁၉၁၅ - မန္တလေးမြို့၊ ဂုန္ထာန်ရပ်၊ အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ နိုဝင်ဘာ ၂၉၊ တနင်္လာနေ့တွင် မွေးဖွားခဲ့၊ မွေးချင်း ၁၂ ယောက်ရှိပြီး စတုတ္ထသမီး။ အမည်ရင်း အမာ။
၁၉၂ဝ - ၂၃ - တရုတ်တန်း အမျိုးသမီးနေရှင်နယ်ကျောင်းတွင် ဒုတိယတန်းအထိ ပညာသင်ခဲ့။
၁၉၂၃ - ၃၁ - အမျိုးသမီးနေရှင်နယ်ကျောင်းပျက်၍ တတိယတန်းမှ နဝမတန်းအထိ ABM ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့။
၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းမှ ဆယ်တန်းအောင်။
၁၉၃၃ - ၃၅ - မန္တလေး ဥပစာကောလိပ် ဓာတု၊ ရူပ၊ သင်္ချာဘာသာတွဲယူ။
၁၉၃၆ - ရန်ကုန်တက္ကသိုလ် ဘီအေအောက်တန်းတက်ရောက်ခဲ့။ အင်းလျားဆောင် သဟာယနှင့်စာဖတ်သင်း အတွင်းရေးမှူး၊ ဒုတိယကျောင်းသားသပိတ်ကြီးတွင် ပါဝင်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမား ဂျာနယ်တို့တွင် ဝတ္ထု ဆောင်းပါးများရေး။ ကြီးပွားရေး ဦးလှနှင့် စတင်သိကျွမ်း။ ကြီးပွားရေးမဂ္ဂဇင်း၌ `ခင်လဝင်း´၊ `မြမဉ္ဖူ´ ကလောင်အမည်များနှင့် ရေးသားခဲ့။
၁၉၃၇ - ဘီအေ နောက်ဆုံးနှစ်စာမေးပွဲ ကျရှုံးပြီး ကျောင်းထွက်။ မန္တလေးမြို့တွင် မြန်မာစက္ကူဆိုင်ဖွင့်။
၁၉၃၈ - Maurice Collis ၏ Trials in Burma ကို ` မြန်မာပြည်တွင်စစ်ဆေးခဲ့သော အမှုအခင်းများ´ အမည်နှင့် မြန်မာပြန်၍ ထုတ်ဝေ။
၁၉၃၉ - ကြီးပွားရေးဦးလှနှင့် ၁၃ ရက် နိုဝင်ဘာတွင် လက်ထပ်။
၁၉၄ဝ - Maurice Collis ၏ Sandamala ကို `စန္ဒမာလာ´ အမည်နှင့် နှစ်တွဲခွဲမြန်မာပြန် ထုတ်ဝေ။
၁၉၄၂ - ၄၄ - ဒုတိယကမ္ဘာစစ်ကြီးအတွင်း `ကပိုင်ရွာ´သို့ ခေတ္တပြောင်းရွေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်။
၁၉၄၅ - လူထုဂျာနယ်(ဇူလိုင်) ထုတ်ဝေသည့်အခါ လက်ထောက်အယ်ဒီတာ။ Ashihei Hino ၏ War and Soldier အပိုင်း(၄)မှ Wheat and Soldier ကို ဂျုံနှင့်စစ်သား အမည်ဖြင့်၊ Wanda Wasilewska ရဲ့ The Rainbow ကို နှစ်ပိုင်းခွဲကာ `သက်တန့်ရောင်´အမည်ဖြင့် မြန်မာပြန် ထုတ်ဝေ။
၁၉၄၆ - လူထု သတင်းစာ(၁၉၊ ဧပြီ) စတင်ထုတ်ဝေသည့်အခါ အယ်ဒီတာအဖွဲ့ဝင်။ `ဖခင်အောင်နိုင်´ကလောင်ခွဲဖြင့် `နိုင်ငံရေး ဆွေးနွေးခန်း´ ပင်တိုင်ဆောင်းပါးရှင်။
