Friday, November 30, 2018

(Popular Politics သို့မဟုတ် ကြိုက်လုံးပစ်နိုင်ငံရေး အလုပ်မဖြစ်) မျိုးမြင့်ချို

0 comments
(Popular Politics သို့မဟုတ် ကြိုက်လုံးပစ်နိုင်ငံရေး အလုပ်မဖြစ်)
ကိုလိုနီခေတ်လည်လောက်ကစပြီး ဗမာပြည်သားတွေထဲ လောကဓာတ်ပညာတတ်တွေ တဖြည်းဖြည်း တိုးသထက်တိုးလာတယ်။ သူတို့ကို ကိုလိုနီယန္တယားကြီးကို ပြန်အလုပ်အကြွေးပြုဖို့ ဘယ်လိုပဲရည်ရွယ်ရည်ရွယ် အမျိုးဘာသာ သာသနာခေါင်းစည်းနဲ့ နယ်ချဲ့သမားကို စွမ်းသလောက်အန်တုအာခံခဲ့ကြတာလည်း အဲ့ဒီ ကိုလိုနီပညာတတ်တွေပဲ မဟုတ်လား။ ကိုလိုနီခေတ်နှောင်းကာလမှာ ကိုလိုနီစနစ်ကြီးကို ဒုက္ခပြန်ပေးနိုင်ခဲ့တာလည်း အဲ့ဒီကိုလိုနီပညာတတ်တွေပဲ မဟုတ်လား။ ကျွန်ပညာရေးနဲ့ အမျိုးသားပညာရေးကိုအစားထို့ဖို့ စွမ်းစွမ်းတမံ ကြိုးစား လုပ်ဆောင်ခဲ့ကြတာမှာလည်း သူတို့ပါခဲ့ကြတာမဟုတ်လား။ ဗမာ့လွတ်လပ်ရေးအတွက် အတွေးအခေါ်အရရော လက်တွေ့အရရော ဦးဆောင်သမှုပြုခဲ့တာလည်း အဲ့ဒီ ကိုလိုနီပညာတတ်တွေပဲ မဟုတ်လား။ အင်္ဂလိပ်ကိုပြန်ချဖို့ အင်္ဂလိပ်လိုတတ်မှဖြစ်မယ်၊ အင်္ဂလိပ်လိုပဲရှိတဲ့ လောကဓာတ်ပညာတွေတတ်ဖို့ အင်္ဂလိပ်စာကိုဆည်းပူးရမယ်၊ အင်္ဂလိပ်တွေတည်ထွင်ထားတဲ့ စက်မှုပညာတွေကို အင်္ဂလိပ်လိုလေ့လာမှ ဖြစ်မယ်လို့တွေးခဲ့ကြ လုပ်ခဲ့ကြသူတွေထဲမှာ ခေတ်မမီပါဘူးလို့ဆိုတဲ့၊ ပဒေသရာဇ်အတွေးအခေါ်ရှိတဲ့ မင်းညီမင်းသားတွေ အမှူးအမတ်တွေ အများကြီးရှိခဲ့ကြတာလည်း အထင်အရှားပဲ။

တပြိုင်တည်းမှာပဲ အင်္ဂလိပ်စာပေနဲ့ ဘာသာစကားဟာ မိစ္ဆာဒိဌိတွေ၊ ဘာသာခြား၊ လူမျိုးခြားတွေဟာမို့လို့ မဆည်းပူးမသင်ယူအပ်ဖူးလို့ တလွဲအတွေးအခေါ်နဲ့၊ ခေတ်နောက်ပြန်ဆွဲအယူအဆနဲ့ တိုင်းပြည်ပတ်ပြီး မှိုင်းတိုက်ခဲ့ကြသူတွေထဲမှာ ဘုန်းကြီးစာတတ်တွေနဲ့ လူပညာယှိ ဆိုသူတွေက ထိပ်ဆုံးကပါနေတာ သတိထားမိကြမှာပါပဲ။ ဒီနေရာမှာ ဘုန်းကြီးစာတတ်ဆိုတာ “ဘုန်းကြီးစာ“တတ်တဲ့ ရဟန်းတွေကို ပြောတာပါ။ လူပညာယှိဆိုတာက ဘုန်းကြီးစာသက်သက်လောက်တတ်ပြီး လောကဓာတ်ပညာနဲ့ကမ္ဘာ့အရေးအရာတွေ ခေတ်မီရေးအတွေး အခေါ်တွေဘာမှမရှိတဲ့ အသက်ကြီးကြီးလူတွေကိုပြောတာပါ။ အဲ့ဒီ “အင်္ဂလိပ်စာမသင်နဲ့” ဖြစ်ရခြင်းရဲ့အရင်းခံဟာ နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးလို့ဆိုတာတော့ လူတိုင်းလက်ခံပါတယ်။ ဒါပေမယ့် ခက်တာက အဲ့ဒီဘုန်းကြီးတွေနဲ့ အဲ့ဒီလူတွေဟာ နယ်ချဲ့အင်္ဂလိပ်ကို မုန်းတဲ့နေရာက ထပ်မတက်နိုင်တော့ဘူး။ အမုန်းတရားထက် ပိုမဟောတတ် မပြောတတ်ဘူး။ ဒီ့ထက်ပို မတွေးတတ်မခေါ်တတ်ကြတော့ဘူး။ အင်္ဂလိပ်ကို လူတွေမုန်းသွားအောင်ပဲ ပြောတတ်ဟောတတ်တယ်။ ဒီ့ထက်ပိုတဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း မရှိတတ်ကြဘူး။ ရှိတဲ့သူ တယောက်စနှစ်ယောက်စ တပါးစနှစ်ပါးစကြတော့လည်း လက်တွေ့နယ်ချဲ့တော်လှန်ရေးမှာ ဖက်ဆစ်တော်လှန်ရေးမှာ လိုက်ပါနိုင်စွမ်း မရှိကြဘူး။

