Sunday, November 18, 2018

သတိပြုမိတာကြောင့် သတိပေးရပါတယ်(မျိုးမြင့်ချို)

1 comments
(သတိပြုမိတာကြောင့် သတိပေးရပါတယ်)
မနေ့ကနဲ့ ဒီနေ့ ၂ ရက်ပေါင်းမှာ ကျနော့်ဖရင်န်းဒ်လစ်ထဲက မိတ်ဆွေ ၃ ဦး ကနေ ကျနော့်ဆီကို မက်ဆေ့ဂ်ျဘောက်စ်ကနေ Youtube ဗီဒီယိုလင့် ၃ ကြိမ်ပို့ပါတယ်။ ပထမ ၂ ကြိမ်တော့ ကျနော်ဖွင့်မကြည့်ဖြစ်ပါ။ စိတ်ထဲ မသင်္ကာသလိုလို ဘာလိုလိုဖြစ်တာကြောင့်ပါ။ ဒီမိတ်ဆွေတွေဟာ တခါမှ ကျနော့်ဆီ ဒီလို ပို့လေ့ပို့ထမရှိတာက အဓိကပါ။

ဒီမနက်တော့ ကို Lumaw Latt ဆီကနေပို့လာပါတယ်။ Youtube ဗီဒီယိုလင့်ခ်ပါပဲ။ ဒါနဲ့ ဘာများပါလိမ့်လို့ဖွင့်ကြည့်တော့ ကျနော် အင်တာနက်စီကျူရတီ Internet Security က တက်လာပြီး အန္တရာယ်ရှိကြောင်းအသိပေးပြီ သူက ဒီ URL ကို Blocked လုပ်လိုက်တဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ ကိုလူမော်လတ်ကို ချက်ဘောက်စ်ကနေ လှမ်းပြောပြတော့ ကျနော်မပို့ဘူးဗျ..တဲ့။ ဒါဆို တခုခုတော့မှားနေပြီနော်လို့ပြောပြီး ကျနော်လည်း ကျနော့်အကောင့်တ်ကိုပြန်စစ် Password ပြောင်းတာလုပ်ပါတယ်။ စိတ်ချရအောင်လို့ပါ။

ကျနော်က အကောင့်တ်ကို Two Steps Verification လုပ်ထားတော့ ဝင်ပြီးဖျက်တာပြုတာလုပ်ဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် သတိတော့ထားပါတယ်။ ဟိုးအရင်ကလည်း အဲ့ဒါမျိုး တွေကြုံဖူးပါတယ်။ မတူတာက အဲ့တုန်းက ကျနော့်အကောင့်တ်ထဲတိုက်ရိုက်ဝင်ဖို့ လုပ်တာပါ။ ကျနော်က Two Steps Verification လုပ်ထားတော့ ဖေ့စ်ဘွတ်ခ်ကနေ ကျနော့်ဖုန်းကို မက်ဆေ့ဂ်ျပို့ပါတယ်။ Pass Code လှမ်းပို့ပါတယ်။ အဲ့ဒီကုဒ်ကိုသုံပြီးမှ အကောင့်တ်ထဲပြန်ဝင်လို့ရပါတယ်။ ဆိုတော့ ကျနော့်ဖုန်းက ကျနော့်လက်ထဲမှာဖြစ်တော့ တိုက်ရိုက်ဖေါက်ဝင်မယ့်သူအတွက်ခက်ပါတယ်။ ဖုန်းပျောက်သွားဦးတောင် ဂဏန်း ၆ လုံးနဲ့ ဖုန်း Pass code ထားတာမို့ ဖုန်းကိုဖွင့်ဖို့ မလွယ်ကူပါ။ ပြီးတော့ ကျနော်က ဖုန်းကိုအသုံးပြုပြီး ၅ စက္ကန့်ကြတာနဲ့ ပိတ်အောင် Setting မှာ ချိန်ထားပါတယ်။ ဖုန်းပျောက်လို့ ကောက်ရသူလက်ထဲ မရောက်ခင်မှာတင် ဖုန်းက ပိတ်နေလောက်ပါပြီ။

အဲ့သလို တိုက်ရိုက်ဝင်ဖေါက်တာ အကြိမ်ပေါင်း မရေနိုင်လောက်အောင်လို့ မဟုတ်ပေမယ့် အတော့်ကိုများပါတယ်။ ဘယ်အချိန်တွေမှာ အများဆုံးကြုံရသလဲဆိုတော့ စစ်အုပ်စုဆန့်ကျင်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံဆန့်ကျင်ရေးတွေ ရေးပြီပြောပြီ Share လုပ်ပြီဆိုရင် သူတို့ အဲ့လိုလုပ်ကြတော့တာပါပဲ။ ခုထပ်ထူးခြားလာတာကတော့ အင်န်အယ်လ်ဒီနဲ့ဒေါ်စုကို ထောက်ပြဝေဘန်တဲ့စတေးတပ်စ်မျိုး ဆောင်းပါးမျိုးတွေရေးတင်တဲ့အခါ၊ ရိုဟင်ဂျာအရေးရေးရင်ပြောရင် သတင်းလင့်ခ်တွေ Share လုပ်ရင် အရင်နည်းအတိုင်း တိုက်ရိုက်ဖေါက်ဝင်တဲ့နည်းရော အခုလို လင့်ခ်တခုခုပို့ပေးပြီး Password နှိုက်တဲ့နည်းရောသုံးလာပါတယ်။