၁၉၄၇ - လူထုဦးလှနှင့်အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေသည့် ဖဆပလအဖွဲ့၏ အာဘော်နှင့်ထပ်တူ ရေးသားတိုက်ပွဲဝင်ခဲ့။
၁၉၄၉ - လူထုသတင်းစာနှင့် ကြီးပွားရေးပုံနှိပ်စက်များတည်ရှိရာ အဆောက်အဦကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရ။ Gunther Stein ရဲ့The Challenger of Red China ကို `ကွန်မြူနစ်တရုတ်ပြည် အင်အားပြိုင်ပွဲ´ အမည်ပေးကာ နှစ်ပိုင်းခွဲဘာသာပြန် ထုတ်ဝေ။
၁၉၅ဝ - (၂၄၊ ဧပြီ၊ ၁၉၄၉) တွင် ပိတ်ထားခံရသည့် လူထုသတင်းစာကို (၁၊ နိုဝင်ဘာ)တွင် ပြန်လည်ထုတ်ဝေ။ (မေ၊ ၁၉၄၆) တွင် ရပ်နားခဲ့သည့် လူထုဂျာနယ်ကို (၁၊ သြဂုတ်) တွင် ပြန်လည်ထုတ်ဝေ။ သမ္မတဟိုချီမင်း အတ္ထုပတ္တိစာအုပ် ပြုစုထုတ်ဝေ။
၁၉၅၃ - ၇၊ ဇွန်လတွင် ကမ္ဘာ့ဒီမိုကရက်တစ် အမျိုးသမီးညီလာခံ (ကိုပင်ဟေဂင် )၊ ၁၅၊ ဇွန်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ(ဟန်ဂေရီ၊ ဘူဒါပတ်)၊ ၂၅၊ ဇူလိုင်တွင် ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့်ကျောင်းသားပွဲတော်(ရူမေးနီးယား၊ ဘူခါရက်ခ်)တို့ကို တက်ရောက်။ Archie John Stone ၏ In the Name of Peace ကို `ငြိမ်းချမ်းရေးသို့´အမည်ပေးကာ ဘာသာပြန်ထုတ်ဝေ။ လူထုဦးလှ ပုဒ်မ ၅ နှင့် အဖမ်းခံရသဖြင့် လူထုသတင်းစာခေါင်းကြီးများအား တာဝန်ခံရေးသား။
၁၉၅၉ - ၁၂ ရက် မတ်လတွင် လူထုသတင်းစာ ချိတ်ပိတ်ခံရ။
၁၉၆ဝ - မေ ၁ဝ ရက်တွင် လူထုသတင်းစာ ပြန်ထွက်ရှိ။
၁၉၆၂ - ဖေဖော်ဝါရီ ၃ တွင် အေရိုဖလုတ်လေကြောင်းဖွင့်ပွဲတွင် သတင်းစာဆရာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရသဖြင့် မော်စကိုသို့ သွားရောက်ခဲ့။ အပြန်တွင် အရှေ့ဂျာမဏီ၊ ချက်ကိုစလိုဗက်ကီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ လှည့်လှည်။
၁၉၆၃ - ဥရောပခရီးများကို `ဆိုရှယ်လစ်တိုင်းပြည်များသို့´အမည်ဖြင့် စာအုပ်ပြုစုထုတ်ဝေ။ C.Wright Mills ၏ Listen Yankees ကို `အို ယန်းကီးတို့´၊ Anna Lewis Strong ၏ Cash and Violence in Laos ကို `ငွေနှင့် လက်နက်´ အမည်ပေးကာ ဘာသာပြန်ထုတ်ဝေ။