ခုလည်း အဲ့လိုလူတွေနဲ့ဘုန်းကြီးတွေ တခေတ်ပြန်ထလာတာ တွေ့ရပါတယ်။ ထူးခြားတာက ကျောင်းမှာ ဘာသာရပ်တိုင်းကို ဗမာလို သင်သင့်တယ်ပြောတဲ့လူက ခေတ်ပညာ သာမန်လောက်တတ်သူတွေတင်မက ပါရဂူမြောက် ဘွဲ့ရထားသူလည်း ပါနေတာပါ။ ဘုန်းကြီးတချို့ ပါနေကတော့ ထားပါတော့။ နားလည်ပေးလို့ ရပါသေးတယ်။ သူ့ဟာသူ ဘုန်းကြီးစာနဲ့ ပါရဂူဘွဲ့ အခုတရာယူထားလည်း သူ့အသိဟာ ခေတ်မီ အတွေးအခေါ်နဲ့ လောကီအကျိုးသက်သက် ဆောင်ကျဉ်းလိုသူတွေလို သိတာမှမဟုတ်တာ။ ဘာလို့ ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ ပဒေသရာဇ်စော်ညှော်တဲ့ အညှော်တွေကို တိုင်းပြည်ကို အတူတူလာတိုက်နေကြသလဲကို နားလည်ယူရတာမှာလည်း လူနဲ့ဘုန်းကြီး ခွဲကြည့်မြင်ကြည့်လို့ရပါတယ်။

ဘာသာတရားဆိုတာ ပဒေသရာဇ်ခေတ်ရဲ့အတွေးအခေါ် မဟုတ်လား၊ ဘုန်းကြီးတွေဆိုတာက ယုံကြည်မှုအရ၊ ဘာသာဦးဆောင်မှုအရ ဒီပဒေသရာဇ်အတွေးအခေါ်ကို ဖြန့်ဖြူးပေးကြသူတွေ မဟုတ်လား။ သူတို့ထဲက ခေတ်မီရေးအတွေးအခေါ်ရှိတဲ့ ကိုယ်တော်တချို့မှတပါး အများစုခေါင်းထဲမှာ အတွေးထဲမှာ စိတ်ထဲမှာ ပဒေသရာဇ်အတွေးအခေါ်ပဲ လွှမ်းမိုးရမှာပေါ့။ ကြီးစိုးရမှာပေါ့။ လူကြတော့ ခေတ်ပညာလည်း တတ်ပါလျှက်နဲ့ ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တင်လာကတည်းက သူ့မှာ တခုခု အကျိုးစီးပွားရှိနေလို့လား၊ အဲ့ဒီအကျိုးစီးပွားဟာ နိုင်ငံရေးအရလား၊ ပညာပြပြီး နေရာရချင်တာလား၊ ပဒေသရာဇ်အညှော်တိုက်နေတဲ့ဘုန်းကြီးတွေကို မျက်စပြစ်ပြပြီး အာစရိယဂုဏော လုပ်ရင်း အနန္တောအနန္တထဲက မထွက်ချင်တာလား စတာတွေကတော့ တွေးစရာတွေပါ။