ဆိုတော့ အရင်ကစစ်အုပ်ကိုပြောရင်ဘဲ ဒုက္ခအပေးခံရပြီး ခုတော့ အင်န်အယ်လ်ဒီနဲ့ဒေါ်စုကိုပြောရင်ပါ တွယ်တယ်ဆိုတဲ့သဘောပါပဲ။ ဒီနေရာမှာပြောချင်တာက စစ်အုပ်စုကလုပ်တာက မဆန်းပါဘူး။ အင်န်အယ်လ်ဒီကို ဒေါ်စုကိုထိပါးလာရင် လုပ်တာကတော့ ဆန်းပါတယ်။ ဆန်းတယ်ဆိုပေမယ့် အဲ့ဒါ အယ်န်အယ်လ်ဒီပါတီက စနစ်တကျစုဖွဲ့ပြီးလုပ်တာလို့၊ ဒါမှမဟုတ် ဟိုးတလောက အင်န်အယ်လ်ဒီအစိုးရက တာဝန်ယူ ဘတ်ဂျက်ချပေးပြီး အင်တာနက်စောင့်ကြည့်ရေးအဖွဲ့လားဘာလား အဲ့ဒီကလုပ်တာလို့၊ ဒါမှမဟုတ် အင်န်အယ်လ်ဒီလိုလားသူ မေမေ့သားသမီးတွေလို့၊ ဒါမှမဟုတ် စစ်တပ်က ပွေးတွေက အင်န်အယ်လ်ဒီကို ထင်ယောင်ထင်မှားဖြစ်အောင် ရန်တိုက်ပေးတာလို့ဆိုပြီး တခုခုကို ယတိပြတ် မပြောနိုင်သေးပါဘူး။ အထောက်အထားရော အချက်အလက်ပါ ကျနော့်ဆီ မရှိသေးပါဘူး။ ရှိတာ သိလာတဲ့တနေ့ကျရင်တော့ ဘယ်သူ့လက်ချက်ဆိုတာ အတိအလင်းပြောပါ့မယ်။

ခုတော့ သတိအတော်ထားပါတယ်။ မိတ်ဆွေတို့လည်း ထားကြပါ။ ဖြစ်နိုင်ရင် အကောင့်တ်တခုတည်းထားပြီး အဲ့တခုကိုပဲ လုံခြုံစိတ်ချရအောင် လုပ်ကြစေချင်ပါတယ်။
ခုထိတော့ ကျနော့်အတွေ့အကြုံရ Two Steps Verification နည်းက အတော်ကောင်းပါတယ်။ လောလောဆယ်မှာတော့ Password တာ ပြန်စစ်ဆေးကြည့်တာတွေလုပ်နိုင်ရင် ကောင်းမှာပါ။ Password ကိုလည်း Capital Letter, Symbol and Number စတာလေးတွေနဲ့ဖြည့်ပေးနိုင်ရင်ပိုကောင်းမှာပါ။ ပိုပြီး Strong ဖြစ်မှာပါ။

လောလောဆယ် ကွန်ပြူတာလည်းမထိခိုက်၊ တယ်လီဖုန်းလည်း အန္တရာယ်မရှိ၊ ဖေ့စ်ဘွတ်အကောင့်တ်လည်း ဒဏ်ရာမရသေးပါဘူး။ တကယ်လို့ ကျနော့်အကောင့်ကနေ အဲ့သလိုမျိုး တခုခုကိုဖွင့်ကြည့်ဖို့ လင့်ခ်ပို့လာခဲ့တယ်ဆိုရင်လည်း ဖွင့်မကြည့်ကြစေချင်ပါဘူး။ ဖြစ်နိုင်ရင် ကျနော်ဆီကိုလည်း ချက်တ်ဘောက်စ်ကနေ ပြောပြစေချင်ပါတယ်ခင်ဗျား။

အဲ့လောက် လုပ်ထားတယ်ဆိုရင်ပဲ ကျနော်တို့အချင်းချင်း တယောက်ကိုတယောက် အထင်လည်းမလွဲရ သင်္ကာတွေလည်းမရှင်းရဘူးပေါ့ဗျာ။
မျိုးမြင့်ချို(နိုဝငဘာ ၁၇၊ ၂ဝ၁၈)

1 comments:

Post a Comment