၁၉၆၄ - ပြည်သူချစ်သော အနုပညာသည်များ ပြုစုထုတ်ဝေ။ ထိုစာအုပ်ဖြင့် ၁၉၆၄ ခုနှစ် စာပေဗိမာန် `အနုပညာဆိုင်ရာစာပေ ပထမဆု ရရှိခဲ့။
၁၉၆၆ - Edgar Snow ရေးသားသည့် The other side of the River ကို `ဘဝချင်းမတူသည့် တရုတ်ပြည်´ အမည်ဖြင့်ဘာသာပြန် နှစ်တွဲခွဲ ထုတ်ဝေ။
၁၉၆၇ - ၇ ဇူလိုင် တွင် လူထုသတင်းစာ ရပ်စဲခံရ။ `အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး´စာအုပ် ရေးသားထုတ်ဝေ။
၁၉၆၉ - `ရွှေရိုးဘကလေး´ နှစ်တွဲခွဲထုတ်ဝေ။ ကာတွန်းဘကလေး ၏ `ရွှေတလေး ကာတွန်းများ´ကို ဖြည့်စွက်အမှာရေးသားထုတ်ဝေ။
၁၉၇ဝ - `ရွှေမန်းတင်မောင်´စာအုပ် ပြုစုထုတ်ဝေ။ မတ်လ ၃ ရက်တွင် ကျင်းပသော ကွန်သာယာ စာတမ်းဖတ်ပွဲတွင် `ဗမာ့ဖန်ကျီ လုပ်ငန်း´ စာတမ်းဖတ်။
၁၉၇၁ - မန္တလေး ဓမ္မဗိမာန်တွင် `ကနေ့ ဗမာ့သဘင်´ စာတမ်းဖတ်။
၁၉၇၂ - မန္တလေးနိုင်ငံတကာ စာအုပ်နှစ် စာတမ်းဖတ်ပွဲတွင် `ကမ္ဘာ့အကြီးဆုံးစာအုပ်´ စာတမ်းဖတ်။
၁၉၇၃ - `အငြိမ့်´ စာအုပ် နှစ်တွဲ ထုတ်ဝေ။ `ကမ္ဘာ့အကြီးဆုံးစာအုပ်´ ထုတ်ဝေ။
၁၉၇၄ - ` ကမ္ဘာ့အကြီးဆုံးစာအုပ်´ကို ဒေါက်တာသန်းထွန်းမှ ` The World Biggest Book´ အမည်ဖြင့် အင်္ဂလိပ်ဘာသာပြန်ဆို ထုတ်ဝေ။
၁၉၇၅ - `ရွှေဒေါင်းတောင်´ ဆောင်ပါးများစာအုပ် ထုတ်ဝေ။
၁၉၇၆ - `ဆရာကြီး သခင်ကိုယ်တော်မှိုင်း´ စာအုပ်ထုတ်ဝေ။ ၁၉၊ သြဂုတ် ဟံသာဝတီသတင်းစာ စနေစာဖတ်ဝိုင်း စာတမ်းဖတ်ပွဲတွင် `အတ္ထုပတ္တိစာပေ´ စာတမ်းဖတ်။
၁၉၇၈ - သြဂုတ်လ ၂၁ တွင် လူထုဦးလှ၊ သား ကိုငြိမ်းချမ်း (ညီပုလေး)တို့နှင့်အတူ ၁ နှစ် ၁ လ ၁ ရက် ကြာ အထိန်းသိမ်းခံရ။
၁၉၇၉ - သြဂုတ်လ ၂၂ တွင် အထိန်းသိမ်းခံရာမှပြန်လွတ်ပြီး Chester Ronning ၏ A Memoir of China in Revolution ကို ` တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်သိသမျှ´နှင့် ဘာသာပြန် ထုတ်ဝေ။
၁၉၈၂ -သြဂုတ်လ ၇ တွင် နှစ်ပေါင်း ၄၃ နှစ်ကြာ ပေါင်းသင်းလာခဲ့သည့် ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်။
၁၉၈၃ - `လူထု ချစ်သမျှ လူထုဦးလှ´ စာအုပ်ထွက်ရှိ။
၁၉၈၄ - မတ်လ ၄ ရက်တွင် မန္တလေးမီးကြီးအတွင်း ကြီးပွားရေးစာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံ၊ စာအုပ်သိုလှောင်ရုံများ မီးလောင်ဆုံးရှုံး။