ခုဖြစ်နေတာက မဘသ အမည်ခံပြီး အမုန်းမီးတွေမွှေး လူသတ်လုယက် အကြမ်းဖက်မှုတွေလုပ်တဲ့နေရာမှာ ကံ ၃ ပါးလုံးနဲ့ကျူးလွန်နေတဲ့ ဘုန်းကြီးဆိုးတွေနဲ့ ခုနပြောတဲ့ ခေတ်နာက်ပြန်ဆွဲဘွဲ့ရတွေ အယူအဆအရ တစိတ်တပိုင်းတော့ အဟပ်မိနေတာလည်း တွေ့ရတယ်။ လူအကောင်လိုက်ကြီးတွေ တွဲဖို့ပြင်တာတော့ ထင်ထင်ရှားရှား မတွေ့ရသေးဘူး။ အဲ့သလိုလုပ်နေကြရာမှာ Popular Politics ခေါ်တဲ့ “ကြိုက်လုံးပစ်နိုင်ငံရေး“ထဲက အာဏာရှိတဲ့ကောင်ပါ ပေါင်းမိသွားရင် တိုင်းပြည်ဟာ ခုထက်ပို ဗြောင်းဆန်မှာပဲ။ ခုထက်ပို ခေတ်နောက်ပြန် ဆွဲမှာပဲ။ ခုထက်ပို ကမ္ဘာ့အလည်မှာ မျက်နှာငယ်ရမှာပဲ။ ခုထက်ပို လူလုံးမလှဖြစ်ရမှာပဲ။ ခုထက်ပို လူတွေ ဆင်းရဲဒုက္ခရောက်ကြရမှာပါပဲ။ ခုလည်း ကမ္ဘာတလွှားမှာ အဲ့ဒီ Popular Politics ကိုင်ပြီး အာဏာထဲဝင်လာတာ အမေရိကန်သမ္မတက အစ ဘုစုခရုနိုင်ငံလေးတွေအဆုံးထိ မြင်ရပါတယ်။ အဲ့ဒီ ကြိုက်လုံးပစ်နိုင်ငံရေးနဲ့ အဲ့ဒီနိုင်ငံရေးသမားတွေကြောင့်ပဲ လူမျိုးရေး ဘာသာရေးမီးတွေ ဟုန်းဟုန်းတောက်နေကြတာပါ။

ကျနော်တို့အားလုံး အဲ့လိုတွေဖြစ်မလာအောင် ခေတ်ပညာတတ်တွေထဲကနဲ့ ဘုန်းကြီးတွေထဲက ခေတ်မီရေးအတွေးအခေါ်ရှိတဲ့၊ ခေတ်ကို ကမ္ဘာကြည့် ကြည့်မြင်နိုင်စွမ်းတဲ့ပုဂ္ဂိုလ်တွေ ဆထက်ထမ်းပိုးပေါ်ထွန်းလာအောင်နဲ့ ပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်တွေကို ချီးမြှင့်မြှောက်စားပြီး နေရာနဲ့လုပ်ပိုင်ခွင့်တွေ အပ်နှင်းနိုင်အောင် လုပ်ရမှာပါ။ အဲ့သလို လုပ်ဖို့ဆို အာဏာပိုင်တွေဟာ တနည်းပြောရရင် အစိုးရဟာ တကယ် “အစိုးရ“တဲ့သူဖြစ်ဖို့လိုရုံမက “လောကီဓမ္မသတ်အစိုးရ“ Secular Government ဖြစ်မှရပါလိမ့်မယ်။ ဖြစ်အောင်လည်း ဝိုင်းလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ လောကီဓမ္မသတ်နဲ့အုပ်ချုပ်တဲ့ တကယ်အစိုးရတဲ့ အစိုးရအစစ်မျိုးကို ကြိုက်လုံးပစ်နိုင်ငံရေးထဲမှာ ရှာလို့တော့ ရဖို့ ခဲယဉ်းနေဦးမှာပါပဲ။
(မှတ်ချက် Popular Politics ကို “ကြိုက်လုံးပစ်နိုင်ငံရေး“၊ Secular Government ကိုလည်း “လောကီဓမ္မသတ်အစိုးရ“ လို့ ထွင်သုံးကြည့်တာပါ။ ဘာသာပြန် ကိုက်တယ်လို့ထင်ရင် အကြိုက်လည်းညီတယ်ဆိုရင် ယူသုံးကြပါ)
မျိုးမြင့်ချို။ နိုဝင်ဘာ ၃ဝ။ ၂ဝ၁၈

0 comments:

Post a Comment