၁၉၈၅ - နိုဝင်ဘာ ၂၉ တွင် ကျရောက်သည့် အသက် ၇ဝ ပြည့်မှ စတင်ကာ အမရပူရ၊ တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲများ နှစ်စဉ်ကျင်းပ။ `ချင်းတွင်းမှပင်လယ်သို့´ စာအုပ်ထုတ်ဝေ။
၁၉၈၉ - မေ ၂၇ တွင် ` ပြည်သူချစ်သောအနုပညာသည်များ´ စာအုပ်ငွေရတုပွဲအား တောင်လေးလုံးကျောင်းတွင် ကျင်းပ။ `မြန်မာ့ မဟာဂီတ´ ၊ `အာဖရိက ဝတ္ထုတိုများ´စာအုပ်များ ထုတ်ဝေခဲ့။
၁၉၉ဝ - လူထုဦးလှနှင့် ပူးတွဲရေးသားသည့် `ဆေးလိပ်နဲ့ လူသား´ စာအုပ်ထုတ်ဝေ။
၁၉၉၁ - ဓနမဂ္ဂဇင်းတွင်ရေးသားခဲ့သည့် ဆောင်းပါးများကိုစုစည်း၍ `မန္တလေးသူ မန္တလေးသားများ´ အမည်ဖြင့် စာအုပ်ထုတ်ဝေ။
၁၉၉၂ - ရနံ့သစ်မဂ္ဂဇင်းတွင် ´ ဇမ္ဗူဒီပါ အောင်ထွန်း´ ကလောင်ခွဲဖြင့် နိုင်ငံတကာဆောင်းပါးများ ရေးသားခဲ့။ `ထိုင်းဝတ္ထုတိုများ(၁)´ စာအုပ်ထုတ်ဝေ။
၁၉၉၃ - မဂ္ဂဇင်းများတွင်ရေးသားခဲ့သည့် မန္တလေးဆိုင်ရာဆောင်းပါးများကို စုပေါင်း၍ `ရတနာပုံ မန္တလေး၊ မန္တလေး၊ ကျွန်မတို့ မန္တလေး´ စာအုပ်ထုတ်ဝေ။ `ထိုင်းဝတ္ထုတိုများ(၂) စာအုပ်ထုတ်ဝေ။
၁၉၉၄ - `သာသနာ့တန်ဆောင် ဆရာတော်ကြီးများ´စာအုပ်ထုတ်ဝေ။ `ရွှေဒေါင်းတောင်ဆောင်းပါးများကို ဂျပန်ဘာသာနှင့်ပြန်ဆို ထုတ်ဝေ။ ပြန်ဆိုသူမှာ ဂျပန်အမျိုးသမီး Yasuko Dobashi (မြန်မာအမည် ဒေါ်ယဉ်ယဉ်မြ) ဖြစ်ပြီး ထုတ်ဝေသည့်စာအုပ်တိုက်မှာ Shinjuku Shobo Co,Ltd ၊ စာအုပ်တန်ဖိုး ယန်း ၂၇၁၈။ အသက် ၇၉ နှစ်ပြည့်မွေးနေ့ အမှတ်တရအဖြစ် `ကျွန်မတို့ငယ်ငယ်က´ ကိုယ်ရေးအတ္ထုပတ္တိစာအုပ်ကို ရေးသားထုတ်ဝေ။
၁၉၉၅ - မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်းသားဟောင်းများ ဦးစီးထုတ်ဝေသည့် ၇၅ ကြိမ်မြောက် အမျိုးသားနေ့စိန်ရတု အထိမ်းအမှတ်မဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ `ကမ္ဘာ့အကြီးဆုံးစာအုပ်´အား ၅ ကြိမ်မြောက် ထုတ်ဝေခဲ့။
၁၉၉၆ - ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်´ စာအုပ်ပြုစုထုတ်ဝေခဲ့။
၁၉၉၇ - `မြန်မာ့ခေတ်သစ်ပန်းချီ´ စာအုပ်။ `တောင်လေးလုံးမှ နတ်ကျွန်းထိ´စာအုပ်များ ထုတ်ဝေခဲ့။ ဒီဇင်ဘာတွင် `ပြည်သူချစ်သော အနုပညာရှင်များ´ပဉ္စမအကြိမ်၊`အမေ့ရှေးစကား´ပထမတွဲ စာအုပ်များထုတ်ဝေခဲ့။
၁၉၉၈ - ` ၈၃ နှစ် ၈၃ ခွန်း´ လက်ကမ်းစာစောင် ပြုစုထုတ်ဝေ။ ၈၃ နှစ်ပြည့် မွေးနေ့ပွဲကို တောင်လေးလုံးကျောင်းတွင် ပြုလုပ်ခဲ့။ မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီး၏ ဦးဆောင်နာယကအဖြစ် ဆောင်ရွက်။
၁၉၉၉ - ` တောင်အာရှ ပြတင်းပေါက်များ ဝတ္ထုတိုစု´ ။ `ကျွန်တော်တို့ မန္တလေးက မန္တလေးတောင်´စာအုပ်ထုတ်ဝေခဲ့။
၂ဝဝဝ - `အမေ့ရှေးစကား ဒုတိယတွဲ´ စာအုပ်ထုတ်ဝေခဲ့။
၂ဝဝ၁ - ` ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့´ စာအုပ် ပြုစုထုတ်ဝေခဲ့။
၂ဝဝ၂ - ငွေနှင့်လက်နက် (ဒုတိယအကြိမ်)၊ ၊ ဆေးလိပ်နှင့်လူသား (လူထုဦးလှနှင့်) ဒုတိယအကြိမ်၊ `၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့ အညာ´ စာအုပ်များ ထွက်ရှိခဲ့။
၂ဝဝ၃ - `မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ´(တတိယအကြိမ်)၊ `လွမ်းသူ့စာ´စာအုပ်များ ထွက်ရှိ။
၂ဝဝ၄ `ချင်းတွင်းမှပင်လယ်သို့´ (ဒုတိယအကြိမ်)၊ ` သက်တန့်ရောင်´(ဒုတိယအကြိမ်)၊ `မြန်မာ့ မဟာဂီတ´(ဒုတိယအကြိမ်)၊ `စာအုပ်ဆိုင်က လူဝင်လူထွက် အတွေးအမြင်ဆောင်းပါးများ ထွက်ရှိ။
၂ဝဝ၅ - နိုဝင်ဘာ ၂၉ တွင် အသက် ၉ဝ ပြည့်မွေးနေ့ပွဲအား တောင်လေးလုံးကျောင်းတွင် ကျင်းပ( တောင်လေးလုံးကျောင်းတွင် နောက်ဆုံး ကျင်းပသော မွေးနေ့ပွဲလည်း ဖြစ်သည်)။ အငြိမ့် နှစ်တွဲပေါင်း ဒုတိယအကြိမ် ထွက်ရှိ။
၂ဝဝ၆ - ဧပြီတွင် မြမဉ္ဖူ ဝတ္ထုတိုများ ထုတ်ဝေ။ နိုဝင်ဘာ ၂၉ အသက် ၉၁ နှစ်ပြည့်မွေးနေ့ပွဲအား သမီးကြီး ဒေါ်သန်းရင်မာ နေအိမ်တွင် ကျင်းပ။
၂ဝဝ၇ - နိုဝင်ဘာ ၂၉ အသက် (၉၂)နှစ်ပြည့်မွေးနေ့ပွဲအား အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သံဃာအပါး ၁ဝဝဝ ကျော်အား ကိုယ်တိုင် ဆွမ်းကပ်လှူဒါန်း။ အမေ့ရှေးစကား တတိယတွဲအား ထုတ်ဝေ။
၂ဝဝ၈ - ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီ ၃၇ မိနစ်တွင် ကွယ်လွန်။
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂ဝဝ၉ နိုဝင်ဘာလထုတ်မှ ကူးယူဖော်ပြသည်)
#ခရက်ဒစ်-copy-မင်းနဒီခ ထံမှ
https://www.facebook.com/maung.nioo/posts/2369241833104448

0 comments:

Post a Comment